နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁၉-၂-၂၀၂၄ ရက်မှအဆက်

“ကဲ ကဲ၊ ငိုမနေပါနဲ့အေ။ ကိုယ့်အစ်ကိုတစ်ယောက် အချုပ်ကလွတ်လာရုံမက အစ်မတစ်ယောက်ပါ တိုးလာတာကိုပဲ ဝမ်းသာနေစမ်းပါအေ

မအုန်းတင်သည် ပါးစပ်က နှစ်သိမ့်စကားဆိုရင်း လက်ကလည်း ထွေးရီနဖူးပေါ်မှ ဖွာ၍ကျနေသော ဆံစလေးများကို သပ်ပေးနေရှာသည်။ ဤကဲ့သို့ မအုန်းတင်ကပြောလိုက်ပါမှ ထွေးရီသည် သူ့ကိုယ်လေးကို သိမ့်သိမ့်ခါအောင် ရှိုက်လိုက်ပြီးလျှင်-

“နည်းတယ်၊ နည်းတယ်။ နည်းတာမှ သိပ်ကို ဝမ်းနည်းတယ်။ ဒီတစ်ခါတော့ တစ်သက်လုံး အစ်မရဲ့။ ကျွန်မတို့နဲ့ ဘယ် ဘယ်တော့မှ

ဆို့နစ်၍ လှိုက်လှိုက်လှဲလှဲ ခံစားမှုပါနေသော ထွေးရီ၏အသံလေးသည် ပြောရင်း ပြောရင်း တုန်တုန်ယင်ယင်လေးဖြစ်လာပြီး နောက်ဆုံးတွင် သူ့စကားကို ဆုံးအောင်ပင် မပြောလိုက်နိုင်တော့ချေ။ တစ်ခါတည်း ဆို့နစ်ဝင်သွားတော့သည်။

ထို့နောက်တော့ သူ့အသက်ရှူသံများသည် မြန်၍ကျယ်လာပြီးနောက် လက်ဝါးနှစ်ဖက်က သူ့မျက်နှာလေးကိုအုပ်ကာ ရှိုက်ငင် ငိုကြွေးချလိုက်တော့သည်။ တစ်မုဟုတ်ချင်းပြောင်းလဲလာသော ထွေးရီ၏ အမူအရာများနှင့် မထင်မှတ်ဘဲ ဖြုန်းခနဲ ရင်ဖွင့်လိုက်သည့် သူ့စကားများကို ကြားသိလိုက်ရသော ကိုအေးဆွေမှာ ရုတ်တရက်တွင် ကြက်သီးမွေးညင်းထကာ ခေါင်းနားပန်းကြီးသွား၏။ ရင်ထဲမှာလည်း သိမ့်ခနဲတုန်၍ ချောက်ချားသွား၏။ စိတ်ထဲမှာလည်း တွေခနဲဖြစ်သွားတော့သည်။

“အို၊ ထွေးရီကလဲ ဘာတွေလျှောက်ပြောနေတာလဲ။ ငါ ဘယ်သွားမှာမို့လို့တုံး။ နင်တို့နဲ့ ငါ တစ်သက် လုံးနေမှာပဲဟာ

ထိုစဉ် ကိုအေးဆွေသည် ထွေးရီအား နှစ်သိမ့်လိုက်ပြီး ခင်သန်းဌေးကို ဖျတ်ခနဲသတိရ၍ ရုတ်တရက် ကြည့်လိုက်သည်။ မတွေ့တော့ပေ။ ယခုတွင်ပင် သူပါရော၍ ထွေးရီကို ဝိုင်းဝန်းပြုစုနေသည်။ ထို့နောက် ထူးခြားလာသော ထွေးရီ၏ ဖြစ်အင်ကြောင့် သည်ဘက်တွင် အာရုံစူးစိုက်နေမိသည်။ ထိုကာလတွင် သူ့အားသတိမမူမိဘဲ ဖြစ်သွားသည်။ ယခု ဘယ်သွားလေသနည်းဟု အောက်မေ့ရင်း ရင်ထဲတွင် တုန်သွားသည်။ ထို့ကြောင့်လည်း လျင်မြန်စွာ ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာကြည့် မိသည်။

