နွေဦးကာလမြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၁၈-၉-၂၀၂၃ ရက်မှအဆက်

“ကဲ ဦးဝင်းအောင် အိမ်ပေါ်ကိုသာတန်းကြွပါ။ ဒီမှာ အားနာစရာကြီး” ဟု ပြောပြောဆိုဆို နေရာမှ ထလိုက်သည်။

 

“အို အို အို နေပါစေ ဌေး။ ဒီပန်းခြံထဲမှာပဲ ကောင်းပါတယ်။ လေကောင်းလေသန့်လည်း ရပါတယ်”

 

ဦးဝင်းအောင်က ပျာပျာသလဲ ဆိုလိုက်လေသည်။

 

“ပြီးတော့ ...”

 

ဦးဝင်းအောင်သည် သူ့စကားကို ရုတ်တရက် ဖြတ်လိုက်ကာ ခင်သန်းဌေး၏ မျက်နှာလေးအား ရွှန်းရွှန်းစားစား ကြည့်လိုက်သည်။

 

“အခုလို ဌေးနဲ့ နှစ်ယောက်ချင်း အေးအေးဆေးဆေး တွေ့တုန်းမှာ   ဌေးကို   နည်းနည်း စကားပြောချင်လို့ပါ”

 

ဦးဝင်းအောင်က ယင်းသို့ နိဒါန်းခံ၍ ခွင့်တောင်း လိက်ပြီးနောက် ခင်သန်းဌေးထံမှ အဖြေကို စောင့် နေဟန်ဖြင့် ကြည့်နေသည်။

 

ခင်သန်းဌေးမှာ အိမ်ရှင်တစ်ယောက် ဖြစ်နေ၍ ဦးဝင်းအောင်၏စကားကို ငြင်းပယ်ရန် ခက်လှသည်။ ထိုကြောင့်လည်း ခင်သန်းဌေးသည် စကားလက်ခံပြောပါမည် ဟူသောအနေဖြင့် မူလနေရာ ခုံတန်းလျား တစ်ဖက်စွန်းသို့ ပြန်၍ ထိုင်ချလိုက်ရတော့သည်။

 

သည်တော့မှလည်း ဦးဝင်းအောင်သည် တစ်ဖက် ခုစွန်းသို့ ထိုင်ချလိုက်ရတော့သည်။

 

ထိုနောက်တော့ ခင်သန်းဌေးသည် ဦးဝင်းအောင်အား တစ်ချက်ဝင့်၍ အကဲခတ်လိုက်ရင်း သီကုံးလက်စ ဇွန်ပန်းလေးများကို ဆက်လက် သီကုံးနေ သည်။ ဦးဝင်းအောင် ပြောမည့်စကားကိုလည်း အသာနားစွင့်နေသည်။ ဘယ်လိုအကြောင်းအရာများ ဖြစ်လေသနည်း။

 

“တကယ်တော့ ကျွန်တော်ဟာ ဒီစကားကို ပြောဖို့ရည်ရွယ်နေတာဟာ အချိန်အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုပြောနိုင်ဖို့ အခြေအနေကလည်း အခွင့်မသာခဲ့ဘူး။ နောက်ပြီး ဌေးရဲ့သိက္ခာကိုလည်း တစ်ဖက်က လေးစားနေရပြန်တော့ ပြောသင့်မပြောသင့်ကို ချင့်ချိန်နေရပါသေးတယ်။  နောက်ဆုံးတော့ ဘာပဲ ဖြစ်ဖြစ် ကိုယ့်အသည်းနှလုံးမှာ ခံစားနေရတဲ့ ဝေဒနာတစ်ခုကို ကာယကံရှင်သိအောင်တော့ ဖွင့်ပြောသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အခုလို ဖွင့်ပြောရတာပါ”

 

ဦးဝင်းအောင်ဆိုလိုသည့်အဓိပ္ပာယ်ကို ခင်သန်းဌေး က ရိပ်မိလိုက်ပါပြီ။

 

ထိုကြောင့်လည်း  သူ့ကို ဖျတ်ခနဲ ကြည့်လိုက်၏။ သူသည်သူ၏ရှေ့ရှိ ဇွန်ပန်းချုံကို လေးနက်စွာ စူးစိုက် ၍ကြည့်ရင်း တစ်လုံးချင်းပြောပြန်သည်။

 

“နောက်ပြီးတော့လည်း ဌေးတို့၊ ကျွန်တော်တို့ အရွယ်တွေကလည်း မြီးကောင်ပေါက် အရွယ်ကလေးတွေလို တစ်ဦးနဲ့တစ်ဦး မေတ္တာစကားတွေ သီကုံးဖွဲ့နွဲ့နေကြရမယ့် အရွယ်တွေလည်း မဟုတ်တော့ပါဘူး။ “ဘာပဲ” ဆိုတာကိုသာ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့်ကြဖို့ပဲ ရှိတော့တာပဲ မဟုတ်လား”

