ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များတွင် အမျိုးသမီးများ ဦးစားပေးပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

ဖာပွန် ၁၄  စက်တင်ဘာ 

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်လွှတ်တော်နှင့် UM Womenတို့ ပူးပေါင်း၍ ကျင်းပသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များတွင် အမျိုးသမီးများဦးစားပေးဆောင်ရွက်နိုင်ရန် ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောစိန်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့အစည်းမှ အမျိုးသားစီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်စန္ဒာလင်းက တက်ရောက်လာသော ဖာပွန်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များနှင့် ဒေသခံအမျိုးသမီးများအနေဖြင့် ပဋိပက္ခ၏ကျား/မရေးရာအပေါ်သက်ရောက်မှုများကို နားလည်သဘောပေါက်လာစေရန်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအပေါ် ကျားမရေးရာရှုထောင့်မှ နားလည်သဘောပေါက်လာစေရန်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးနှင့် ဆက်စပ်ပြီး အမျိုးသမီးများ၏ အဓိကလူမှုစီးပွားရေးလိုအပ်ချက်များကို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းနိုင်ရန် အမျိုးသမီးများ အပါအဝင် တက်ရောက်လာသူများအားလုံးမှ ဖော်ထုတ်ဆွေးနိုင်ရန်စသည့် ရည် ရွယ်များဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲကို ၂ရက်ကြာ ကျင်းပမည်ဖြစ်ရာ ဆွေးနွေးပွဲတွင် ပဋိပက္ခအတွင်း အမျိုးသားနှင့် အမျိုးသမီးများရင်ဆိုင် ကြုံတွေ့နေရသော အဓိကအခက်အခဲများ၊ ငြိမ်းချမ်းရေးလုပ်ငန်းအစီအစဉ်များတွင် အမျိုးသားနှင့် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်သင့်သည်ဟု သင်ထင်ပါလာသလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်စေဖို့အတွက် ဆောင်ရွက်ပေးရန် အချက်များကို ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့အစည်းမှ အမျိုးသားစီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်စန္ဒာလင်းနှင့် ပရိုဂရမ် မန်နေဂျာ ဒေါ်နော်ခရစ်စတီးနားတို့မှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များတွင် အမျိုးသမီးများအား မြို့နယ်အဆင့်ဆွေးနွေးပွဲများကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌သာမက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တွင် ၂၀၁၇ခုနှစ်က အဆိုပါဆွေးနွေးပွဲကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဆက်သစ်(ဘားအံ)