ငွေစက္ကူအား အလွယ်တကူ စစ်ဆေးနိုင်မည့် ထင်ရှားသော သွင်ပြင်လက္ခဏာများ

 ဝင်းမြင့် (ဗဟိုဘဏ်)

လူမှုကွန်ရက်စာမျက်နှာများတွင် ငွေစက္ကူအတု-အစစ်ကိစ္စကြောင့် ပြည်သူများစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသဖြင့် ငွေစက္ကူအတုနှင့် ပတ်သက်၍တင်ပြလိုပါတယ်။

ငွေစက္ကူအတုတွေ့ရှိမှုများကြောင့် တရားမဝင်ကြေညာမှာ စိုးရိမ်ပူပန်မှုများ နှင့် ပတ်သက်ပြီးတော့လည်း ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆(င)အရ “တရားဝင်ထုတ်ဝေထားသောငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဟု ပြဋ္ဌာန်းထားသည့်အတွက် လက်ရှိထုတ်ဝေထားသည့် ငွေကြေးများကို တရားမဝင်ငွေကြေးအဖြစ် ကြေညာမှုမရှိနိုင်ပါကြောင်း တင်ပြလိုပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ အရ “မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေစက္ကူတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုရ” ဟု တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင်တော့ ပုဒ်မ ၁၀၅ အရ ထောင်ဒဏ်၊ ငွေဒဏ်ကျခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုခဲ့လျှင်၊ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းထင်ရှားသည်ဟု စီရင်မှုမခံရလျှင်၊ ကျူးလွန်ကြောင်း မတွေ့ရလျှင်၊ မပေါ်ပေါက်ခဲ့လျှင် ပြစ်ဒဏ်မခံရနိုင်ပါကြောင်းကိုလည်း သိရှိထားရန် လိုအပ်မည်ဖြစ်ပါတယ်။

သေချာသုံးသပ်ဖို့လို

ဒီနေရာမှာ ငွေစက္ကူအတုကို လက်ဝယ်တွေ့ရှိခြင်းဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ပြစ်မှု မမြောက်နိုင်ပါ။ လက်ဝယ်တွေ့ရှိခြင်းဟာ အတုပြုလုပ်လို့ လက်ဝယ်တွေ့ရှိတာ၊ အတုမှန်းသိပါလျက် သုံးစွဲလို့ လက်ဝယ်တွေ့ရှိတာဆိုရင်တော့ ပြစ်မှုမြောက်ပါတယ်။ အတုလက်ဝယ်တွေ့ရှိမှု အခြေအနေနဲ့ ရည်ရွယ်ချက်ကို သေချာသုံးသပ်ဖို့ လိုအပ်ပါတယ်။ အခြေအနေနဲ့ ရည်ရွယ်ချက်ကို စစ်ဆေးသုံးသပ်နိုင်ဖို့ကတော့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေက စိစစ်ရမှာ ဖြစ်ပါတယ်။ ငွေစက္ကူအတုအစစ်ခွဲခြားနိုင်ဖို့အတွက် အလွယ်တကူသိသာနိုင်မည့် အချက်များရှိပါတယ်။ ၅၀ဝဝ တန်(ပုံစံအဟောင်း) ငွေစက္ကူမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတန်းပါအကွက်နှင့် ငွေတန်ဖိုးနေရာအကွက်တွေမှာ လက်ညှိုး၊ လက်မဖြင့်ပွတ်ဆွဲစမ်းသပ်ပါက ကြမ်းတမ်းမှုကို ခံစားရမှာဖြစ်ပါတယ်။ အလင်းရောင်မှာ ထောင်ကြည့်လျှင် ဆင်ဖြူတော်ပုံရိပ်နှင့် “၅၀ဝဝ” ကိုရေစာမှာ မြင်ရပါမယ်။ ငွေရောင်လုံခြုံရေးကြိုးအားတစ်ဝက်ဖုံး၊ တစ်ဝက်ဖော်မြှုပ်ထားပြီး အလင်းရောင်မှာ ထောင်ကြည့်လျှင်  K  5000 အပြန်အလှန်တစ်ဆက်တည်း ရိုက်ထားတာ ကိုတွေ့ရပါမယ်။ ဘယ်ဘက်အနားအလယ်ရှိ အနီရောင်အကွက်နေရာကို ၄၅ ဒီဂရီ ဘေးတိုက်စောင်းကြည့်ရင် CBM စာလုံးနှင့် ၅၀ဝဝကို တွေ့ရပါမယ်။ အမှောင်တွင် ခရမ်းလွန်ရောင်ခြည်ဖြင့် ကြည့်ပါက မီးချောင်းကဲ့သို့ အလင်းတန်းငယ်များကိုတွေ့နိုင်ပြီး လုံခြုံရေးကြိုးမှာ အပြာရောင်၊ အနီရောင်အဆစ်အပိုင်းများပါရှိတာကို တွေ့ရပါမယ်။ 

