နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁၁-၉-၂၀၂၃ ရက်မှအဆက်

ယခုမှ ခင်သန်းဌေးတွင် အဓိပ္ပာယ်ရှင်းသွားသည်။ ထိုစဉ် အဆောက်အအုံများအတွင်းမှ အလုပ်သမား အမျိုးသား အမျိုးသမီးများသည် အလျှိုအလျှို ထွက်လာကြသည်။ ထိုနောက် အချို့သည် စုပေါင်းထန်းလုပ်ငန်းဝင်းကြီး၏ အပြင်ဘက်သို့လည်းကောင်း၊ အချို့ကမူ အဆောက်အအုံတစ်ခုမှ တစ်ခုသို့လည်းကောင်း သွားလာဝင်ထွက်နေကြသည်။ အဝေးရှိ ထန်းပင်များအောက်တွင်မူ ထန်းလှီးဓားအိမ် များကို ခါးတွင်ထိုးချိတ်၍ ရင်းထောင် (ထန်းတက် လှေကား) များမလျက် သွားလာလှုပ်ရှားနေကြသော ထန်းတက်သမား ယောက်ျားအလုပ်သမား တို့အားလည်းကောင်း၊ သီချင်းတကျော်ကျော် သီဆိုရင်း မြူအိုး၊ ရွက်အိုးများကို အထမ်းများဖြင့် ထမ်းလျက် သယ်ယူကူးသန်းသွားလာနေကြသော လုံမပျိုလေးတို့အားလည်းကောင်း မြင်တွေ့နေရသည်။

စောစောကမူ အဆောက်အအုံများအတွင်း၌ အလုပ်လုပ်နေချိန်ဖြစ်၍ ဆူညံခြင်းမရှိလှ။ တစ်ဖန် အလုပ်သမားတို့၏ ဟိုမှသည်မှ လှုပ်ရှားသွားလာမှုလည်း များစွာမရှိလှ။ ယခုတော့မူ စုပေါင်းနယ်မြေ ဘုံထန်းတောများတစ်ဝိုက်ဝယ် အလုပ်သမားတို့၏ ဟိုမှသည်မှ မေးထူးခေါ်ပြောသံတို့မှာ သောသောညံ နေတော့သည်။ ထို့ပြင် ထိုမှသည် ဤမှာဘက်သို့ လည်းကောင်း၊ သည်မှသည် ဟိုမှာဘက်သို့လည်း ကောင်း ကူးလူးသွားလာနေကြသော အလုပ်သမား အမျိုးသား အမျိုးသမီးတို့၏ လှုပ်ရှားနေမှုကလည်း ရှုပ်ယှက်ခတ်နေတော့ရာ စိမ်းညို့ညို့ ထန်းတော များအောက်ဝယ် လုပ်သားတို့၏ တူညီသော စိမ်းလဲ့လဲ့ လုံချည်ရောင်များက လွှမ်းခြုံနေတော့သည်။ 

“အင်း၊ ဒီလိုဆိုတော့လည်း ပျော်စရာကြီးပဲနော်”

ခင်သန်းဌေးသည် ဤသို့ ရေရွတ်လိုက်ရင်း ကိုအေးဆွေဘက်သို့ လှည့်ကြည့်လိုက်ရာ ကိုအေးဆွေ က မိမိအား ရွှန်းရွှန်းစားစား ငေးစိုက်ကြည့်နေသည်ကို တွေ့ရသည်။ သူ၏မျက်လုံးများသည် ရွှန်းလဲ့ တောက်ပပေသည်။ သည်ကဲ့သို့ အကြည့်ချင်းဆုံလိုက် သောအခါ ရင်တွင်းဝယ် တသိမ့်သိမ့်ခုန်၍ လှုပ်ရှားသွားသည်။ ထိုကြောင့်လည်း ခင်သန်းဌေးမှာ ကိုအေးဆွေ၏ မျက်လုံးအရှိန်ကို မခံနိုင်တော့ပေ။ ချက်ချင်းပင် မျက်နှာကို လျင်မြန်စွာ အောက်သို့ငုံ့ချ လိုက်ရသည်။ သို့တစေ၊ ရင်တွင်းမှာတော့ လှိုင်းထလျက်။ 

“ဌေးရေ”

ဒေါ်လေး၏အသံက နောက်နားဆီမှ ရုတ်တရက် ပေါ်လာသည်။ ထိုအခါ ခင်သန်းဌေးမှာ လန့်ဖျပ်သွား သလိုဖြစ်သွားကာ ဖျတ်ခနဲ နောက်သို့လှည့်ကြည့် လိုက်မိသည်။

“ပြန်စို့လေ”

