နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁၄-၈-၂၀၂၃ ရက်မှအဆက်

ဤကဲ့သို့ အခန်းကြီး၏ အနေအထားနှင့် အလုပ်လုပ်နေကြသည်ကို တွေ့ရသောအခါ ခင်သန်းဌေး အနေဖြင့် သည်မျှအထိ စနစ်တကျရှိလိမ့်မည်ဟု မထင်မိပေ။ “ကရော်ကမည်” ဖြစ်ကတတ်ဆန်းသာ ပြုလုပ်ဖွဲ့စည်းထားသော စုပေါင်းအဖွဲ့ဖြစ်မည်ဟု ထင်မိခဲ့၏။ ယခုမူ စုပေါင်းထန်းလုပ်ငန်းဝင်းကြီးထဲသို့ ဝင်လာကတည်းက အတွင်းရှိအဆောက်အအုံကြီးများကို မြင်ရကာ အံ့သြနေရသလို ယခုတစ်ဖန် ကိုအေးဆွေတို့ အလုပ်လုပ်နေသော ရုံးခန်းကျယ်ကြီးကို မြင်ရပြန်သောအခါ “ဒီမျှအထိ တိုးတက်နေပါကလား” ဟု တွေးမိကာ ပို၍တအံ့တသြဖြစ်ရပြန်သည်။

ယင်းသို့ အခန်းဝတွင်ရပ်ကာ အခန်းကြီးအား တစေ့တစောင်း အကဲခတ်နေစဉ် ခင်သန်းဌေး၏ လက်တစ်ဖက်မှ ကိုင်ထားသော ပုသိမ်ထီးရိုးအဖျား ပိုင်းသည် တံခါးပေါင်နှင့် အမှတ်မထင်ထိခတ်သွားကာ ဂျစ်ခနဲဟု မြည်သွားသည်။
ထိုအချိန်မှာ လက်နှိပ်စက် ရိုက်သူကလည်း မရိုက်သေးဘဲနေသော ကြားကာလဖြစ်ရာ အခန်းကြီး တစ်ခုလုံးသည် တိတ်ဆိတ်လျက်ရှိသည်။ ထိုကြောင့် မိမိအလုပ်များတွင် စိတ်ဝင်စားစွာလုပ်နေကြသော အခန်းထဲရှိလူများက ခင်သန်းဌေးကို တစ်ပြိုင်နက် လိုလို လှမ်းကြည့်လိုက်ကြသည်။ 

“ဟင် ဌေးဌေး’’

ကိုအေးဆွေသည် ရုတ်တရက် အံ့အားသင့်စွာ ကြည့်နေရာမှ ရုတ်ခြည်းထလိုက်မိသည်။ သူသည် ခင်သန်းဌေးတစ်ယောက် ယခုလို မိမိထံသို့ ရောက်လာလိမ့်မည်ဟု ဘယ်လိုမှ မမျှော်လင့်ခဲ့မိပေ။

“ဪ လာပါ လာပါ ဌေးဌေး၊ အထဲထိအောင်လာပါ။ ဒီမှာ လာထိုင်ပါ”
ကိုအေးဆွေက ဝမ်းသာအယ်လဲအမူအရာဖြင့် နေရာမှထလာပြီး ဖိတ်ခေါ်နေရာ ခင်သန်းဌေးသည် အခန်းထဲသို့ ဝင်လာ၏။ ထိုနောက် ကိုအေးဆွေ ညွှန်ပြသောကုလားထိုင်တွင် ဝင်ထိုင်၏။ သူသည် လက်ကိုင်အိတ်လေးထဲမှ လက်ကိုင်ပဝါလေးကို ထုတ်ကာ မျက်နှာမှ ချွေးပေါက်စို့လေးများကို သုတ်ရင်း အခန်းကြီးတစ်ခုလုံး၏ အနေအထားကို ထပ်မံ၍ အကဲခတ်နေ၏။