၅၀ဝဝ တန် (ပုံစံအသစ်)ငွေစက္ကူတွင် ပို၍လုံခြုံရေးကောင်းမွန်ဖို့ လုံခြုံရေး အဆင့် (Secturity) မြှင့်တင်ထားပါတယ်။ လုံခြုံရေးငွေရောင်ကြိုးအစား စောင်းကြည့်ရင် အရောင်ပြောင်းတဲ့ လုံခြုံရေးကြိုး (Security Threat) များ ထည့်ထားပါတယ်။ ရေစာဆင်ရုပ်အောက်မှာလည်း ၅၀ဝဝ ဂဏန်းကို တွေ့ရပါတယ်။ ညစ်ပေမှုခံနိုင်ဖို့အတွက် ဗားနစ် (Varnis) အလွှာအုပ်ထားပါတယ်။ ငွေစက္ကူကို မှန်ဘီလူး(သို့မဟုတ်) လက်ကိုင်ဖုန်းကင်မရာနဲ့ ရိုက်ပြီး Zoom ဆွဲကြည့်ပါက ရေစာအပေါ်ရှိ “ ၅၀ဝဝ” ဂဏန်းအတွင်းမှာ CMB စာလုံးငယ်များ၊ ငွေစက္ကူ အောက်ဘက်အနား လိုင်းများမှာ  SECURITYPRINTINGWAZiCBM သော စာလုံးငယ်များကို တွေ့ရပါမယ်။

ပြောင်းလဲမှုရှိ

၁၀ဝဝဝ တန်(ပုံစံအဟောင်း)ငွေစက္ကူတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတန်းပါ အကွက်နဲ့ ငွေတန်ဖိုးနေရာအကွက်တွေမှာ လက်ညှိုး၊ လက်မဖြင့် ပွတ်ဆွဲစမ်းသပ်ပါက ကြမ်းတမ်းမှုကို ခံစားရမှာ ဖြစ်ပါတယ်။ လက်ဝဲဘက်အနားအလယ်ရှိ အညိုရောင်ဧရိယာအား ၄၅ ဒီဂရီ တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်စာလုံး “CBM” ဟု တွေ့ရပါမယ်။ ရေစာအနေဖြင့် ကြာပန်းပုံရေစာနဲ့ ၁၀ဝဝဝ ဂဏန်းရေစာပါရှိပြီး အလင်းရောင်တွင် ထောင်ကြည့်ပါက ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ လုံခြုံရေးကြိုးကို ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားပြီး Myanmar Spw စာတန်းအားအတည့်တစ်လှည့်၊ ပြောင်းပြန်တစ်လှည့် ရိုက်နှိပ်ထားကာ သာမန်အလင်းရောင်တွင် ကြည့်ပါက ပန်းခရမ်းရောင်နဲ့ အစိမ်းရောင် နှစ်မျိုးပြောင်းလဲမှုရှိပါတယ်။

လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ၁၀ဝဝဝ တန် (ပုံစံအသစ်) ငွေစက္ကူတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတန်းပါအကွက်နှင့် အောက်ခြေကနုတ်ပန်းအကွက်တို့မှာ လက်ဖြင့်ပွတ်ဆွဲစမ်းသပ်ပါက ကြမ်းတမ်းမှုကို ခံစားရမှာဖြစ်ပါတယ်။ ငွေစက္ကူ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ထားပြီး ရာသီဥတုနှင့် ရေစိုဒဏ်ခံနိုင်ပါတယ်။ လက်ဝဲဘက်အနားရှိ အညိုရောင်ဧရိယာအား ၄၅ ဒီဂရ တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်စာလုံး “CBM” ဟု မြင်တွေ့ နိုင်ပါတယ်။ ငွေစက္ကူအား မှန်ဘီလူး(သို့မဟုတ်) လက်ကိုင်ဖုန်းကင်မရာနှင့် ရိုက်ပြီး Zoom ဆွဲကြည့်ပါက ငွေစက္ကူအောက်ဘက်အနားလိုင်းများတွင် SECURITYPRINTINGWORKS ဟူသော စာလုံးငယ်များကို တွေ့ရပါမယ်။ ငွေစက္ကူ၏ ယာဘက်အောက်ထောင့်တွင်တန်ဖိုး ၁၀ဝဝဝ စာလုံးအား ရောင်ပြေးမင်ဖြင့် ရိုက်နှိပ်ထားသဖြင့် တိမ်းစောင်းကြည့်ပါက တောက်ပသော အစိမ်းရောင်ရောင်ပြေးကို မြင်တွေ့ရပါတယ်။