ဒေါ်လေးသည် ခေါ်ရင်းပြောရင်း အနားသို့ ရောက်လာတော့သည်။

[ ၂၉ ]

“ဦးနှင့် ဒေါ်ဒေါ်တို့ကော”

စုပေါင်းထန်းလုပ်ငန်းမှ ပြန်လာပြီးသည့်နောက် ညနေချမ်းတွင် အိမ်ရှေ့ဧည့်ခန်း၌ ထိုင်ကာ မဂ္ဂဇင်းစာအုပ်ကို စိတ်ဝင်စားစွာဖတ်နေသော ခင်သန်းဌေးသည် ထိုမေးလိုက်သံကြောင့် စာကြည့်နေရာမှ ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။ အသား ဖြူဖြူ၊ မျက်လုံးကောင်း၊ မျက်ခုံးကောင်း၊ နှာတံပေါ်၊ ဂိုက်ကောင်း ဆိုက်ကောင်း ယောက်ျားပျိုတစ်ဦးကို သူ့ရှေ့တွင် အံ့အားသင့်စရာ တွေ့လိုက်ရသည်။

“ဪ၊ ကိုဝင်းအောင်ပါလား။ ထိုင်လေ”

ခင်သန်းဌေးက ကြောင်ကာ ကြည့်နေစဉ် ဧည့်ခန်းသို့ ရုတ်တရက်ရောက်လာသော မညွန့်မေက ယင်းသို့ ရင်းနှီးစွာ ခေါ်ယူနှုတ်ဆက်ရင်း ဖိတ်ခေါ်နေရာပေးနေလေသည်။

သည်တော့မှ ခင်သန်းဌေးမှာ ဖေဖေ၊ မေမေနှင့် ဒေါ်လေးတို့ပြောနေသော မကြာမီက ပြောင်းရွှေ့လာသည့် မြို့ပိုင်ဦးဝင်းအောင်ဆိုသည်မှာ ဤသူပင် ဖြစ်ပေမည်ဟု အောက်မေ့မိလိုက်သည်။

ထိုစဉ်မှာပင် ဦးမြမောင်၊ ဒေါ်လှတင်တို့လည်း ဧည့်ခန်းသို့ ရောက်ရှိလာကြကာ တရင်းတနှီး နှုတ်ဆက်စကား ပြောနေကြသည်။

“မောင်ဝင်းအောင်၊ ဟောဒါ ဒေါ်ဒေါ်တို့သမီး ခင်သန်းဌေးလေး။ ကျောင်းကပြန်ရောက်လာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ သမီး၊ ဒါ မောင်ဝင်း အောင်လေ”

“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။ လူချင်းခုမှသိရမဲ့ ဒေါ်ဒေါ်တို့ပြောစကားနဲ့ နာမည်ကို ရင်းနှီးနေတာကိုတော့ ကြာပါပြီ”

ဒေါ်လှတင်က ခင်သန်းဌေးနှင့် ဦးဝင်းအောင်ကို အပြန်အလှန် မိတ်ဆက်ပေးနေသည်။ ခင်သန်းဌေး ကမူ တည်တည်ခံ့ခံ့လေး ပြုံး၍ပြရင်းသာ အသိအမှတ်ပြုကြောင်း အမူအရာပြလေသည်။

ယင်းသို့ဖြင့် ခင်သန်းဌေးမှာ ဦးဝင်းအောင်နှင့် စတင်ကာ သိကျွမ်းရင်းနှီးခဲ့ရလေသည်။

ထိုနောက်ဝယ် ဦးဝင်းအောင်သည် ခင်သန်းဌေး တို့အိမ်သို့ မကြာခဏဆိုသလို အဝင်အထွက်များလာတော့သည်။ မည်သို့ပင် အဝင်အထွက်များနေသော်လည်း ခင်သန်းဌေးကမူ ဘာသိဘာသာနေခဲ့လေသည်။ အကယ်၍ ဦးဝင်းအောင် ရောက်လာသည့် အချိန်နှင့် ခင်သန်းဌေးကလည်း ဧည့်ခန်းတွင်ရှိနေပြီးနှင့် ကြုံကြိုက်နေပါက ခင်သန်းဌေးမှာ မလွှဲသာသဖြင့် အိမ်သည်ဝတ္တရားအရ ဧည့်ဝတ်ပြုရသည်။ အခြားမိဘများ၊ အဒေါ်များနှင့်အတူရှိနေပါမူ အမှတ်တမဲ့ ရှောင်ထွက်ခဲ့သည်။ ကြာသော် တစ်ဦးနှင့်တစ်ဦး ရင်းနှီးစေရန် အကြောင်းက ဖန်တီးလာသည်။

