နွေဦးကာလမြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၄-၁၀-၂၀၂၃ ရက်မှအဆက်

 

လေပြည် လေညင်းကလေးသည် ခေါင်းနီတောင်တန်းဘက်ဆီ တဝေ့ဝေ့တိုက်ခတ်လာသည်။ ထန်းဖိုနံ့ကလည်း လှိုင်၍လာသည်။

 

ခင်သန်းဌေး၏ဦးနှောက်တွင်းမှာလည်း အဘိဓမ္မာဆန်လှသော ကိုအေးဆွေ၏ စကားလုံးများက ရိုက်ခတ်လာသည်။

 

လေပြည်ကလေးသည် ခင်သန်းဌေး၏ နဖူးမှ ဆံစလေးများကို တလွင့်လွင့်နှင့် လှုပ်ယမ်းနေလေသည်။ ထို့အတူ ခင်သန်းဌေး၏ရင်တွင်းမှာ လည်း တလှပ်လှပ်နှင့် လှုပ်ခါနေလေသည်။

 

“တစ်ခါ တစ်ဖက်ကနေ ကြည့်မယ်ဆိုရင်လည်း လူသတ္တဝါတွေမှာ အချိန်တန်အရွယ်ရောက်လို့ လူလားမြောက်တဲ့ အရွယ်ကစပြီး လူ့လောကရဲ့တာဝန် ဝတ္တရားတွေကို ထမ်းဆောင်ကြသလို ဒီအဝိညာဏက ထန်းမောင်နှံဟာလည်း ထန်းလားမြောက်တဲ့ အရွယ်ကစပြီး သက်ရှိလူသတ္တဝါတွေ စားသုံးဖို့အတွက် ထန်းရည်၊ ထန်းလျက် အစရှိတဲ့ စားသုံး ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေ တယ်။ နောက်ပြီး တစ်ခါ ဒီထက်ပိုမို လေးနက်အောင် ပြောရဦးမယ်ဆိုရင် ထန်းပင်ရယ်လို့ဖြစ်လာပြီး၊ ဆင်ခြေပေါ် တဲ့အရွယ်ကစပြီး လူသားတွေအတွက် ထန်းရွက် ထန်းလက် ထန်းလျှော်အစရှိတဲ့ လူသုံးကုန်ပစ္စည်းတွေအဖြစ်နဲ့ လည်း မခိုမကပ် ထုတ်လုပ်ပေးနေတာ ဟာ ခုချိန်ထိပဲဆိုပါတော့။ ဒါဟာ သူတို့ ရဲ့စွမ်းအား လုပ်အားတွေကို ရှိသလောက် ထုတ်ပေးနေခြင်းပဲ”

 

လေးနက်လှသော ကိုအေးဆွေ၏ စကားများကြောင့် ခင်သန်းဌေးမှာ စိတ်မဝင်စားဘဲ မနေနိုင်ပါတော့ချေ။ တကယ်တော့ ကိုအေးဆွေသည် ကြောင်းကျိုး ဆက်စပ်နေပုံကို ဝိဇ္ဇာနည်းဖြင့် တွေးခေါ် ပြီးလျှင် သိပ္ပံနည်းကျကျအဖြေထုတ်၍ ပြဆိုနေခြင်းပင်။

 

“ဒါတင်လား၊ မဟုတ်သေးပါဘူး။ မျိုးဆက်ပြန့်ပွားဖို့အတွက်လည်း ဝတ္တရားကျေတယ်လို့ ဆိုရမှာပေါ့။ ကျွန်တော် ဆယ့်သုံးလေးနှစ်သား အရွယ်တုန်းကဆိုရင် ဒီနားကဖြတ်ပြီး ကျောက်ပန်းတောင်းကို သွားနေကျ။ ဒီတုန်းကဆိုရင် ဒီထန်းမောင်နှံ နှစ်ပင်ပဲ ရှိသေးတယ်။ အဲဒီတုန်းက သူတို့ဟာ သီးထွက်ခါစ ထန်းပျိုမောင်နှံပေါ့”

 

ထိုစဉ် ခင်သန်းဌေးတို့သည် ထိုထန်းမောင်နှံ၏ခြေရင်းဝယ် ရပ်မိလျက်သား ရောက်ရှိနေကြပြီ ဖြစ်လေသည်။

 

“ခုတော့ကြည့်စမ်းပါဗျာ။ သားတွေ သမီးတွေနဲ့ဝန်းရံပြီး နေလိုက်ကြတာ ဘယ်လောက်များ ချမ်းမြေ့စရာကောင်း လဲလို့”

