နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၁-၈-၂၀၂၃ ရက်မှအဆက်

“ထွေးရီနဲ့ သိပ်လိုက်တာပဲကွယ်။ ဌေးဖြင့် ထွေးရီနဲ့ လိုက်မှလိုက်ပါ့မလားလို့ စိတ်တထင့်ထင့်နဲ့”

“ဘယ်လောက်ပေးရလဲဟင် မမဌေး၊ ကျွန်မဖြင့် ဝမ်းသာလိုက်တာတော်”

ထွေးရီမှာ မုန့်စားရတော့မည့် ကလေးငယ် တစ်ယောက်ကဲ့သို့ ပီတိရွှန်းနေသောမျက်နှာဖြင့် ဆွေ့ဆွေ့ခုန်မတတ် ဝမ်းသာနေသည်။ ပုလဲကုံး လေးကိုလည်း လည်ပင်းတွင် ဆွဲကြည့်လိုက်၊ လက်ထဲတွင် ဆွဲဆန့်ကြည့်လိုက်နှင့် ဖြစ်နေသည်။

“မပေးရပါဘူးကွယ်၊ ဆယ့်ငါးကျပ်ထဲပါ”

“ဟယ်၊ အများကြီး အဖိုးတန်တာပဲနော်”

‘ဟဲ့၊ နင်ကလည်း သလောက်အဖိုးတန်တာကြီးကို နင့်မို့ ဝယ်ပေးတာပေါ့ဟာ။ တို့ဖို့ဆို ဘာမှပါပါ ဘူးဗျာ”

ကိုအေးဆွေက ဝင်နောက်လိုက်၏။

“အောင်မယ်၊ ကိုရင်က ယောက်ျားတန်မဲ့ကြီးနဲ့ ဘာမို့လို့ဝယ်ပေးရမှာတုံး၊ မှုတ်ဖူးလားနော် မမဌေး”

ထွေးရီသည် ကိုအေးဆွေအား လှည့်၍ ရန်တွေ့လိုက်ရင်းက ခင်သန်းဌေးဘက်ပါ လှည့်၍ အဖော်ညှိလိုက်၏။ ခင်သန်းဌေးကမူ ပြုံး၍သာနေ၏။

ထိုနောက် ခင်သန်းဌေးနှင့် ထွေးရီတို့က ဟိုစကားသည်စကားပြောနေကြစဉ် ကိုအေးဆွေကလည်း ရေးလက်စစာရင်းကို ဆက်လက်ရေးနေ၏။ အတန်ကြာလျှင် ကိုအေးဆွေက ထွေးရီဘက်သို့ လှမ်းမေးလိုက်သည်။

“ဟဲ့ ထွေးရီ၊ ဒီနံပါတ် ၆ ထန်းတောက ထန်းရည်ရတာ ရုတ်တရက်လျော့သွားပါလား။ အရင်နေ့ကဆိုရင် ရွက်အိုး ၂၃၀ ကျော်ရတယ်။ ဒီနေ့ ၂၂၅ လုံးပဲ ရတော့တယ်။ ဘာလို့တုံးဟ”

“ကိုရင်ကလည်း သိဘူးလား။ ဒီထန်းတောက ကိုကုလားကြီးက နေဆိုးလို့ ခွင့်ယူထားတယ် မဟုတ်လား။ အဲဒါ ကျန်တဲ့လူတွေက မျှလှီးတော့ အလှီးမညီဘူးပေါ့”

မှန်သည်။ ထန်းတောတစ်ခုတွင် လှီးနေကျလူက မှန်မှန်တက်လှီးမှသာ ထန်းစအလှီးညီ၍ ထန်းရည်လည်း အလိုက်မှန်ကာ အထွက်လည်းမှန်သည်။ သို့မဟုတ်ဘဲ တခြားလူ တက်၍လှီးသော် အထူအပါးညီအောင် မလှီးနိုင်သဖြင့် ခေတ္တတွင် ထန်းရည်အထွက် အမ်းသွားတတ်သည်။ အခန့်မသင့်လျှင် တစ်ခါတည်း ထန်းရည်ဆုတ်သွားတတ်သည်။