 

ယခုတော့ ခင်သန်းဌေး၏ နှလုံးများသည် တုန်စ ပြုလာ၏။

 

ထိုကြောင့်လည်း ဇွန်ပန်းလေးများ သီရာတွင် အယောင်ယောင်အမှားမှား ဖြစ်လာ၏။

 

“အဲဒီတော့ ကျွန်တော် ဌေးကို လိုရင်းပဲ ပြောပါရ စေတော့”

 

ဦးဝင်းအောင်သည် သူ့စကားကို ရှေ့မဆက်ဘဲဖြတ်ထားသည်။ သည်ကဲ့သို့ ဦးဝင်းအောင်က သူ့စကား ကို ရှေ့မဆက်ဘဲ ဖြတ်ထားခြင်းသည် မိမိအားစူး စိုက်ကြည့်ကာ အကဲခတ်နေသည်ဟု ခင်သန်းဌေး က မော့မကြည့်ဘဲ စိတ်တွင်းက အလိုလိုသိနေသည်။

 

ထိုနောက် ဦးဝင်းအောင်၏ စကားလုံးများသည် တစ်လုံးချင်း လေးလေးပင်ပင် ထွက်လာတော့သည်။

 

“အဲဒီတော့ ကျွန်တော့်ကို ဌေး လက်ထပ်ပါလို့”

 

“ရှင်”

 

ခင်သန်းဌေးမှာ ကျဉ်စက်နှင့် အတို့ခံလိုက်ရဘိအလား တစ်ကိုယ်လုံးတွင် ကျဉ်ခနဲသောဝေဒနာ တစ်ရပ်ကို ပြင်းပြင်းထန်ထန်ကြီး ခံစားလိုက်ရသည်။ ထိုမှတစ်ဆက်တည်းလည်း တုန်လှုပ်ချောက် ချား၍သွားကာ ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။

 

အမှန်တော့လည်း ခင်သန်းဌေးမှာ ယခုကဲ့သို့ အသက်အရွယ်ရောက်လာသည့်တိုင်အောင် မည်သို့သော ဖိုသတ္တဝါ ယောက်ျားတစ်ဦးတစ်ယောက်၏ လူပျိုစကားအပြောခံရခြင်းကို သည်ကဲ့သို့ တေ့တေ့ဆိုင်ဆိုင် မျက်နှာချင်းဆိုင်တွင် တစ်ခါဖူးမျှ အပြောအဆို မခံရဖူးခဲ့ချေ။ အထက်တန်းကျောင်းတွင် လည်းကောင်း၊ တက္ကသိုလ်တွင်လည်းကောင်း ယောက်ျားပျိုတို့၏ မေတ္တာစာအပေးခံရခြင်းမျိုးတော့ ရှိခဲ့ဖူး၏။ သို့သော် မတုန်လှုပ်ခဲ့။ ဂရုလည်း မစိုက်ခဲ့။ သိုသိုသိပ်သိပ်နှင့် ကိုယ့်သိက္ခာကိုအမြဲ စောင့်ထိန်း၍ မှန်မှန်တည်တည် နေခဲ့သည်။

 

တစ်ခုတော့ရှိသည်။ ကိုအေးဆွေတစ်ယောက်နှင့်တော့ မောင်နှမလို၊ သူငယ်ချင်းလို ရင်းနှီးစွာဖြင့် နေခဲ့သည်။ ထိုမှ မပိုခဲ့။

 

ထိုကြောင့်လည်း ခင်သန်းဌေးမှာ ရှက်ခြင်း၊ ကြောက်ခြင်း၊ ရွံ့ခြင်းတို့သည် တစ်မုဟုတ်ချင်း ဖြစ်ပေါ်လာကာ တစ်ကိုယ်လုံးသည် ဆတ်ဆတ် တုန်လာသည်။ မျက်နှာမှာလည်း ရှက်သွေးများ ဖြာ၍ လျှံတက်လာတော့သည်။ မည်သို့သော စကားမျိုးကို ပြန်လည်ပြောရမှန်း မသိအောင်ပင် ကတုန်ကယင်ကြီး ဖြစ်လာတော့သည်။

 

“ဌေး၊ ကျွန်တော့်ကို စိတ်ဆိုးသလား”

 

ဦးဝင်းအောင်က ခင်သန်းဌေး၏ မျက်စိပျက်မျက်နှာပျက်ဖြစ်ကာ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည့် အခြေအနေကို အကဲခတ်လျက် မေးလိုက်သည်။

