ငြိမ်းချမ်းမှ လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးမရမီ နှစ်အနည်း ငယ်ခန့်မှစ၍ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာသည်မှာနှစ်ပေါင်း ၇၀ကျော်ခဲ့လေပြီ။ မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့ လက်အောက်ခံ ဖြစ်ခဲ့ရခြင်းသည်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ် စစ်တလင်းဖြစ်ခဲ့ရခြင်း သည် လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းရာမှစ၍ နိုင်ငံရေးအယူအဆများ ကွဲပြားလာခြင်းသည်လည်းကောင်း၊ ကိုလိုနီခေတ်က ဖန်တီးခဲ့သည့် သွေးခွဲမှုအမျိုးမျိုး၊ ပြဿနာအဖုံဖုံသည်လည်းကောင်း ပြည်တွင်းမငြိမ်းချမ်းမှု သန္ဓေတည်ရန် အကြောင်းရင်းများပင် ဖြစ်သည်။

လွတ်လပ်ရေးရရှိစကာလက စစ်ဘေးစစ်ဒဏ်ကြောင့် နာလန်ထစ လူမမာကဲ့သို့ရှိနေစဉ် တိုင်းပြည်ကို ပြန်လည်ပြု စုပျိုးထောင်ရမည့်အစား ပြည်တွင်းသောင်းကျန်းမှု၊ နိုင်ငံရေးအင်အားစုများအတွင်းမှ ပြင်းထန် သော ပဋိပက္ခဒဏ်ရာဒဏ်ချက်များကြောင့် တိုင်းပြည်ပြန်လည် ထူထောင်ရေးကို အရာထင်အောင် မလုပ် နိုင်ခဲ့ပေ။၁၉၄၈ခုနှစ်လွတ်လပ်ရေးခေတ်ဦးမှ စတင်၍နိုင်ငံကို အုပ်ချုပ်လာခဲ့သော အစိုးရ အဆက်ဆက် တို့သည် ပြည်တွင်းမငြိမ်းချမ်းမှုနှင့်လက်နက်ကိုင် ပဋိပက္ခမျိုးစုံတို့ကို နည်းလမ်းအမျိုးမျိုးဖြင့်ဖြေရှင်းခဲ့ရသည်။ ပြည်တွင်းငြိမ်းချမ်းမှု သက်ဆိုးရှည်နေရခြင်း အကြောင်းအမျိုးမျိုးရှိသည့်အနက် ပြည်ပစွက်ဖက်မှု သည်လည်း အရေးကြီးသည့်အချက်ဖြစ်သည်ကိုလည်း သတိမူရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပြည်တွင်းမငြိမ်းချမ်းမှုပြဿနာသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာ အနှောင့် အယှက်ဖြစ်စေသည်မှာ ငြင်းပယ်၍မရနိုင်ပေ။ ပြည်တွင်းမငြိမ်းချမ်းမှုနှင့် လက်နက်ကိုင်ပဋိပက္ခများ မည်သို့ ပေါ်ပေါက်လာသည်၊ မည်သို့ဆက်လက်ရပ်တည်ကြသည်ဆိုသည့် ဖြစ်စဉ်များကို လေ့လာမည်ဆိုလျှင် ပြည်တွင်း မငြိမ်းချမ်းမှုပြဿနာကို ဖြေရှင်းရန် တစ်စုံတစ်ရာအကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်သည်။ နှစ်ပေါင်း များစွာ ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းမငြိမ်းချမ်းမှုကို အဆုံးသတ်စေရန်မှာလည်း အစိုးရ တစ်ဖွဲ့တည်း သော်လည်းကောင်း၊ တပ်မတော်တစ်ရပ်တည်းအနေဖြင့်သော်လည်းကောင်း ဖြေရှင်းနိုင်မည်မဟုတ်ဘဲ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကပါ သဘောပေါက်နားလည်ပြီး ပူးပေါင်းဆောင်ရွက် သွားမှသာ ငြိမ်းချမ်းရေးခရီး နီးနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ ငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်လျှင် တစ်တိုင်း ပြည် လုံးဖွံ့ဖြိုးရေးကို မလုပ်ဆောင်နိုင်ဘဲ ရှေ့မတက်နိုင်သည့် ဒုံရင်းဘဝဖြင့် သူတစ်ပါး နိုင်ငံများနောက် ဆက်လက် ရောက်ရှိနေမည်ဖြစ်သည်။

ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော အချက်ဖြစ်၍ နိုင်ငံတော်အစိုးရက အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထား လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စားပွဲဝိုင်းများတွင် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ဖြင့် နားလည်မှုပေးခြင်း၊ သည်းခံခြင်း၊ ယုံကြည်ခြင်း တို့ကို အခြေခံ၍ ဆွေးနွေးအဖြေရှာနေဆဲဖြစ်သည်။ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးကို သုံးသပ်ကြည့် မည်ဆို ပါက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် လွတ်လပ်ရေးမရမီ သန္ဓေတည် ကာလ၊ လွတ်လပ်ရေး ရပြီး ဖြေရှင်းချိန်ကာလ၊ ပြိုလဲကျဆုံးလာသော ကာလနှင့် အသွင်ပြောင်းလဲ ရပ်တည် ရှင်သန် လာသော ကာလဟူ၍တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုမရရှိသေးခြင်းသည် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင် ဖြေရှင်းနေရသော ကြောင့်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းသည် ယုံကြည်ချက် သက်သက် သာမဟုတ်တော့ဘဲ နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ စီးပွားရေးအရပယောဂမျိုးစုံတို့ ရောထွေး နေခြင်းကြောင့် ဆက်လက်ဖြစ်တည်နေသည်ကိုသတိမူဆင်ခြင်ပြီး မိမိနိုင်ငံနှင့် မိမိလူမျိုး ရေရှည် အကျိုး စီးပွား အတွက်လက်နက်ကိုင်နည်းလမ်းများအစား နိုင်ငံတော်က ဖော်ဆောင်နေသည့် တိုင်းရင်းသား လူမျိုး များ အားလုံးအကျိုးစီးပွားကိုရှေးရှုသည့် အစီအမံများတွင် ပါဝင်လုပ်ဆောင်ကြရမည်ဖြစ်သည်။

နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ သက်ဆိုးရှည်နေခြင်း၊ပြည်တွင်း တည်ငြိမ်အေးချမ်းမှု ထိခိုက် စေခြင်းတို့ ကြာရှည်နေခြင်းသည်နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ယိမ်းယိုင်အားနည်း လျော့ရဲ စေသောအချက်များဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်အသိုက်အဝန်းတွင်မဆို စည်းလုံးညီညွတ်မှု ကိုယ်ခံ အားမတောင့်တင်းပါက တိုင်းပြည်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအား ထိပါးခြိမ်းခြောက် မှုရှိလာပြီး အန္တရာယ်များဖြစ်လာနိုင်သည်ကို တိုင်းရင်းသားပြည်သူအားလုံး၊ နိုင်ငံအတွင်းရှိ အဖွဲ့အစည်း များအားလုံး သတိမူရမည်ဖြစ်သည်။

သို့ဖြစ်ရာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး စည်းလုံးညီညွတ်မှုကိုမြဲမြံခိုင်ခံ့အောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