“ကဲ ဒါဖြင့်ရင် ဦးလေးစံကိုပြောပြ။ ဒီကိုကုလားကြီး အလုပ်ပြန်မဆင်းနိုင်ခင်စပ်ကြားမှာ ကိုကုလားကြီးလက်နဲ့မီမယ့်လူကို ပြောင်းလွှဲပြီး တာဝန်ချပေးပါလို့”

ထွေးရီတို့အဖေ ဦးစံကျော်မှာ ထန်းတက်ရေးဌာန၊ ထန်းတက်သမားအဖွဲ့များ၏  ဦးစီးတာဝန်ခံ ခေါင်းဆောင်ဖြစ်သည်။

“ဟုတ်ကဲ့ပါ”

“အဲ အဲ၊ ဒီနံပါတ် ၁၂ ထန်းတောကကျတော့ ဒီနေ့ ထန်းရည်အထွက် ပိုလာပါလား”

“ဟုတ်သယ်လေ၊ အဲဒီဘက်ထန်းတောတွေက သီးနုဖက်လာပြီ မဟုတ်လား။ ပြီးတော့ လေငြိမ်တယ်။ နေကလည်းသာတယ်” 

“ဟေ၊ အင်း အင်း။ ဟုတ်သားပဲ”

“ဒါနဲ့ နေပါဦး ကိုအေးဆွေ၊ မသိလို့မေးပါရစေ။ ထန်းတောတွေက နံပါတ်တွေနဲ့လား” ဟု ခင်သန်းဌေး က ဝင်မေး၏။

“ဟုတ်တယ်၊ ထန်းတောမှန်သမျှ သူ့နံပါတ်နဲ့ သူပဲ။ အရင်တုန်းက ပိုင်ရှင်နာမည်တွေကို ဖျောက်ပစ်လိုက်ပြီ”

“ဪ၊ ဟုတ်လား။ ဒါဖြင့်ရင် တစ်တက်စာ ထန်းတောတစ်တောကို နံပါတ်တစ်ခုပေါ့”

“ဟင့်အင်း၊ သလောက်မကပါဘူး။ ဥပမာဆိုကြပါစို့။ နံပါတ် ၁ ထန်းတောဆိုရင် ထန်းငါးတက်စာကို စုပေါင်းပြီးတော့ နံပါတ်တပ်ပေးလိုက်တယ်။ အဲဒီ နံပါတ် ၁ အုပ်စု ထန်းတောမှာတက်တဲ့လူဟာ ၅ ယောက်ရှိတယ်။ ဒီထဲကတစ်ယောက်က တာဝန်ခံ ခေါင်းဆောင်ပဲ။ အဲသလိုပဲ တခြား ၂၊ ၃၊ ၄၊ ၅ စတဲ့ နံပါတ် ၁၂ ထိ ဒီပုံစံအတိုင်း ဖွဲ့စည်းထားတယ်။ နောက် ၄ အုပ်စုရှိတိုင်း အကြပ်တစ်ယောက်ထားပြီး အားလုံးပေါ်မှ ဦးစီးတာဝန်ခံ တစ်ယောက်ထားတယ်”

ခင်သန်းဌေးမှာ ဤမျှအထိ စနစ်တကျ ဖွဲ့စည်းထားသည်ဟု သိရသောအခါ အံ့သြနေရ၏။

ဖွဲ့စည်းထားပုံက စစ်တပ်များအတိုင်းပဲနော်။ ဒါပေမဲ့ ကိုယ့်အုပ်စုနဲ့ကိုယ် စည်းလားရိုက်ပြီး ခိုကတ်နေရင်ကော မဖြစ်ဘူးလား”