ပြည်သူကိုဒုက္ခပေးဖို့ဖြစ်လာ

ဖော်ပြပါ ငွေစက္ကူအစစ်ရဲ့ အခြေအနေအား အကြမ်းဖျင်းသိပြီဆိုလျှင် လက်ဝယ်ရှိ ငွေစက္ကူများအား အတု- အစစ် စိစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုံးပြင်ကနားသွားရမှာ ဝန်လေးတာရယ်၊ အမှုပတ်မှာ စိုးရိမ်တာရယ်၊ ဘဏ်တွေကလည်း ကိုယ့် customer တွေ ငြိုငြင်မှာစိုးတာရယ်တွေကြောင့် လုပ်ရမယ့်တာဝန်တွေ မလုပ်တော့ဘဲ ဘဏ်ကပဲသိမ်းပြီး ဖျက်ဆီးလိုက်တာကို လုပ်ထုံးလုပ်နည်းတစ်ရပ်လိုနှစ်ပေါင်းများစွာ အလေ့အကျင့်ဖြစ်လာခဲ့တော့ ငွေစက္ကူအတုသည် ပြစ်မှုမြောက်တဲ့ပစ္စည်းဆိုတာကို မေ့လျော့သလိုဖြစ်ပြီး ရဲစခန်းအပ်နှံတဲ့အလုပ်ကို တွန့်ဆုတ်နေကြပါတယ်။ အဲဒီတော့ ငွေအတုပေါ်လာရင် ရင်းမြစ်ကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ဖို့ သဲလွန်စတွေက ရဲစခန်းကို မရောက်နိုင်တော့ဘဲ ပြည်သူများလက်ထဲမှာပဲ လှည့်ပတ်ပြီး ပြည်သူကို ဒုက္ခပေးဖို့ ဖြစ်လာရပါတယ်။

ငွေစက္ကူပုံနှိပ်သူများကလည်း မိမိရိုက်နှိပ်တဲ့ငွေစက္ကူကို အတုမပြုလုပ်နိုင်အောင်အမြဲ ကြိုးစားနေကြပါတယ်။ လုံခြုံရေးနည်းပညာဟာ အမြဲတိုးတက်နေပြီးနောက်ဆုံးပေါ် လုံခြုံရေးနည်းပညာတွေသုံးပြီး ငွေစက္ကူရိုက်နှိပ်ကြရပါတယ်။ အတုလုပ်တဲ့သူတွေကလည်း နည်းပညာမရရအောင်ယူပြီး တုပလေ့ရှိပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ တစ်သောင်းတန်ဆိုရင် ၂၀၁၂ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လုံခြုံရေးတိုးမြှင့်ပြီး ပုံစံသစ်နှင့်ထုတ်ဝေခြင်းဟာ တုပမှုကို ကာကွယ်နိုင်အောင် ဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း

ယခင်က ငွေစက္ကူအတု မိခဲ့တဲ့ကိစ္စတွေမှာ Colour Copier Colour Printer တွေနဲ့ အတုလုပ်တာတွေပဲများခဲ့ပြီးယခုတွေ့ရှိရတာတွေကတော့ တစ်ဦးချင်းစီကစုပြီးတွေ့ ပြီးတော့ ပြည်ပကဝင်လာတာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ တုပထားတယ်ဆိုတာကတော့ မထုတ်ပြန်သေးပါဘူး။ ပြည်ပတာဝန်ရှိအဖွဲ့အစည်းများကလည်း ဆက်စပ်ကွင်းဆက်များကို စစ်ဆေးနေတာဖြစ်တဲ့အတွက် ရင်းမြစ်ကို ဖော်ထုတ်အရေးယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရင်းမြစ်ကို ဖော်ထုတ်အရေးယူ နိုင်မှလည်း ပြည်သူတွေရဲ့ စိုးရိမ်မှုကို လျော့ကျသွားစေနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုအများစုက ဘဏ်နဲ့လည်း ဆက်ဆံဆောင်ရွက်မှု အရေအတွက်နည်းပြီး ငွေသားဖြင့်သာပေးချေသုံးစွဲကြတာများတဲ့ နိုင်ငံဖြစ်တဲ့အတွက် အတုအပကိစ္စကို အများကြီးသတိထားဖို့ လိုအပ်ပါတယ်။ အတုတွေ့ရင်လည်း ဆက်စပ်ရင်းမြစ်များကို စုံစမ်းဖော်ထုတ်အရေးယူနိုင်အောင် မှန်ကန်တဲ့နည်းလမ်းနဲ့ သတင်းပေးအပ်နှံခြင်းဖြင့် ပြည်သူများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။ မြန်မာ့အလင်း