 

“စိတ်မဆိုးပါနဲ့ ဌေးရယ်၊ တကယ်တော့ ကျွန်တော့် ရင်ထဲမှာရှိတာကို ဖွင့်ပြလိုက်တာပါပဲ။ ဌေး စိတ်ဆိုး ရင်လည်း ကျွန်တော်ခံဖို့ အသင့်ပါပဲနော် ဌေး။ စိတ်မဆိုးပါနဲ့နော်”

 

ဦးဝင်းအောင်က ပျာပျာသလဲနှင့် တောင်းပန်တိုးလျှိုးနေသည်။ ခင်သန်းဌေးကမူ မည်သို့မျှ ပြန်မပြော။ ခေါင်းငုံ့၍သာ တုန်ယင်နေသော လက်ဖျားလေးများဖြင့် ဇွန်ပန်းလေးများကို ဇောက်ထိုး ပြောင်းပြန် သီချင်သလိုသီနေသည်။

 

“ပြီးတော့ အခု အဖြေပေးရမှာလည်း မဟုတ်ပါဘူး။ ဌေး စဉ်းစားပါ။ အချိန်ယူပြီး လေးလေး နက်နက် စဉ်းစားပါ။ အဖြေရတဲ့နေ့ကျမှသာ ကျွန်တော့်ကို စကားပြန်ပါလို့။ ကဲ ဌေး ကျွန်တော် ပြန်ဦးမယ်နော်”

 

ဦးဝင်းအောင်သည် သူ့ဖဲ သူ့ဟာသူချိုး၊ သူ့ဟာသူ ဝေကာ သူ့ဟာသူစားသွားသော ဖဲသမားတစ်ယောက်ကဲ့သို့ ယခုလည်း ဦးဝင်းအောင်မှာ ရောက်သည့်အချိန်မှစ၍ သူပြောချင်သည့်စကားများကို သူ့ဟာသူ တရစပ် ပြောသွားကာ ဆုံးဖြတ်ချက်ကိုလည်း သူ့ဟာသူပေး၍ သူ့ဟာသူယူသွားသည်။ ထိုနောက်တော့ သူသည် ပြောပြောဆိုဆို နေရာမှထလိုက် သည်။

 

“ဟင် ကိုဝင်းအောင်ပါလား”

 

ထိုအခိုက် ဒေါ်လေးသည် တစ်ဖက်ပန်းချုံကြားထဲမှ ရုတ်တရက်ပေါ်လာရင်း ဦးဝင်းအောင်အား နှုတ်ဆက် လိုက်သည်။ ဦးဝင်းအောင်သည် ရုတ်တရက်တော့ ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပြီးမှ ဣန္ဒြေဆည်လျက်-

 

“ဟုတ် ဟုတ်ကဲ့ မညွန့်မေ” ဟု ပြန်လည်နှုတ်ဆက်လိုက်၏။

 

“ဪ ကြည့်စမ်း၊ အားနာစရာကြီး ဌေးရယ်။ အောက်မှာ ဧည့်ခံရတယ်လို့။ ကဲ ကဲ ကိုဝင်းအောင်၊ အိမ်ထဲကိုသွားရအောင်ပါ။ ဘယ် ဒီမှာမကောင်း ပါဘူး၊ အားနာစရာကြီး”

 

ဒေါ်လေးသည် ဦးဝင်းအောင်အား ရွှန်းရွှန်း ဝေအောင်ပြောရင်း အိမ်ထဲသို့ ဖိတ်ခေါ်နေသည်။

 

“နေပါစေ မညွန့်မေ။ ကျွန်တော် ရောက်တာလည်း ကြာပါပြီ။ အခု ကျွန်တော်ပြန်တော့မလို့”

 

“ဘယ်ဟုတ်ရမှာလဲ ကိုဝင်းအောင်ရဲ့၊ ရောက်တဲ့အခါ အေးအေးဆေးဆေးပေါ့။ ထမင်းစားပြီးမှပြန်တာပေါ့။ မနက်က ဈေးက ယုန်သားရလာလို့ ယုန်သား ဟင်း ချက်ထားတယ်။ ကိုဝင်းအောင် အကြိုက် ဟင်းလေ”

 

“ကျေးဇူးတင်ပါတယ် မညွန့်မေ၊ မစားပါရစေနဲ့တော့။ ညနေ ၆ နာရီမှာ အစည်းအဝေးသွားဖို့အတွက် အချိန်နီးကပ်နေလို့ပါ။ အခု ၅ နာရီတောင် ခွဲနေပါပြီ။ နောက်တော့ စားပါ့မယ်ဗျာနော် မညွန့်မေ။ ကဲ ကျွန်တော်ပြန်ပါဦးမယ်။ ဌေး ကျွန်တော်ပြန်မယ်နော်”