“ဒီလိုမဖြစ်ရအောင် စနစ်တစ်ခုထွင်ထားပါတယ်။ နှစ်ကုန်လို့ စာရင်းချုပ်တဲ့အခါမှာ ထန်းရည်အများ ဆုံးထွက်အောင် လှီးနိုင်တဲ့အုပ်စု နံပါတ်က လူတွေကို “လုပ်သားသူရဲကောင်းများ” ဆိုတဲ့ နာမည်နဲ့ ဂုဏ်ပြုတယ်။ ငွေ၊ အဝတ်အစား စသည်ဖြင့်လည်း ဆုပေးချီးမြှင့်တယ်။ ဒါတွင်မက ဒုတိယ၊ တတိယ ဆုများပါထားပြီး ကျန်တဲ့အုပ်စုတွေကိုလည်း သူတို့လုပ်အားအရ ဆုပေးပါသေးတယ်”
“ဟုတ်သယ် မမဌေးရဲ့၊ ပြီးခဲ့တဲ့နှစ်က ဆုရတဲ့ လူတွေဖြင့်ရင် ဝမ်းသာလွန်းလို့ ကကြ ခုန်ကြနဲ့ ပျော်လိုက်ကြတာမှလွန်ရော”

ထွေးရီကပါ ဝမ်းသာအားရအမူအရာဖြင့် ဝင်၍ ထောက်ခံနေ၏။ 

“နောက်ပြီး ဒီလို “လုပ်သားသူရဲကောင်းများ” ဆိုတဲ့နာမည်နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်တဲ့ ရည်ရွယ်ချက်တစ်မျိုးလည်း ကျွန်တော်တို့မှာ ရှိပါသေးတယ်။ ဘာလဲဆိုတော့ တစ်ဦးကောင်း တစ်ယောက်နဲ့ လုပ်လို့မရဘူး။ အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ခြင်းအားဖြင့် ပိုမိုအောင်မြင်နိုင်တယ်။ စည်းလုံးလိုတဲ့ စိတ်ထားမျိုးတွေ ပေါ်လာနိုင်တယ်။ တစ်ဦးနေမကောင်းရင်၊ အကြောင်းကြီးငယ်ကိစ္စရှိလို့ ခွင့်ယူရင် ကျန်လူတွေက မျှပြီးလုပ်ရတာမို့ အနစ်နာခံပြီး ကူညီရိုင်းပင်းလိုတဲ့ စိတ်စေတနာမျိုး၊ နောက်ပြီး သာတူညီမျှရယူလိုတဲ့ စိတ်ထားမျိုးတွေ စသည်ဖြင့်ပေါ်လာအောင်၊ ကိန်းအောင်းသွားအောင် ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်မျိုးတွေလည်းပါတယ် ဆိုပါတော့” 

ဆိုဗီယက်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံစသော ဆိုရှယ်လစ်နိုင်ငံများတွင်လည်း ဤကဲ့သို့ အစုလိုက် လုပ်အားပြိုင်သော အလေ့အထများရှိ ကြောင်း ကြားဖူးနားဝရှိသော ခင်သန်းဌေးမှာ ယခု ကိုအေးဆွေတို့မူစနစ်များမှာလည်း ထိုဆိုရှယ်လစ် နိုင်ငံများ၏ လုပ်ဟန်မူစနစ်များကဲ့သို့ တူလှပေ သည်ဟု အောက်မေ့ကာ ချီးကျူးနေမိသည်။

“ဪ၊ ဟုတ်လား”

ထိုနောက် ခင်သန်းဌေးနှင့် ထွေးရီတို့လည်း စကားဆက်ပြောနေရာ ကိုအေးဆွေလည်း သူ့စာရင်း များကို ပြန်လည်စစ်ဆေးနေ၏။ ပြီးလျှင် ထွေးရီအား ပြန်ပေးလိုက်၏။

“မမဌေး၊ တော်တော်နဲ့ ပြန်သေးဘူးမဟုတ်လား” 

“မပြန်သေးပါဘူး၊ ညနေစောင်းမှပြန်မှာပါ”

