ငြိမ်းချမ်းအေးမြကြစေရာ

၁၄  ဧပြီ

ရာသီဥတုက အပူပြင်းသည်။ အပူရှောင်ရန် အပြင်ထွက်ဖို့ကလည်း အခွင့်မသာ။ လောလောဆယ်မှာတော့ အပူထက် ကူးစက်မြန် ရောဂါကို ဦးစားပေး၍ရှောင်ကာ အိမ်တွင်းမှာသာ နေကြရသည်။ နေ့စဉ်အချိန်တန်လျှင် အပြင်သို့ ထွက်နေကျအကျင့်ကို ချုပ်တည်းကာ မိသားစုတွင်းမှာလည်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရသောအခါ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် အချိန်အခါကို နှလုံးသွင်းမှန်ဖို့ လိုလာသည်။

ရောဂါခြေချုပ်ကြောင့် အပြင်မထွက်ရသော ကာလများအတွင်း အိမ်တွင်းပဋိပက္ခများ မြင့်တက်လာသည်ဟူ၍ နိုင်ငံတကာသတင်း များတွင်လည်း တွေ့ရသည်။ နိစ္စဓူဝ စားဝတ်နေရေးအပါအဝင် အရေးကိစ္စများစွာတို့အတွက် အိမ်အပြင်သို့ ကိုယ်စီထွက်နေကြရာမှ မဖြစ်မနေအိမ်ထဲမှာသာ နေကြရသည့် အခိုက်မိသားစုဝင်များအကြား မေတ္တာ၊ ကရုဏာဖြင့် စုစည်းနေကြရမည့်အစား ဒေါသနှင့် ပဋိပက္ခတို့ ဖြစ်ပေါ်လာကြရသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။

“ဒေါသဟူသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်းဟူမူကား အနိဋ္ဌာရုံကြောင့်ဖြစ်၏။ အနိဋ္ဌာရုံ ဟူသည်လည်း ရူပါရုံ၊ သဒ္ဒါရုံ အစရှိသော အာရုံခြောက်ပါးပင်တည်း။ ထိုအာရုံခြောက်ပါးသည်ပင်လျှင် ဣဋ္ဌသဘောအားဖြင့်ဖြစ်သော လောဘကို ဖြစ်စေ၏။ အနိဋ္ဌသဘော အားဖြင့်ဖြစ်သော ဒေါသကိုဖြစ်စေ၏” ဟူ၍ မောင်းထောင်ဆရာတော် ဘုရားကြီးက ဒေါသကထာတွင် ပြဆိုခဲ့သည်။ မနှစ်သက်အပ်သော အနိဋ္ဌာရုံနှင့် မသင့်မတင့် နှလုံးသွင်းခြင်းတို့က ဒေါသကို ဖြစ်ခြင်း၏ ပစ္စယအကြောင်းတရားပင်ဖြစ်သည်။

ပြစ်မှားခြင်းနှင့် ခက်ထန်ကြမ်းတမ်းခြင်းတို့က ဒေါသ၏ စရိုက်လက္ခဏာများ ဖြစ်သည်။ အဖျက်ဆီးတတ်ဆုံးသော တရားလည်းဖြစ်သည့်အတွက် ဘာသာတရားတိုင်းက ဒေါသ၏အပြစ်ကို ပြဆိုလျက် တားမြစ်ထားကြသည်။ ဒေါသက ဖျက်ဆီးတတ်သည်ဟု ဆိုရာတွင် တက်ကြွသော၊ ကြမ်းတမ်း၊ ခက်ထန်သော ဒေါသကသာ ဖျက်ဆီးတတ်ခြင်းမဟုတ်ဘဲ ဆုတ်နစ်သည့် ဒေါသကလည်း ဝမ်းနည်းပူဆွေးခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်း၊ ထိတ်လန့်ခြင်း၊ ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊ လွန်ကဲစွာပူဆွေးခြင်းတို့ကို ဖြစ်ပေါ်စေလျက် ကိုယ်စိတ်နှစ်ပါးကို ပျက်စီးစေသည်။ ဒေါသမီးကို အချိန်မီ မငြိမ်းသတ်နိုင်ပါက သိမ်းဆည်းကိုင်ဆောင်ထားသူကိုယ် ကို မီးလောင်ကျွမ်းသကဲ့သို့ပင် ပူလောင်စေလိမ့်မည်ဖြစ်သည်။