 

ခင်သန်းဌေးမှာ စောစောက ပဟေဠိ ဆန်လှသော ကိုအေးဆွေ၏ ပဏာမ အချီစကားများကို ယခုမှ သဘောပေါက် နားလည်လာတော့သည်။

 

“အခုတော့ ကျွန်တော်က သူတို့ကို “မိသားစုထန်းတော” လို့ နာမည်ပေးထား လိုက်ပြီလေ”

 

ကိုအေးဆွေသည် ထန်းမောင်နှံ၏ ခြေရင်းပတ်လည်ဝယ် ဆင်တစ်ရပ် မြင်းတစ်ရပ်ဝန်းရံ၍ ပေါက်နေကြသော ထန်းသူငယ်လေး (ထန်းပင်ငယ်လေး များခေါ် ထန်းရိုင်းပင်လေး) များကို လက်ဖြင့် လှည့်ပတ်ဝှေ့ယမ်း၍ပြရင်း ရယ်မောလျက်နေလေသည်။

 

“အင်း၊ ဒီလိုဆိုတော့လည့် ကိုအေးဆွေ က စိတ်ကူးယဉ်သားနော်”

 

ထိုနောက်တော့ နှစ်ဦးသား ပြိုင်တူ ရယ်မောလိုက်ကြသည်။ ပုပ္ပားတောင် တစ်ခိုဝယ် မြူရိပ် မြူမှုန်လေးများသည် တရိပ်ရိပ်ထနေသည်။ နွေဦး၏တေးသံ ဖြစ်သော ဥဩပျိုငှက်သံသည် အဝေး တစ် နေရာဆီမှ သဲ့သဲ့ထွက်ပေါ်လာသည်။

 

“အဲဒီလိုအဝိညာဏကဖြစ်တဲ့ သစ်ပင်ဝါးပင်မျိုး၊ ဒီထန်းမောင်နှံကတောင် လောကရဲ့ သဘာဝ ဓမ္မတရားကို မလွန်ဆန်ကြပါပဲလျက် အချို့လူသတ္တဝါတွေဟာ လွန်ဆန်နေကြပါတယ်။ တာဝန်မကျေ ဖြစ်နေကြတယ်။ အဲဒီထဲမှာ ကျွန်တော် တို့လည်းပါတယ်လို့ ဆိုရမှာပေါ့”

 

ကိုအေးဆွေသည် ဘာကိုဆိုလို သနည်း။ ဤအမေးစကားက ခင်သန်းဌေး၏ ခေါင်းထဲသို့ ရုတ်ခြည်း ပြေးဝင်လာလေသည်။

 

“တစ်ခုတော့ရှိသပေါ့လေ။ ဒီနေရာမှာ အပိုင်းနှစ်ပိုင်းခွဲရပါလိမ့်မယ်။ ထန်းမောင်နှံဟာ လူသားတွေရဲ့ စားဝတ်နေရေး အတွက် စားကုန် သောက်ကုန်၊ လူသုံး ကုန်ပစ္စည်းတွေအနေနဲ့ ထုတ်လုပ်ပေးပြီး တာဝန်ကျေကျေ ထမ်းဆောင်ကြသလို ကျွန်တော်တို့ ဌေးဌေးတို့ဟာလည်း ယနေ့လက်ရှိ လူမှုအဆောက်အအုံကြီး တစ်ရပ်လုံးကိုတော်လှန်ပြီး ဆိုရှယ်လစ်လူ့ဘောင်သစ်သို့ ဦးတည် ချီတက်နေတဲ့ ကာလမျိုးမှာ ကျွန်တော်တို့ကလည်း တစ်တပ်တစ်အားအနေနဲ့ ကူညီတည် ဆောက်နေကြတယ်မဟုတ်လား”

 

ကိုအေးဆွေသည် သူ့စကားမှန်ကန်ကြောင်း ထောက်ခံလိုဟန်ဖြင့် ခင်သန်းဌေးအား ကြည့်ရင်းဆို၏။

 