ဟိုက်ခနဲ အသံထွက်မသွားရန်ကိုပင် ကိုအေးဆွေက မနည်းထိန်းထားလိုက်ရသည်။ အဘယ်ကြောင့် ဆိုသော် ခပ်လှမ်းလှမ်း၌ ကားလမ်းအတိုင်း တစ်ဖက်သို့မျက်နှာမူကာ တစ်လှမ်းချင်းထွက်ခွာ လျှောက်သွားနေသော ခင်သန်းဌေးကို လှမ်းမြင်လိုက်ရသောကြောင့်တည်း။ ထို့ကြောင့်လည်း ကိုအေးဆွေသည် ထွေးရီအား ပွေ့ကိုင်ထားသည်ကို မအုန်းတင်လက်ပေါ်သို့ လွှဲပြောင်း ပေးလိုက်ပြီးနောက် ရုတ်ခြည်းထ၍ ပြေးလိုက်သွားမိလေသည်။

သို့သော် ခြေလှမ်းလှမ်း၍မှ လေးငါးဆယ့်ကိုးလှမ်း မရှိသေးမီ ကိုအေးဆွေသည် အပြေးလွှားလှမ်းနေ သော သူ့ခြေလှမ်းများကို တုံ့ခနဲနေအောင် ဆိုင်းလိုက် ပြီးနောက် ပြေးလွှားနေခြင်းကိုလည်း ခပ်ဆိုင်းဆိုင်း လုပ်လိုက်ရတော့သည်။ ထို့နောက်တော့ တစ်လှမ်းချင်းလှမ်းနေရင်းက တွေ့မြင်လိုက်ရသော မြင်ကွင်း ကိသာ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေရချေ တော့သည်။

တွေ့မြင်နေရသောမြင်ကွင်းကား ခပ်လှမ်းလှမ်း၌ တစ်ဖက်သို့မျက်နှာမူကာ တရွေ့ရွေ့ လျှောက်သွား နေသော ခင်သန်းဌေး၏ ရှေ့ဘက်မျက်နှာချင်းဆိုင်မှ လင့်ရိုဘာကားတစ်စီးသည် ခင်သန်းဌေးရှေ့သို့ အရောက်တွင် တုံ့ခနဲရပ်လိုက်သည်။ ထို့နောက် ကားပေါ်မှ ဒေါ်လှတင်၊ မညွန့်မေနှင့် စိန်စိန်တို့သည် ရုတ်တရက် အပြေးဆင်းလာပြီးနောက် ခင်သန်းဌေးအား တစ်စုံတစ်ခုကို စိတ်ဆိုးမာန်ဆိုးဖြင့် ပြောနေကြသည်။ ခင်သန်းဌေးက ခေါင်းယမ်းငြင်းပယ်ကာ သူတို့ကို တွန်းဖယ်၍သွားရန် ကြိုးစားသည်။ ဒေါ်လှတင်က ခင်သန်းဌေးကို ချုပ်ကိုင်ထားသည်။ ဤသည်ကို ခင်သန်းဌေးက ရုန်းကန်နေသည်။ ဒေါ်လှတင်နှင့် မညွန့်မေတို့ကလည်း အတင်းချုပ်ကိုင်ထားရင်း သူတို့ပါးစပ်မှ တစ်စုံတစ်ရာကို ဒေါမာန်ပါပါဖြင့် ကြိမ်းမောင်းပြောဆိုနေကြသည်။

မည်သို့ ကြိမ်းမောင်းပြောဆိုနေသည်ကိုမူ ကိုအေးဆွေက သဲကွဲစွာ မကြားရပေ။ နောက်ဆုံးတွင်မူ ဒေါ်လှတင်နှင့် မညွန့်မေတို့က ခင်သန်းဌေးကို အတင်းချုပ်ကိုင်ဆွဲခေါ်၍ ကားပေါ်သို့ အတင်းဆွဲတင်နေကြတော့သည်။

ဤမြင်ကွင်းကိုမြင်နေရသော ကိုအေးဆွေသည် အခြေအနေကို အကဲခတ်လိုက်ခြင်းအားဖြင့် မည်သို့ သောအခြေအနေသို့ ရောက်နေကြောင်း တစ်မုဟုတ်ချင်း ရိပ်စားမိလိုက်သည်။ ထို့ကြောင့်လည်း ကိုအေးဆွေမှာ မရိုးမရွဖြစ်လာသည်။ ပြေး၍ အကူအညီပေးရကောင်းနိုးနိုးဖြင့် ချီတုံချတုံ ဖြစ်လာသည်။ ကူညီနိုင်ပါလျက်နှင့် မကူညီဘဲ သူ့အဖြစ်နှင့်သူ ရှိစေတော့ဟု သဘောထားလျက် လက်ပိုက်ကြည့်နေလိုက်မည်ဆိုပါလျှင် ခင်သန်းဌေးမှာ မုချဧကန်ပင် သူ့မိဘများ၏ အလိုကျအတိုင်း စီမံမှုကိုခံရကာ ဦးဝင်းအောင်၏ရင်ခွင်ထဲသို့ ရောက်ရချေတော့မည်ပါတကားဟု အသိက ရုတ်ခြည်းပြေးဝင် လာသောအခါတွင်မူ ကိုအေးဆွေမှာ ခေါင်းနားပန်းကြီးသွားပြီး တုန်လှုပ်ချောက်ချားသွားတော့သည်။ အသည်းနှလုံးများတွင်လည်း တဖျင်းဖျင်းနေအောင် နာကျင်သော ဝေဒနာတစ်ရပ်ကိုလည်း ရုတ်တရက် ခံစားလိုက်ရတော့သည်။