သင်္ကြန်တွင်းက ဖြစ်၏။ မိတ္ထီလာမြို့မှ ဦးဝင်းအောင် ၏ မိဘများနှင့် ညီမပျိုများပါသော အိမ်ထောင်စု တစ်ခုလုံးသည် ဦးဝင်းအောင်ထံသို့ အလည်အပတ် ရောက်လာကြသည်။ ဤတွင် ခင်သန်းဌေး၏ မိဘများသည် ဦးဝင်းအောင်မိဘများနှင့် မိတ်ဟောင်း ဆွေဟောင်းများဖြစ်ကြ၍ မြို့ခံအိမ်ရှင်များ၏ ဝတ္တရားအရ ထမင်းဖိတ်ကာ ကျွေးမွေးကြလေသည်။

ထိုနောက် သင်္ကြန်အကြတ်နေ့တွင် ဦးဝင်းအောင် နှင့် သူ့ညီမပျိုသုံးယောက်တို့သည် ပုပ္ပားသို့ ရေကစားသွားကြရာ ဦးဝင်းအောင်၏ ညီမလေးများက ခင်သန်းဌေးအား အတင်း မရမက ခေါ်သွားကြသည်။ ထိုအခါမှစ၍ ခင်သန်းဌေးနှင့် ဦးဝင်းအောင်တို့မှာ တစ်ဦးနှင့်တစ်ဦး ရေလောင်းကစားကြရာမှ ရင်းနှီးသွားကြသည်။ ပြောရဲဆိုရဲ အခြေအနေသို့ ရောက်လာသည်။ တစ်ဦးနှင့်တစ်ဦး “မြို့ပိုင်မင်း” “မခင်သန်းဌေး” ဟု ခေါ်ဝေါ်သုံးနှုန်းနေရာမှ “ဦးဝင်းအောင်” “ဌေး” ဟူသော ရင်းနှီးစွာ ဆက်ဆံခေါ်ဝေါ် သည့်အခြေအနေမျိုးသို့ ရောက်လာကြလေသည်။

ဤသည့်နောက်တွင်မူ ဦးဝင်းအောင်သည် ခင်သန်းဌေးတို့အိမ်သို့ ပိုမိုအဝင်အထွက်များလာခဲ့လေသည်။ မကြာခဏဆိုသလိုလည်း လက်ဆောင် ပစ္စည်းလေးများ ယူလာတတ်သည်။ တစ်စတစ်စနှင့် ကြာသော် ဦးဝင်းအောင်သည် ခင်သန်းဌေးနှင့် တွေ့နိုင်သောအချိန်မျိုးမှသာ ရွေးချယ်လာတတ် လေ့ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် နွေရာသီ ကျောင်းပိတ်ပြီး၍ ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ရာ ခင်သန်းဌေးမှာလည်း ဘီအေ (အီးဒီ) အောင်မြင်ပြီး ဖြစ်သည့်ပြင် လက်ပံပင်ရွာရှိ အလယ်တန်းကျောင်းလေးတွင် ကျောင်းဆရာမအဖြစ် အလုပ်လုပ်နေပြီ ဖြစ်လေသည်။ ထိုကြောင့်လည်း ဦးဝင်းအောင် သည် ခင်သန်းဌေးနှင့်တွေ့နိုင်သော ကျောင်းအား သောရက်များ၊ ကျောင်းတက်ချိန်မဟုတ်သော အချိန်အခါမျိုးများတွင်သာ လာလည်တတ်လေသည်။
ခင်သန်းဌေးအလုပ်လုပ်သည့်ကျောင်းမှာ ကိုအေးဆွေ ငယ်စဉ်ကနေခဲ့ရသော ကျောင်းဖြစ်လေသည်။ ခင်သန်းဌေးသည် အခြားအဖော်ဆရာမနှစ်ဦးနှင့် အတူ ကျောက်ပန်းတောင်းမှ နေ့စဉ်သွား၍ ကျောင်းတက်လေသည်။

ကျောင်းတက်သွားတိုင်း ခင်သန်းဌေးတို့သည် ကိုအေးဆွေတို့၏ စုပေါင်းထန်းလုပ်ငန်းဌာန ဝင်းကြီး၏ရှေ့မှ ဖြတ်သွားလေ့ရှိသည်။ တစ်ခါတစ်ရံ တွင်မူ ခင်သန်းဌေးတို့သည် စုပေါင်းထန်းလုပ်ငန်း ဝင်းကြီးထဲရှိ ကိုအေးဆွေထံသို့ အလည်အပတ် ဝင်ရောက်သွားလေ့ရှိသည်။