“ဒါဖြင့် မမဌေး ခဏနေဦးနော်။ ကျွန်မ အလုပ်တန်းလန်းမို့ သွားပြီးလက်စသတ်လိုက်ဦးမယ်။ ပြီးရင် ကျွန်မ မြန်မြန်ပြန်လာခဲ့မယ်နော်” 

ထွေးရီသည် ပြောပြောဆိုဆိုနှင့်ပင် ပုလဲပုတီးကုံးလေးရော စက္ကူသေတ္တာဘူးလေးပါယူ၍ အခန်းထဲမှ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

“ဘယ့်နှယ့် ဌေးဌေး၊ ပျင်းနေပြီလား။ ကျွန်တော် တို့ကလည်း အလုပ်တစ်ဖက်နဲ့ ဧည့်ခံနေရတာမို့ အားနာစရာတောင် ကောင်းနေပါပြီ” 

“ကိစ္စမရှိပါဘူး ကိုအေးဆွေ၊ ဌေးတော့ ကိုအေးဆွေ တို့ရဲ့လုပ်ငန်းကို အတော်ပဲစိတ်ဝင်စားနေပါတယ်”

ခင်သန်းဌေးက ကြည်လွင်သောအသံလေးဖြင့် ပြောသည်။ ကိုအေးဆွေမှာ ပြုံးပြုံးကြီး ဖြစ်နေသည်။

“ဘာကိုများ ဒီလောက်စိတ်ဝင်စားနေရတာလဲ ဌေးဌေးရဲ့”

“ဪ၊ ကိုအေးဆွေတို့ရဲ့ လုပ်ငန်းကြီးတစ်ခုလုံးကိုပဲ ဆိုပါတော့။ တည်နေရာရွေးချယ်ပုံ၊ ပြီးတော့ အဆောက်အအုံကြီးတွေကို နေသားတကျ အကွက်ကျကျ ဆောက်လုပ်ထားပုံ၊ နောက်ပြီး ဒီရုံးခန်းရဲ့ ပြင်ဆင်ထားပုံကလည်း တကယ့်လုပ်ငန်းကြီး အတိုင်းပဲ။ အဖွဲ့အစည်းတွေ ဖွဲ့စည်းထားပုံကလည်း စနစ်တကျ ရှိနေလို့ပါ”

“ဒီလောက်လည်း ချီးမွမ်းမနေပါနဲ့ဦးလေ။ ဒီလိုပဲ အခြေအနေအရဖြစ်လာရတာပေါ့။ အဆောက်အအုံ ရဲ့ တည်ရာဌာနကတော့ ဌေးဌေးလည်း စဉ်းစားကြည့်လေ။ ကုန်ထုတ်စွမ်းအား တကယ်များပြားလာရင် သယ်ယူပို့ဆောင်ရေး လွယ်ကူတဲ့နေရာမျိုးမှ ဖြစ်တော့မပေါ့။ ဒါကြောင့်လည်း ထန်းတောတွေရဲ့ အလယ်ဗဟိုလည်းကျ၊ သွားရေးလာရေးလွယ်ကူတဲ့ ဒီကားလမ်းနံဘေးမှာ တည်ဆောက်ရတာပေါ့”

“လုပ်ငန်းရဲ့ အခြေအနေကကော ဘယ်လိုလဲ။ အရင်က တစ်ဦးချင်းလုပ်တာနဲ့ အခုလို စုပေါင်းလုပ် တာနဲ့ ပြောပလောက်အောင် အကျိုးကျေးဇူးရှိရဲ့ လား”
ခင်သန်းဌေးမှာ မေးမည့်သာ မေးလိုက်ရ၏။ တကယ်တော့ သူတို့၏ ရုပ်လုံးပေါ်ကာ လက်တွေ့လုပ်နေသော အခြေအနေများက အကျိုးရှိကြောင်း ဖော်ပြနေသည်ကို ရိပ်စားမိပါ၏။

