ငြိမ်းချမ်းအေးမြသည့် အခါသမယ

၂၅  ဒီဇင်ဘာ

ယနေ့သည် ခရစ္စမတ် (ဝါ) ခရစ်တော်၏ မွေးနေ့အခါသမယဖြစ်သည်။ ကမ္ဘာ့လူသားသန်းပေါင်း ၂၁ဝဝ ကျော်တို့၏ ယုံကြည်ကိုးကွယ်ရာ ခရစ်ယာန်ဘာသာ၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့တွင် ခရစ္စမတ်ပွဲတော်ကို ငြိမ်းချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသည့်အခါကာလလည်း ဖြစ်သည်။

 

 

ယေရှုခရစ်ဟုလည်း ခေါ်ဆိုကြသည့် ခရစ်တော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ကျော်က အာရှအနောက်ပိုင်းဒေသ၌ ဖွားမြင်တော် မူခဲ့သည်။ မိမိတို့၏ စိတ်နှလုံးကို နှိမ့်ချထားရန်၊ အဆုံးစွန်ထိ သည်းခံ ခွင့်လွှတ်ကြရန်၊ လူလူချင်း မေတ္တာတရားထားရှိရန် စသည့်ယေရှုခရစ်၏ သွန်သင်ဟောကြားချက်များက လူသားအားလုံးနှင့် သက်ဆိုင်သော အဆုံးအမများပင်ဖြစ်ပြီး လိုက်နာကြသည်နှင့်အမျှ မျက်မှောက်ကမ္ဘာ လောကကြီးပေါ်မှ ပဋိပက္ခများ၊ စစ်ပွဲများ၊ အကြမ်းဖက်မှုများ ပျောက်ကွယ်ဆိတ်သုဉ်းသွားကြကာ လူသားသန်းပေါင်းများစွာတို့ ရင်ဆိုင် ခံစားနေကြရသည့် စစ်မက်ဘေး၊ အငတ်ဘေးတို့အပါအဝင် လူမှုဒုက္ခ အပေါင်းမှလည်း ကင်းဝေးနိုင်ကြမည်ဖြစ်သည်ဟု ယုံကြည်မိသည်။ 

 

 

ယနေ့ကမ္ဘာတွင် လူသားအများအပြား ကိုးကွယ်ယုံကြည်ကြသည့် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ စသည့် ဘာသာကြီးများမှာ အာရှအနောက်ပိုင်းနှင့် တောင်အာရှဒေသတို့တွင် ခေတ်ကာလခြားပြီး ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်။ ဘာသာ တရား တစ်ခုနှင့်တစ်ခု ဓလေ့ထုံးတမ်းများ၊ သီးခြားယုံကြည်မှုများ ကိုယ်စီ ကိုယ်စီရှိနေသော်လည်း လူတစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်၍ လူ့အဖွဲ့အစည်းနှင့် လူသားတို့၏ ကမ္ဘာလောက တည်ငြိမ် အေးချမ်းရေးကို တည်ဆောက်ကြရန်အတွက် ဟောကြားညွှန်ပြမှုများ တွင်မူ အနှစ်သာရအားဖြင့် အတူတူသာဖြစ်သည်။ ''ဤလောက၌ ရန်တို့သည် ရန်တုံ့မူခြင်းအားဖြင့် ဘယ်အခါမှ မငြိမ်းကုန်၊ ရန်တုံ့မမူသဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသို့ ရန်တုံ့မမူသဖြင့် ရန်ငြိမ်းခြင်းသည် ရှေးအစဉ်အလာ ဓမ္မတာသဘော ပေတည်း'' ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့သလို -

 

 

''မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင် မရပ် မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏'' ဟူ၍ ခရစ်တော်ကလည်း လမ်းညွှန်ဆုံးမခဲ့၏။

 

 

လူသားအားလုံးတို့သည် ဘာသာစွဲ၊ အယူစွဲ၊ လူမျိုးစွဲ၊ ဆရာစွဲ၊ ဓလေ့စွဲ၊ ဇာတ်စွဲ စသည့် တစ်ယူသန် အစွဲအလမ်းများ ကင်းဖို့လိုအပ်ပါကြောင်း။ Freedom of Thought - စိတ်ဓာတ်နှင့် အတွေးအခေါ် လွတ်လပ် ရမည် ဖြစ်ကြောင်း၊ အရေးကြီးသည့်အချက်မှာ ဘာသာဝင်တိုင်းသည် မိမိတို့ ဘာသာတရား၏ အနှစ်သာရတို့ကို လိုက်နာကျင့်သုံးခြင်းမှ မချွတ်ယွင်းဖို့ လိုအပ်ကြောင်း၊ မိမိတို့ကိုးကွယ်သော ဘာသာတရားကို အသုံးပြု၍ အခြားကိုးကွယ်ရာ ဘာသာတရားများကို မနှောင့်ယှက်၊ မရှုတ်ချရန် အထူးဂရုပြုရမှာဖြစ်ကြောင်း အဘိဓဇမဟာရဋ္ဌဂုရုဆရာတော် ကြီးတစ်ပါးက မိန့်ကြားတော်မူခဲ့ဖူးသည်။

 

 

အမုန်းတရားဟူသမျှတို့ကို မေတ္တာဖြင့် ဖြေဖျောက်ခြင်း၊ ရန်ငြိုး အာဃာတတို့ကို ခန္တီ သည်းခံခွင့်လွှတ်ခြင်းတို့ဖြင့် ချုပ်ငြိမ်းစေခြင်း၊ အစွန်းရောက် တစ်ယူသန်မှုတို့ကို ဖယ်ရှားခြင်းအားဖြင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ အစရှိသည့် လောကကမ္ဘာကို လောင်ကျွမ်းစေသည့် ကိလေသာမီးတို့ ငြိမ်းအေးစေကာ ငြိမ်းချမ်းသာယာသည့် လူသားကမ္ဘာကို မျက်မှောက်ပြုနိုင်ကြမည် ဖြစ်ပါကြောင်း။ မြန်မာ့အလင်း