ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာသုံးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ငါန်းဇွန် သြဂုတ် ၈

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ မြေသားရေကန် အနက်နှိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ပန်းရွာကျေးရွာအုပ်စု၊ နတ်သားတောကျေးရွာနှင့် သူနတ်စစ်ကျေးရွာအုပ်စု၊ သူနတ်စစ်ကျေးရွာတို့၌ ရေကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်၊ ဦးစီးအရာရှိ(နည်းပညာ) ဦးစိုးဝင်းထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါကျေးရွာသုံးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၁၉ ဒသမ ၅၅ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေကို အဆင်ပြေစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)