ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းနိုင်ရေး ပိုးသတ်ဆေးနှင့် ဆေးဖျန်းပစ္စည်းများ မြင်းခြံမြို့နယ်တွင် ထောက်ပံ့

ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးနှင့် ဆေးဖျန်းပစ္စည်းများ တောင်သူများထံ ထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်က မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြင်းခြံမြို့နယ် အေးရွာကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်းက မြင်းခြံမြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားရှိသည့် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ငမြှောင်တောင်ပိုး ဝင်ရောက်ဖျက်ဆီးမှုကြောင့် သီးနှံအထွက်နှုန်း လျော့နည်းကျဆင်းမှု မရှိစေရေးအတွက် ပိုးသတ်ဆေးနှင့် ဆေးဖျန်းပစ္စည်း ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ပိုးသတ်ဆေးဖျန်းရာတွင် ဘေးအန္တရာယ် မဖြစ်စေရေး လိုက်နာရမည့် အချက်များနှင့် ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရာတွင် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။ 

 

 

ထို့နောက် ခရိုင်ဦးစီးမှူး ဦးမြင့်လင်းနှင့် ဝန်ထမ်းများအဖွဲ့က တောင်သူ ဦးခင်ချို၏ အစေ့ထုတ်ပြောင်း စိုက်ခင်းတွင် ငမြှောင်တောင်ပိုး ကျရောက်မှု ဖြစ်ပွားလျက်ရှိသည့် အေးရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာနှင့် ရှားတောကျေးရွာအုပ်စု၊ ပျော်ခင်းသာကျေးရွာမှ တောင်သူများထံ ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုရန် ပိုးသတ်ဆေးဘူးများ၊ ဆေးဖျန်းရာတွင် ဘေးအန္တရာယ် မဖြစ်စေရေး အကာအကွယ်ပစ္စည်းများကို တောင်သူ ၁၃ ဦးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

 

အခမ်းအနားတွင် ပိုးသတ်ဆေးဖျန်းနည်းအား တောင်သူ ဦးခင်ချို၏ အစေ့ထုတ်ပြောင်းစိုက်ခင်းအတွင်း သရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။

 

မြင်းခြံမြို့နယ်အတွင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုမှာ ဧကပေါင်း ၁၂၀ဝ၀ ခန့်ရှိကာ လက်ရှိ ငမြှောင်တောင်ပိုး ကျရောက်မှုမှာ ကျေးရွာပေါင်း လေးရွာမှ စိုက်ဧက ၆၃ ဧကရှိပြီး လက်ရှိတွင် ငမြှောင်တောင်ပိုး ကျရောက်မှုကို စုပေါင်းကာကွယ်နှိမ်နင်းမှု လုပ်ငန်းအနေဖြင့် ၇၅ ရာခိုင်နှုန်းခန့် ကွင်းဆင်းဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်း၏ ပြောပြချက်အရ သိရသည်။

 

 

ရဲဝင်းနိုင် (ညောင်ဦး)