ဘယ်လို တည်ဆောက်ကြသလဲ။ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်တဲ့၊ သွေးစုပ်တဲ့၊ ခြယ်လှယ်တဲ့၊ ဖိနှိပ် တဲ့၊ ချုပ်ချယ်တဲ့ အရင်းရှင်စနစ်ဆိုးတွေ ကို တိုက်ဖျက်တယ်၊ ခုခံတယ်၊ ကာကွယ် တယ်။ အဲဒီလို စနစ်ဟောင်းကို ချေမှုန်းပြီး စနစ်သစ်ဖြစ်တဲ့ တိုးတက်တဲ့ ဆိုရှယ်လစ် အတွေးအခေါ် အသိအမြင်နဲ့၊ တစ်ခါ လူသားတွေ အေးချမ်းစွာနဲ့ ဝတ်နိုင်၊ စားနိုင်၊ သောက်နိုင်၊ နေနိုင်အောင် လူသုံး ကုန်ပစ္စည်းတွေထွက်အောင်လုပ်တယ်။ လုပ်တဲ့နေရာမှာလည်း စုပေါင်းပြီး လုပ်တယ်။ ရလာတဲ့ အကျိုးကျေးဇူး ကိုလည်း အချိုးကျဝေငှယူတယ်။ လုပ်အားရှိသလောက်လည်း အကျိုးကျေးဇူး ခံစားရတယ်။ ဘယ်သူ့လုပ်အား၊ စွမ်းအား၊ ဉာဏ်အားအပေါ်မှ အမြတ်ထုတ်မှုဆိုတာမရှိရအောင် လုပ်တယ်။ ဒါတွေပါမက တခြား လူမှုရေးတွေပါ ပြည့်စုံအောင်လုပ်တယ်”

 

သူသည် ဤမည်သော ဆိုရှယ်လစ် သဘောတရားများကို မည်ကဲ့သို့သော သဘောဖြင့် ပြန်လည်ကာ ထပ်တလဲလဲ ပြောပြနေပါသနည်း။ သည်မျှအထိ အလေးအနက်ထား၍ ပြောနေပါလျှင် အကြောင်းတော့ ရှိရပေမည်။

 

“အဲဒီလို တစ်ပိုင်းက ထန်းမောင်နှံနည်းတူ လူသားတွေအတွက် အကျိုးပြုနေပေမဲ့ နောက်တစ်ပိုင်းကျတော့ ဒီထန်းမောင်နှံလို ကျွန်တော်တို့ဟာ အကျိုးမပြုသေးပါဘူး။ ဝတ္တရားမကျေသေး ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ပျော့ကွက်အားနည်းချက်လို့ ဆိုရပါ့ မယ်။ နှလုံးသားမှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်ကို မဖော်ထုတ်ရဲဘူးလို့ ဆိုရပါ့မယ်။ ဟော၊ ကြည့်စမ်းပါဌေးရယ်။ ဒီ ထန်းမောင်နှံမှာဆိုရင် သားတွေ သမီးတွေနဲ့။ ဟောဒီ ထန်းမောင်နှံလို ကျွန်တော် တို့မှာလဲ ...”

 

ကိုအေးဆွေ၏စကားက ဤတွင်ပင် ရပ်သွားသည်။သူ့စကားများသည် မိမိအား ရည်ရွယ်ကာ လူပျိုစကား ပြောနေခြင်းပေလား။

 

သည်အသိက ရုတ်တရက် ပြေးဝင်လာသောအခါ ခင်သန်းဌေး၏ရင်ဝယ် ဘောင်ဘင်ခတ်၍ သွားတော့သည်။ စောစောက ကိုအေးဆွေဆိုခဲ့သည့် ဘဝ၏လျှို့ဝှက်ချက်များကို ဖော်ထုတ် ပေးနိုင်မည့် ပြဒါးတိုင်တွေဆိုသည်မှာ ဤထန်းမောင်နှံကိုပင် သူ့အဘိဓမ္မာ နည်းဖြင့်သုံးသပ်ပြီး တင်စားကာ ခေါ်ဆို နေခြင်းပါတကား။

 

ထိုနောက်တွင်မူ ကိုအေးဆွေသည် အကဲခတ်ဟန်ဖြင့် ခင်သန်းဌေးကို ရွှန်းရွှန်း စားစား စူးစိုက်၍ ကြည့်လိုက်သည်။ ဤအကြည့်ကြောင့် ခင်သန်းဌေး၏ တစ်ကိုယ်လုံးသည် နွေးခနဲဖြစ်သွား၏။ မျက်လွှာကိုလည်း ချပစ်လိုက်ရ၏။ ခင်သန်းဌေးမှာ ကိုအေးဆွေ၏ မျက်လုံးအရှိန်ကို မခံနိုင်တော့ပါပေ။ ရင်ထဲမှာလည်း တလှိုက်လှိုက်ခုန်၍ တုန်လာတော့သည်။ ထိတ်လန့်ခြင်းတော့ မဟုတ် ပေ။ အမည်မဖော်တတ်သော ခံစားမှု ဝေဒနာတစ်ရပ်သာ။