ထို့ကြောင့်လည်း ကိုအေးဆွေသည် သူ၏မရွံ့မရဲ ဖြစ်နေသော အားနည်းချက် ပျော့ကွက်များကို အတင်းထိုးဖောက်ကာ အားသစ်မာန်သစ် စိတ်သစ်များတင်း၍ ခင်သန်းဌေးထံ အပြေးသွားလျက် အကူအညီပေးရန် ဆုံးဖြတ်ချက်ကို တစ်မုဟုတ်ချင်း ချပြီးသည်နှင့် တစ်ပြိုင်နက် တစ်ဟုန်ထိုး ပြေးသွားမိ တော့သည်။

သို့တစေ ကိုအေးဆွေမှာ နောက်ကျလေပြီ တကား။ ကိုအေးဆွေ အနားသို့ရောက်သွားချိန်၌ ခင်သန်းဌေးမှာ ရုန်းရင်းကန်ရင်းနှင့်ပင် ကားပေါ်သို့ ရောက်ရှိသွားလျက် ကားသည် စက်နှိုး၍ပင် နေချေပြီ။ ထို့နောက် ကားသည် ချက်ချင်းလိုပင် နောက်ပြန်လှည့်၍ တစ်ရှိန်ထိုး ထွက်သွားတော့သည်။

ထိုအခါမှသာ ကားမောင်းသူကို ဂရုတစိုက် ကြည့်လိုက်မိသည်။ မိမိအား အောင်နိုင်သူတို့၏ ဝင့်ကြွားပြုံးကြီးဖြင့် ပြုံးကြည့်သွားသော မြို့ပိုင ဦးဝင်းအောင်ပါတကား။

 

[ ၅ဝ ]

 

မိခင်ကြီးဒေါ်ဘုမ ကွယ်လွန်၍ သင်္ဂြိုဟ်ပြီးစီးခဲ့သည်မှာ ရက်သတ္တပတ် အတန်ငယ်ပင် ကြာညောင်း လာခဲ့ပေပြီ။

သို့တိုင်အောင် ကိုအေးဆွေမှာမူ သူ့အသည်းနှလုံးတွင် ခံစားနေရသည့် ဝမ်းနည်းကြေကွဲမှုတို့မှာ ထွေးရောဥပဒ်ပါ ယှက်သန်းနေခြင်းကြောင့် ယခုထက်တိုင် မပြေပျောက်နိုင်သေးပေ။ တနုံ့နုံ့နှင့် တွေးနေမိသည်။ တွေးမိတိုင်း ရင်မှာပူလောင် နာကျင်နေပေသည်။

“ခွင့်လွှတ်ပါတယ် ဌေးဌေးရယ်။ ဌေးဌေးကို ကိုယ်တစ်ယောက်တည်းကတင် ချစ်နေတာမဟုတ် ပါဘူး။ ကိုယ်တို့ ဘုံထန်းတောမြေတစ်ခုလုံးကပါ ချစ်နေကြတာပါ။ ဌေးဌေထင်သလို မဟုတ်ပါဘူး။ အားလုံးက ခွင့်လွှတ်ကြပါတယ်။ ကြည်ဖြူစွာနဲ့ လက်ခံကြိုဆိုနေကြပါတယ် ဌေးဌေးရယ် ဤစကားလုံးကလေးများမှာ ကိုအေးဆွေ၏ ရင်တွင်းကသာ ပြောနေခြင်း ဖြစ်ချေသည်။

တကယ်တော့ ကိုအေးဆွေမှာ သူ့အတွက် ယူကျုံးမရတသသဖြစ်နေရခြင်းသာ ဖြစ်သည်။ ထို့ကြောင့်လည်း ရင်မှာဟာနေသည်။ ဒါတွင်မက နှလုံးသားများကပါ နာကျင်နေသည်။ သို့တစေလည်း သူ့အကြောင်းကိုသာ အတွေးစိတ်များက ထပ်တလဲလဲ ဝင်နေသည်။

