ငှက်တံငါ (ခေါ်) တင်ကျီးငှက်အကြောင်း တစေ့တစောင်း

၆ ဧပြီ

 

ကသာမြို့နယ် ဧရာဝတီမြစ်အတွင်း ရာသီအလိုက် ပြောင်းရွှေ့နေထိုင်တတ်ပြီး နှုတ်သီးကိုအားပြု၍ ရေစပ်ရေ အောက်၌ အဖော်မပါ တစ်ကောင်တည်း ငုပ်၍ ငါးရှာဖွေ စားသောက်ရာတွင် ကျွမ်းကျင်သည့် ငှက်တံငါး ခေါ် တင်ကျီး ငှက်များပျော်ရာ ကသာမြို့နယ် ဧရာဝတီမြစ်တွင် အလွန် လျော့နည်းကျဆင်း လာကြောင်း လေ့လာသိရှိရသည်။

 

တင်ကျီးငှက်သည် မြစ်နှင့်အင်း အိုင်ထဲ၌ လည်းကောင်း၊ သစ်ပင်အမြင့် ၁၅ပေ ၂ဝ ကျော်ရှိ သစ်ကိုင်းများတွင် ကျူရိုး၊ ရေမျော၊ ဒိုက်များဖြင့် ကုက္ကိုပင်၊ မန်ကျည်းပင်၊ သရက်ပင်၏သစ်ခက်များ ဖြင့် အသိုက်အမြုံဆောက်၍ နေတတ် ကြပြီး သားပေါက်ချိန်နီးပါက ပါးပြင် နှစ်ဖက် နံဘေးမှာဖြူးဖွေးနေလျက် အသံမပြုဘဲ နေတတ်သည်။

 

အဆိုပါ ငှက်သည် စလုတ်နှစ်မျိုးရှိ သည့်အတွက် ရေငုပ်ရာတွင် တစ်နာရီ ကြာရေငုပ်နေနိုင်သဖြင့် တင်ကျီးတစ်ဝမ်း၊ ဗျိုင်းတစ်ဝမ်းရှိသော ငှက်ဖြစ်သည်။ ရေပေါ်သို့ ပျံတက်ပါက အတောင်ပံအမွေး ထူသဖြင့် ရင်အုပ်နှင့် ကြွက်သားများကို အားပြုကာ ပြင်းပြင်းထန်ထန် ခတ်၍ ပျံတက်ခြင်းရှိပြီး လမ်းလျှောက်ခြင်းမရှိပေ။ သစ်ပင်များပေါ်သို့ ပျံလျှင် သစ်ကိုင်းကို နိမ့်ချီမြင့်ချီပြုပြီး အားပြုကာ ပျံသန်းကာ ရေစပ်၌ ငါးများ ရှာဖွေစားသောက်လေ့ ရှိသော ငှက်အမျိုးအစား ဖြစ်သည်။

 

ကသာမြို့နယ် အနီးရှိ ဧရာဝတီမြစ် အတွင်း၌ ငှက်မျိုးရင်းတူသော်လည်း အခြားငှက်များနှင့် မတူညီဘဲ လူတို့ စိုက်ပျိုးထားရှိသော သီးနှံများကို ကိုက်ယူ ခြင်း၊ ဖျက်ဆီးခြင်းမရှိပေ။ သဲသောင် ရေစပ်တွင် သီးခြားနေထိုင်ကျက်စားလျက် တစ်ခါတစ်ရံ၌ နှစ်ကောင်တွဲ နေထိုင်ခြင်းရှိသလို တစ်ကောင်တည်း နေထိုင်၍လည်း အစာရှာဖွေစားသောက် တတ်ပြီး ငှက်များစွာနှင့် မတူသဖြင့် ငှက်မုဆိုးဟုလည်း ခေါ်ကြသည်။

 

ကသာမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်သည် ခရီးသွားလုပ်ငန်း ဆောင်ရွက်ကြသော ဒေသတစ်ခုတွင် ပါဝင်သဖြင့် ဧရာဝတီမြစ် အတွင်း၌ ရေဘဲ၊ ဗျိုင်း၊ လင်းဝက်၊ ရေဘုတ်ငှက်၊ မြီးညှောင့်ငှက်၊ မိုးစားငှက်၊ ပျံလွှားငှက်၊ ရေကြက်၊ လင်းမြီးဆွဲငှက်၊ သပိတ်လွယ်ငှက်၊ ဗျိုင်းအောက်၊ ငှက်စိမ်း စသည့်ငှက်များမှာ မြစ်ကမ်း သဲသောင်စပ်များတွင် နေထိုင်လျက်ရှိကြောင်း တွေ့ရသည်။ 

 

အဆိုပါငှက် အများစုမှာ ယခင်က ဧရာဝတီမြစ်မှ နှစ်ကောင်တွဲသော် လည်းကောင်း၊ တစ်ကောင်တည်း သော်လည်းကောင်း သဲသောင်စပ်များတွင် တွေ့ရသည်။ မြစ်ကမ်း ချောင်းကမ်းများ၌ လူနေထူထပ်လာပြီး ဈေးကွက် စီးပွားရေးအရ သီးနှံအဓိကစိုက်ပျိုးရာတွင် အထောက်အကူဆေးဝါးများ သုံးစွဲလာကြသည့်အတွက် တင်ကျီးငှက်များ ဧရာဝတီမြစ်တွင်းသို့ လာရောက်မှု လျော့နည်းလာကြောင်း လေ့လာ ဆန်းစစ်မှုနှင့် စာပေကျမ်းများမှ ပေါင်းစပ်ရေးသား ဖော်ပြလိုက်ပါသည်။ 

 

ငွေအိုး (ကသာ)