 

“အို အို၊ ကျွန်တော့်စကား ရိုင်းသွားပါတယ်။ ပွင့်လင်းသွားပါတယ်။ ဒီလိုပါ ဌေးဌေး။ စနစ်တစ်ခုကို တည်ဆောက်တဲ့ နေရာမှာ တည်ဆောက်မယ့် ရဲဘော် ရဲဘက်တွေဟာ အတွေးတူ၊ အမြင်တူ၊ ယုံကြည်ချက်ချင်း ခံယူချက်ချင်းတူပါမှ စနစ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ တည်ဆောက်နိုင်သလို အိမ်ထောင်တစ်ခု ပြုတဲ့အခါမှာလည်း ဒီလိုပါပဲ။ တစ်သက် တာ ဘဝခရီးလမ်းတစ်လျှောက် လက်တွဲ သွားမယ့် ကြင်ဖော်ဟာလည်း အားလုံး အသွင်တူမှ အိမ်ထောင်ဟာ ခိုင်မြဲပြီး ဘဝဟာ ပျော်ရွှင်မှုအတိနဲ့ ပြည့်စုံမယ် မဟုတ်လား”

 

ကိုအေးဆွေသည် သူ့စကားကို ဖြတ်လိုက်ကာ မေးသလိုလိုနှင့် ဆို၏။ ခင်သန်းဌေးကမူ မည်သို့မျှ ထင်မြင်ချက် မပေး။ ပေးရန်လည်း မဝံ့။ ရင်ခုန်စွာဖြင့် သာ နားထောင်နေမိ၏။

 

“အဲဒီလို ဝါသနာချင်း၊ အသွင်ချင်း အားလုံးတူညီတဲ့ ကျွန်တော့်ရဲ့ ဘဝကြင်ဖော် ကို ရှာခဲ့ပါတယ်။ ဟော အခုတော့ တွေ့နေ ပါပြီ။ တွေ့တာ”

 

“ကိုရင်ရေ၊ ကိုရင်”

 

ကိုအေးဆွေမှာ သူ့ချစ်အဘိဓမ္မာကို ဆုံးအောင်ပင် မပြောလိုက်ရပေ။ မိသားစု ထန်းတော တစ်ဖက်စွန်းဆီမှ ထိတ်လန့်တကြား ရုတ်တရက် အော်ခေါ်လိုက်သော ထွေးရီ၏အသံကြောင့် ပြောနေဆဲစကားများကို တန့်ခနဲနေအောင် ရပ်ပစ်လိုက်မိရင်း အသံလာရာ ထွေးရီဘက်သို့ ရုတ်ခြည်း လှည့်ကြည့်လိုက်မိသည်။

 

ရင်တဖိုဖိုနှင့် ခံစားနေရသော ခင်သန်းဌေးမှာလည်း ကိုအေးဆွေနည်းတူ အသံလာရာ မိသားစုထန်းတောတစ်ဖက်စွန်း ဆီသို့ ဆတ်ခနဲ လှည့်ကြည့်လိုက်မိတော့သည်။

 

“အမယ်လေး ကိုရင်ရယ်၊ ရှာလိုက်ရတာ။ ဟို ဟိုမှာ ကိုကုလားကြီး ထန်းပင်ပေါ်က လိမ့်ကျနေလို့၊ အဖေက မြန်မြန် လာပါတဲ့”

 

အသံနှင့်အတူ ပျာလောင်စွာဖြင့် ထွေးရီလည်း ပေါ်လာတော့သည်။ ဖြစ်ပွားရာသို့ ကိုအေးဆွေတို့ အပြေးအလွှားရောက်ရှိ သွားသောအခါတွင်ကား လူတွေဝိုင်းအုံနေသော မမြင်ရက်စရာ ကိုကုလားကြီး၏ အလောင်းနှင့် ကြေကွဲသည်းထန်စွာ ဝမ်းနည်းပက်လက် ဟစ်အော်ငိုကြွေး နေကြရှာသော ကိုကုလားကြီး၏ ဇနီး၊ သားသမီးတို့အား ရင်ဆို့စရာ တွေ့မြင် လိုက်ရတော့သည်။

 

ဪ၊ ထန်းသမားဘဝဆိုသည်မှာ သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေသော ဘဝပါတကား။

 

ဆက်လက်ဖော်ပြပါမည်။