ကြာတော့လည်း တွေးရုံ၊ ဆွေးရုံ၊ ငေးရုံနှင့် အားမရနိုင်တော့ပေ။ ထပ်၍ သိချင်စိတ်၊ ဖတ်ချင် စိတ်၊ မြင်ချင်စိတ်တို့က တားမနိုင်ဆီးမရ ပေါ်လာ သည်။ ထို့ကြောင့်လည်း ကိုအေးဆွေသည် နေရာမှ ထကာ အိပ်ရာခေါင်းအုံးအောက်တွင် ရှာသည်။ ဘာမျှမတွေ့ပေ။ အတန်ကြာအောင် မွှေနှောက် လှန်လှောရှာဖွေမှ တွေ့ရလေသည်။ထိုရှာတွေ့သောအရာကား စာအိတ်ရှည်ကြီးပင် ဖြစ်လေသည်။ ထို့နောက် ကိုအေးဆွေသည် အိပ်ရာပေါ်တွင်ပင် လှဲချလိုက်သည်။ ပြီးလျှင် စာအိတ်ရှည်ကြီးထဲမှ စာရွက်ခေါက်ကြီးကို ဆွဲထုတ်လိုက်ပြီး ဖြန့်လိုက်သည်။ ထပ်ခါတလဲလဲ ဖတ်ရလွန်း၍လည်း အလွတ် ရနေသလို ဖြစ်နေသည်။ သို့တစေလည်း ထပ်သိချင် ဖတ်ချင်နေသည်။ တကယ်တော့ ဒီလို သူ့စာကို ဖတ်နေရခြင်းကပင်လျှင် သူနှင့်တွေ့နေရသလို ဖြစ်နေသည် မဟုတ်ပါလော။

 

ကိုအေးဆွေ

တကယ်တော့ ဌေး မပြတ်သားလို့ ခုလိုမဖြစ်သင့် တာတွေ ဖြစ်ခဲ့ရတာကိုတော့ ဌေးဝမ်းနည်းလို့ မဆုံးပါဘူး။ ကိုအေးဆွေအနေနဲ့ ဌေးကိုခွင့်လွှတ်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကိုအေးဆွေရဲ့ ပတ်ဝန်းကျင်က ဌေးကိုခွင့်လွှတ်ကြမယ်မဟုတ်ပါဘူး။ တခြားလူမပြောနဲ့၊ ထွေးရီလိုကလေးမ တစ်ယောက်ကတောင် ဌေးအပေါ် အပြစ်မြင်နေသေးရင် တခြားလူဆိုတာကတော့ ပြောစရာမလိုတော့ပါဘူး။ နောက်ပြီး ဌေးဟာ ဦးလေးခရဲ့မျက်နှာ ကိုကော ဘယ်လိုလုပ်ကြည့်ရမလဲ။ ကိုအေးဆွေတို့ ပတ်ဝန်းကျင်တစ်ခုလုံးကိုကော ဘယ်လိုလုပ်ပြီး ရင်ဆိုင်ရမလဲဟင်။ ဒါကြောင့်မို့လည်း အခုလို ဟိုနေ့က ထွက်သွားခဲ့ခြင်းပါ။

ခုလို ဖြုန်းခနဲထွက်သွားတာကို ကိုအေးဆွေအနေနဲ့ တအံ့တသြဖြစ်ကျန်ရစ်ခဲ့မယ်ဆိုတာ သိပါတယ်။ ခုတစ်မျိုး ခုတစ်မျိုး လုပ်သွားတဲ့ ဌေးကိုလည်း နောက်တစ်ကြိမ် လှည့်စားသွားပြန်ပြီလို့ နာကြည်းစိတ်ဆိုးနေမှာကိုလည်း သိပါတယ်။

တကယ်တော့ ခုလိုဒေါ်ဘုမတစ်ယောက် ဆုံးပါးသွားရတာဟာ အစကမသိခဲ့ပါဘူး။ ဒီလို မသိလို့လည်း ဈေးကုန်းရွာကတည်းက ဘယ်လိုပဲဖြစ်ဖြစ် ဌေးဟာ ကိုအေးဆွေကိုပဲ လက်ထပ်ပြီး ပတ်ဝန်းကျင်ကို ရင်ဆိုင်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အပြေးလာခဲ့တာပါ။ ဒါပေမဲ့ ဌေးမျှော်မှန်းသလို ဖြစ်မလာဘူး။ ဌေးရဲ့ဆုံးဖြတ်ချက်ဟာ တစ်ခဏတာအတွင်းမှာပဲ မှားယွင်းသွားခဲ့ကြောင်း သိရပါတော့တယ်။

 

ဆက်လက်ဖော်ပြပါမည်။