ငှက်ကျီးတောင်ရွက် ကြော်ချက်ဟင်းလျာ

၂၅ သြဂုတ်

 

ဈေးထဲမှာဝယ်နေကျ ကုန်စိမ်းရောင်းတဲ့အစ်မကြီးက ရခိုင်စာလေးတွေ ဝယ်သွားဦးလေလို့ နှုတ်ဆက်လို့ကြည့် လိုက်တော့ငှက်ကျီးတောင်ရွက်နုအစည်းလေးတွေကိုတွေ့ရတယ်။ ငှက်ကျီးတောင်ပင်တွေက ရေငန်ဝင်တဲ့ ချောင်းစပ်မြောင်းစပ်နေရာတွေမှာ ချုံတွေလိုပေါက်နေတတ်တာပါ။

 

ရခိုင်ဘက်မှာတော့ ဟင်းလျာအဖြစ် အကြိုက်များကြတယ်။ ရခိုင်ကလာတဲ့ ကုန်စိမ်းတွေမို့ရခိုင်စာရယ်လို့ ဈေး ခေါ်ရောင်းတာဖြစ်ပါတယ်။ငှက်ကျီးတောင်ရွက်နုကလေးတွေကို ရေနွေးဖျောပြီး အတို့အမြှုပ်အဖြစ် စားကြသလို ပါးပါးလှီးပြီးလည်း သုပ်စားကြပါသေးတယ်။တချို့က ဟင်းချိုချက်သောက်ကြပြီးတချို့က ဟင်းလှော်လိုမျိုး၊ ကြော်ချက်လိုမျိုး ချက်စားရတာကို ကြိုက်ကြတယ်။ငှက်ကျီးတောင်ရွက်အရသာက အဖန်ဓာတ်ရှိပြီး ရွက်နုကလေးတွေက အနည်းငယ်ချွဲပါတယ်။ ဒေသထွက်ကုန် သဘာဝအစာတွေဖြစ်လို့ ဘေးဖြစ်စရာ ဓာတ်ကြွင်းမပါဘူးလို့ ရောင်းသူအစ်မကြီးက ပြောပါတယ်။

 

အရွက်ရင့်သွားခဲ့ရင် ငှက်ကျီးတောင်ဆိုတဲ့နာမည်နဲ့လိုက်အောင် တကယ်ပဲငှက်တောင်အကြီးစားတွေနဲ့ တော် တော်လေးကို ဆင်ပါတယ်။ ဘိုကလေးဘက်မှာတော့ မိန်းမလှကျွန်းမှာ ငှက်ကျီးတောင်ပင်တွေ အများအပြား တွေ့ရပြီး မိကျောင်းတွေဥရင် ငှက်ကျီးတောင်ပင်တွေနဲ့ မိကျောင်းဥတဲ့အသိုက်လုပ်ပါတယ်။

 

မိကျောင်းတွေအသိုက်ဆောက်တာကို ဒေသစကားနဲ့ အသိုက်ကိုက်တယ်လို့ သုံးပါတယ်။ဘိုကလေးဘက်မှာက မိကျောင်းတွေကဥချပြီးရင် ငှက်ကျီးတောင်ပင်တွေကို ပါးစပ်နဲ့ကိုက်ပြီး ဥတွေအပေါ်ကို ကောက်ရိုးပုံအငယ်စား လေးတွေလို ဖြစ်အောင်ပုံပြီးအသိုက်လုပ်ကြတာပါ။ ငှက်ကျီးတောင်ပင်တွေက မိုးအခါမှာ အပင်သစ်တွေ သဘာဝအလျောက်ပေါက်ကြတာမို့ ရွက်နုအညွန့်ကလေးတွေကိုခူးပြီး ဟင်းလျာအဖြစ်အတို့အမြှုပ်အဖြစ် စားကြတာပါ။

 

ငှက်ကျီးတောင်ရွက်နုကလေးတွေကိုကြော်ချက် ချက်မယ်ဆိုရင် အရင့်ပိုင်းတွေကိုဖယ် အနေတော်ဖြတ်ပြီး ရေစင်စင်ဆေးထားပါ။ ဟင်းခတ်အဖြစ်ကတော့ ပုစွန်ဆိတ်လေးတွေကို သုံးပါမယ်။ ချက်ဖို့အသင့်ဖြစ်ပြီဆိုရင် တော့ အိုးတစ်လုံးထဲကို အသင့်လှီးထားတဲ့ ငှက်ကျီးတောင်ရွက်တွေထည့်ပြီးကြက်သွန်နီတစ်လုံးလောက် ခပ်ကြမ်းကြမ်းလှီးထည့်၊ မျှင်ငါးပိလက်တစ်ကော်နဲ့ ဆား၊နနွင်း၊ ဟင်းခတ်ပုစွန်ဆိတ် ကလေးတွေနဲ့ အတူဆီ ကလေးပါလေကာဆမ်းပြီး မီးဖိုပေါ်တင်ကာ လုံးချက်ပါတယ်။

 

ဟင်းအိုးအငွေ့တက်ပြီး ဆူသံပေးလာရင်အထက်အောက်နှံ့အောင်မွှေပေးကာ ဟင်းရွက်နူးအောင်ရေလေး နည်းနည်းထည့်ကာချက်ပါလေ။ ဟင်းအိုးအငွေ့လှိုင်လာပြီဆိုရင်တော့ အပေါ့အငန်မြည်းပြီး ရေစပ်စပ်အနေမှာ ငရုတ်သီးစိမ်းလေးငါးတောင့်လောက် ထက်ခြမ်းခွဲအုပ်ပြီး မီးဖိုမှချပါ။ ချိုဖန်စပ်အရသာနဲ့အတူ ငရုတ်သီးစိမ်း အနံ့လေးသင်းနေတဲ့ ဟင်းရွက်ကြော်ချက်ရနံ့က ထမင်းဆာစိတ်ကို ယိုဖိတ်လာစေတာအမှန်ပါ။

 

စံလွင်(ငါးဦးစီး)