“ရှိပြီလား ဌေးဌေး၊ ဘယ့်နှယ့် ပြောပါလိမ့်။ တစ်ဦးတည်းတက်၊ တစ်ဦးတည်းကျိုတာနဲ့ အခုလို ဘုံစနစ်နဲ့ စုပေါင်းလုပ်တာနဲ့ ဘယ်တူလိမ့်မလဲ။ အရင်ထက် အဆပေါင်းများစွာ အကျိုးရှိနေတာက မျက်မြင်ပဲ”

“ဒါက ဒီလိုရှိတယ် ကိုအေးဆွေ။ ရှင်တို့ စုပေါင်းလုပ်လို့ အကျိုးရှိတာထက် ငါးစုတစ်စုပေးလို့များ အကျိုးရှိနေတာ ဖြစ်နေပါဦးမယ်ရှင့်”

ခင်သန်းဌေး၏ မာဆတ်ဆတ်နှင့် ငေါ့၍ပြော လိုက်သည့်အသံကြောင့် ကိုအေးဆွေက ခင်သန်းဌေး ၏ မျက်နှာအား ဖျတ်ခနဲ စူးစိုက်၍ကြည့်လိုက်၏။ ကိုအေးဆွေ၏ မျက်လုံးမှာ ပြူးသလိုဖြစ်သွား၏။ ပြီးမှ ရုတ်ခြည်းပင် ရွှင်ပြုံးလာ၏။
“ဪ၊ ဌေးဌေးက ကျွန်တော့်ကို ခုထက်ထိ မကျေနပ်နိုင်သေးပဲ စိတ်ဆိုးနေတုန်းကိုး”

ကိုအေးဆွေသည် ခင်သန်းဌေးအား ခပ်ပြုံးပြုံးနှင့် ကြည့်၍မေး၏။ 

“မဆိုးပါဘူး”

“ဒါဖြင့် ကျွဲမြီးတိုတယ်ပေါ့”

“ဒီလိုလည်း မဟုတ်ပါဘူး”

“အင်း၊ ဌေးဌေးဟာ စိတ်မဆိုးပါဘူးလို့သာ ဆိုတယ်။ ဌေးဌေးမျက်နှာကြည့်ရတာကတော့ ကျွန်တော့်အပေါ်မှာ မကျေမချမ်းနဲ့ဖြစ်နေတဲ့ အမူအရာပဲ”

ခင်သန်းဌေး၏မျက်နှာကလေးသည် စောစောက ခပ်ရွှင်ရွှင်လေး ဖြစ်နေသော်လည်း ယခုတော့ ခပ်တည်တည်လေး ဖြစ်နေသည်။

တကယ်တော့ ကိုအေးဆွေတို့ ဘုံထန်းတော နယ်မြေ စုပေါင်းထန်းလုပ်ငန်းအဖွဲ့ကသာ ထန်းပိုင်ရှင်များအား ငါးစုတစ်စုပေးနေကြခြင်း ဖြစ်၏။ အခြား ရွာများမှ ထန်းသမားများကမူ မည်သို့ပင် ထန်းသမား ညီလာခံကြီးက ဆုံးဖြတ်ချက်ချထားသည် မှန်သော်လည်း၊ ကိုအေးဆွေတို့ စုပေါင်းထန်းလုပ်ငန်း အဖွဲ့နှင့် ထန်းပိုင်ရှင်တို့တိုက်ပွဲတွင် ကိုအေးဆွေတို့ စုပေါင်းထန်းသမားများက အနိုင်ရသည်ဟု ကြားသိကြသော်လည်း အခြားရွာမှ ထန်းသမားတို့သည် မိမိတို့ထန်းပိုင်ရှင်များနှင့် နားလည်မှုယူကာ ယခင် သုံးစုတစ်စုအတိုင်း အပေးအယူပြုနေကြကြောင်း ခင်သန်းဌေးက သိနေရ၏။

ဆက်လက်ဖော်ပြပါမည်။