ခေတ်မီဆေးပညာများအရလည်း ဒေါသကလူကို ထိခိုက်စေကြောင်း တွေ့ရှိထားကြပြီးဖြစ်သည်။ ပေါက်ကွဲသည့် ဒေါသသည်လည်းကောင်း၊ ချုပ်တည်းထားသည့် ဒေါသသည်လည်းကောင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို နှစ်ဆပိုစေသည်။ ဦးနှောက်အတွင်း သွေးခဲခြင်း/ သွေးထွက်ခြင်း ဖြစ်နိုင်ခြေ သုံးဆမြင့်မားစေခြင်းကြောင့် လေဖြတ်နိုင်ရန်လည်း တွန်းအားပေးသည်။ ခန္ဓာကိုယ်၏ ခုခံအားကို ကျဆင်းစေသည့်အတွက် ကူးစက်ရောဂါ ဝင်ရောက်နိုင်ခြေ မြင့်မားစေသည်။ အဆုတ်၏ စွမ်းရည်ကို ကျဆင်းစေခြင်းနှင့် စိတ်ဖိစီးမှု ဟိုမုန်းများ တိုးပွားစေခြင်းတို့ကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

ဒေါသကိုပယ်ကာ စိတ်၏ကိလေသာမှ လွတ်ကြောင်းဖြစ်သော မေတ္တာကို မှီဝဲအပ်သည် ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ အကြိမ်များစွာပြုအပ်သည်ရှိသော်၊ စီးတော်ယာဉ်ကဲ့သို့ပြုအပ်သည်ရှိသော်၊ တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော်၊ မေတ္တာမှ မကွာစေအပ်သည် ရှိသော်၊ လေ့ကျက်အပ်သည်ရှိသော်၊ ကောင်းစွာ အားထုတ်အပ်သည်ရှိသော် ကောင်းစွာအိပ်စက်ရခြင်း၊ ကောင်းစွာနိုးထရခြင်း၊ မကောင်းသော အိပ်မက်မမြင်မက်ရခြင်း၊ လူတို့ချစ်ခြင်း၊ နတ်၊ ဘီလူးတို့ချစ်ခြင်း၊ နတ်တို့စောင့်ရှောက်ခြင်း၊ မီး၊ အဆိပ်တို့ မသင့်နိုင်ခြင်း၊ စိတ်မပျံ့လွင့်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ မတွေဝေသည်ဖြစ်၍ စုတိစိတ်ကျရခြင်း၊ တရားအထူးကိုထိုးထွင်း၍ မသိသော်လည်း ဗြဟ္မာပြည်သို့ လားရ ခြင်းဆိုသည့် အကျိုး ၁၁ ပါးကို ရရှိနိုင်သည်။

မေတ္တာနှင့် နေထိုင်ခြင်းက အနိဋ္ဌာရုံတို့ကို ပယ်ပျောက်စေမည် ဖြစ်ရာ မိမိ၏ပတ်ဝန်းကျင်သည်လည်း သာယာလှပနေလိမ့်မည် ဖြစ်သည်။ ကိုယ်စိတ်နှစ်ပါးကို ဖျက်ဆီးပူလောင်စေသည့် ဒေါသကို ပယ်ခြင်းဖြင့် ငြိမ်းချမ်းအေးမြသည့် ချမ်းသာသုခကို ခံစားနိုင်ကြမည် ဖြစ်ပါကြောင်း ။ ။

မြန်မာ့အလင်း