 

ဒေါ်လေး မညွန့်မေက မည်ကဲ့သို့ပင် ရွှန်းရွှန်းဝေအောင်ပြောပြီး လောကွတ်တွေချော်နေစေကာမူ ဦးဝင်းအောင်ကတော့ ပြောပြောဆိုဆိုနှင့်ပင် နှုတ်ဆက်၍ ထွက်သွားတော့သည်။

 

သည်တော့မှလည်း ခင်သန်းဌေးမှာ ဣန္ဒြေရလာ၍ ခေါင်းလေးမော့ကာ ကြည့်ရဲတော့သည်။ သို့တစေလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားသူပမာ မလုံမလဲဖြစ်နေသည်။

 

ဤသည်တို့ကို ရိပ်စားမိသောဒေါ်လေးသည် ခင်သန်းဌေးအား တစ်လှည့်၊ ထွက်ခွာသွားသော ဦးဝင်းအောင်အားတစ်လှည့် မျက်မှောင်လေးကုတ်၍ ကြည့်ရင်း အကဲခတ်နေတော့သည်။

 

[ ၃၁ ]

 

ထိုအချိန်မှစ၍ ခင်သန်းဌေးသည် ဦးဝင်းအောင်နှင့် နှစ်ယောက်ချင်း မတွေ့ဆုံမိအောင် အတတ်နိုင်ဆုံး ရှောင်နေတော့သည်။ ဧည့်ခန်းတွင်လည်းကောင်း၊ ပန်းခြံထဲတွင်လည်းကောင်း ဦးဝင်းအောင် လာတတ်သော အချိန်များတွင်တစ်ယောက်တည်း ထိုင်နေခြင်းကို တမင်ရှောင်ကြဉ်၍နေသည်။ မေမေ၊ ဖေဖေ၊ ဒေါ်လေးတို့ရှိလျှင်သာ ရဲရဲထိုင်ဝံ့တော့သည်။ အကယ်၍ ထိုအချိန်များတွင် ဦးဝင်းအောင်ရောက်လာလျှင် ခင်သန်းဌေးသည် မသိမသာ ရှောင်ခွာထွက်လာ တတ်သည်။

 

တစ်ခါတစ်ရံ ခင်သန်းဌေးတစ်ယောက် သူ့အခန်းထဲတွင်ရှိနေစဉ် ဦးဝင်းအောင်သည် ရောက်လာတတ်ကာ ခင်သန်းဌေးအားမမြင်၍ မေးတတ်သည်။ ထိုနောက် မေမေကပါ ခေါ်ယူတတ်သည်။ ထိုအခါများတွင် ခေါင်းကိုက်သည်၊ ခါးကိုက်သည်ဟု အကြောင်းပြကာ အတွေ့မခံဘဲ နေလိုက်သည်။

 

တစ်ခါတစ်ရံ ခင်သန်းဌေးသည် ဧည့်ခန်းတွင် အမှတ်မဲ့ဆိုသလို တစ်ယောက်တည်းထိုင်နေစဉ် ဦးဝင်းအောင် ဗြုန်းခနဲဆိုသလို ရောက်လာတတ်၏။ ထိုအခါ ခင်သန်းဌေးသည် သူစကားမစမီပင် မီးဖိုချောင်ဘက်သို့ ကော်ဖီဖျော်ရန် အကြောင်းပြ၍ ချက်ချင်းလိုပင် ထွက်လာတတ်သည်။ ထိုနောက်ဒေါ်လေးကိုပါ တွေ့အောင်ရှာပြီး ဧည့်ခန်းသို့ ခေါ်သွားတတ်သည်။

 

ဒေါ်လေးကမူ ဦးဝင်းအောင်နှင့်သာ စကားပြောရမည်ဆိုလျှင် ထမင်းမစား၊ ဟင်းမစား ပြောမည့် ဒေါ်လေးပင်။ အများအားဖြင့်လည်း ဦးဝင်းအောင်မို့ ရောက်လာလျှင် ဒေါ်လေးကသာ ဧည့်ခံစကားပြောတတ်သည်။ တကယ်တော့ မေမေ၊ ဖေဖေ တို့က သူတို့ကိစ္စအသီးသီးဖြင့် ဟိုဟိုသည်သည် သွားလာနေတတ်ရာ အမြဲတမ်းအိမ်မြဲနေသူမှာ ဒေါ်လေးတစ်ယောက်သာ ဖြစ်သည်။

 

ဆက်လက်ဖော်ပြပါမည်။