ယင်းသို့ တွေ့ကြပြီဆိုလျှင် ကိုအေးဆွေနှင့် ခင်သန်းဌေးတို့သည် ရှေးခေတ်စာပေများအကြောင်း၊ မျက်မှောက်ခေတ် စာပေများအကြောင်း၊ နိုင်ငံရေး များအကြောင်း၊ ကမ္ဘာ့နိုင်ငံရေးများအကြောင်း၊ မိမိတို့ခံယူချက်နှင့် သဘောတရားရေးရာများ အကြောင်း စသည်တို့ကို စကားအကြောင်း ဆိုက်လာသလို ဝေဖန်ဆွေးနွေးရင်း အချိန်ကုန်ခဲ့ကြလေသည်။

သို့ဖြင့် တစ်နေ့တွင် ကိုအေးဆွေ၏ရင်ကို တုန်လှုပ်ချောက်ချားသွားစေသည့် သတင်းစကားကို လှကြည် ထံမှကြားရလေသည်။ အရာရှိဆိုသူ ဦးဝင်းအောင် သည် ခင်သန်းဌေးတို့အိမ်သို့ အဝင်အထွက်များနေကြောင်း၊ ပြီးခဲ့သည့် သင်္ကြန်တွင်းကဆိုလျှင်လည်း ခင်သန်းဌေးသည် ဦးဝင်းအောင်နှင့်အတူ ပုပ္ပားသို့ ၎င်း၏ကားလေးဖြင့် ရေကစားပင် သွားကြကြောင်း စသည်တို့ကို လှကြည်က ဆိုလာချေတော့သည်။

“ဒါကြောင့် ငါ မပြောလား၊ ဒီ ဦးဝင်းအောင် တစ်ယောက် ဒီရောက်လာတာကတော့ မင်းအဖို့ ဓမ္မန္တရာယ်ပဲလို့”

“မင်းကလဲကွာ၊ သူတို့ ဆွေမျိုးသားချင်းတွေမို့ ဒီလောက် ရင်းရင်းနှီးနှီး ဝင်ထွက်နေမှာ ရှိမှာပေါ့”

ကိုအေးဆွေက လျှော့ပေါ့၍တွက်ကာ ဖြေစိတ်နှင့်ဆို၏။ 

“အေးဆွေရာ၊ တုံးလိုက်ပါဘိတော့။ ဒီမှာကွ၊ တကယ် ဆွေမျိုးတော်တာက တို့ဌာနပိုင်ကတော် ဒေါ်စိန်စိန်နဲ့မှ မောင်နှမဝမ်းကွဲတော်တာကွ။ ဒီမှာ အေးဆွေ၊ မင်းစဉ်းစားကြည့်စမ်း။ ဒီ ဦးဝင်းအောင် ဆိုတာက အရာရှိ လူပျို လူငယ်တစ်ယောက်။ ဒီတော့ ဒီလိုမြို့နယ်အရာရှိ လူပျို လူငယ်တစ်ယောက်က သမီးပျိုရှိတဲ့ မြို့မျက်နှာဖုံး လူချမ်းသာအိမ်ကို လမ်းရေထွက်ခမန်း ဝင်ထွက်သွားလာနေတာဟာ ဘာကြောင့်ဆိုတာ မင်း စဉ်းစားကြည့်စမ်း”

ယင်းသို့သော လှကြည်၏ စကားများသည် ကိုအေးဆွေဦးနှောက်ကို တွေဝေစေသည်။ သံသယ ဖြစ်စေသည်။ အသည်းကြားတွင်လည်း မထိတထိ နှင့် နာကျင်စေလေသည်။

[ ၃၀ ]

“ဪ၊ ဦးဝင်းအောင်”

တစ်ညနေတွင် ခင်သန်းဌေးသည် ပန်းခြံတွင်းရှိ ခုံတန်းလျားပေါ်တွင်ထိုင်ကာ အင်္ဂလိပ် ဇွန်ပန်းလေးများကို နက်ဖြန်ခါကျောင်းတက်ရင်း ပန်ရန်အတွက် အပ်ချည်စဖြင့် သီကုံးနေစဉ် မိမိထံသို့ ရှေးရှုလာနေသော ဦးဝင်းအောင်ကို တွေ့လိုက်ရသဖြင့် နှုတ်ဆက် လိုက်ခြင်းဖြစ်၏။

အနီးသို့ရောက်လာသော ဦးဝင်းအောင်က ခုံတန်းလျားတစ်ဖက်စွန်းတွင် ဝင်ထိုင်ရန် ဟန်ပြင်လိုက်သည်။

ဤတွင် ခင်သန်းဌေးသည် သီကုံးလက်စ ဇွန်ပန်းကုံးလေးကို ပန်းလေးများထည့်ထားသော ကြေးဖလားထဲသို့ ထည့်လိုက်ရင်း-

ဆက်လက်ဖော်ပြပါမည်။