ငါး ပုစွန် နှင့် ရေထွက်ကုန်ကဏ္ဍ နှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း

နေပြည်တော် ဧပြီ ၃၀

 

ပြည်တွင်း ဖူလုံစွာစားသုံးနိုင်ရေးနှင့် နိုင်ငံခြားငွေ တိုးတက်ရှာဖွေပေးနိုင်သည့် ပြည်ပပို့ကုန်အဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ရေသတ္တဝါမွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၃၆)၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံတော်၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် များစွာတည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိက များအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ မိမိတို့ဌာနဝန်ထမ်းများ အနေဖြင့် အဂတိကင်းကင်းဖြင့် ကျရာအခန်းကဏ္ဍမှ နိုင်ငံတော်နှင့် မိမိဌာန၏တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ အမှန်တကယ် အတွေ့အကြုံကောင်းရှိသော အရည်အသွေး ပြည့်ဝသူများ အဖြစ် ပေါ်ထွန်းလာစေရန် လုပ်ငန်းအခက်အခဲများကိုလည်း ပူးပေါင်းဆောင်ရွက်ခြင်းကြစေလိုကြောင်း၊ ငါးဖမ်း ထုတ်လုပ်ငန်းများကို သတ်မှတ် ထားသော စည်းမျဉ်း စည်းကမ်းများ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေးထိန်းကျောင်း ကြပ်မတ်လျက်ရှိသကဲ့သို့ ရေရှည်အတွက် GAqP အပါအဝင် ခေတ်မီနည်းပညာ အသုံးပြု ငါး ပုစွန် မွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိစေရန်၊ နယ်မြေ လိုအပ်ချက်အရ ဇုံများသတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်းတို့ဖြင့် ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ခြင်း လုပ်ငန်းများကို စည်းရုံးပညာပေး ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  ငါး ပုစွန် ကဏ္ဍ နှစ်ဆ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းအတွေ့ အကြုံများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရေလုပ်သားများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)