ပြတင်းပေါက်မှ လေပြည်လေးသည် ထန်းပင်များကြားမှ တသုတ်သုတ်နှင့် ပြေးဝင်လာသည်။ အဆောက်အအုံအပြင်ဘက်တွင်မူ နေသည် ချစ်ချစ်တောက်ပူလျက်ရှိ၏။ အဝေးဆီတွင်ကား မြူမှုန်တို့သည် တလိပ်လိပ် ထလျက်ရှိသည်။ အဝေးဆီမှ ဥသြတွန်ကျူးသံသည် သာယာ ကြည်နူးစွာဖြင့် သဲ့သဲ့မျှ ထွက်ပေါ်လာ၏။

ကိုအေးဆွေ၏ လက်ဝဲဘက်ရှိ အလုပ်လုပ်နေ သောသူများသည် အမှတ်မထင် ရုတ်တရက် ရောက်ရှိလာသော ခင်သန်းဌေးကိုလည်းကောင်း၊ ခင်သန်းဌေး ရောက်ရှိလာခြင်းကြောင့် ရုတ်ခြည်းထူးခြားစွာ အမူအရာပြောင်းလဲ၍လာသော ကိုအေးဆွေကိုလည်းကောင်း ကြည့်၍ ၎င်းတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး မျက်စပစ်ပြနေကြသည်။ ထိုနောက် သူတို့အလုပ်များကို သူတို့ ပြန်လုပ်နေကြသည်။

ထိုစဉ်ဝယ် ကိုအေးဆွေမှာ ယဉ်စစလေးဖြင့် ဝင်းပစွာလှနေသော ခင်သန်းဌေးကိုကြည့်ကာ အမှတ်မထင် ငေးမောနေမိသည်။ ကိုအေးဆွေမျက်စိ ထဲတွင်မူ ခင်သန်းဌေး၏ မျက်နှာလေးမှာ ကြည့်၍မဝနိုင်အောင် ဖြစ်နေသည်။ မတွေ့ရသည်မှာလည်း ကြာပြီဖြစ်၍ ရင်ထဲမှာ တလှပ်လှပ်ဖြစ်ကာ လှုပ်ရှားနေသည်။ တစ်ချိန်တည်းမှာလည်း မထင်မှတ်ဘဲ ရောက်ရှိလာသော ခင်သန်းဌေးအား ဘာကြောင့် ရောက်ရှိလာသည်ကိုသိရန် ခင်သန်းဌေး၏ရင်ထဲမှ နှလုံးခုန်သံကိုကျက်မှတ်ကာ အဖြေရှာနေမိသည်။

ပြီးခဲ့သောတစ်ချိန်ကမူ ခင်သန်းဌေးသည် မိမိအား သူ့မိဘများ၏ ရန်သူတစ်ယောက်ဟု သတ်မှတ်ခဲ့၏။ ထန်းပိုင်ရှင်၊ ထန်းသမားတိုက်ပွဲကို လ အ က မှ ဖျန်ဖြေရှင်းလင်းပြီးသည့်နောက် မကြာမီသောကာလမှာပင် မိမိထံသို့ စိတ်ဆိုးမာန်ဆိုးဖြင့် စာရေးလိုက်ခဲ့ဖူး၏။ မိမိက ပြန်လည်၍ ဖြေရှင်းစာများ အစောင်စောင်ပေးပို့ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက် တစ်နှစ် တစ်ခါလည်သည့်တိုင်အောင် လုံးဝ အဆက်ဖြတ်တောက်ခဲ့၏။

ထိုစဉ်ကဆိုလျှင် ကိုအေးဆွေမှာ ကိုယ်ကချစ်နေရသူ ခင်သန်းဌေး၏ ရုတ်တရက် ပစ်ခွာစိမ်းကားသွားခြင်းကို ခံလိုက်ရသဖြင့် ရင်ဝယ်တနင့်နင့်နှင့် အသည်းခိုက်မျှ ခံစားခဲ့ရသည်။

သည်ကဲ့သို့ မိမိ၏ရင်ဝယ် တစိမ့်စိမ့် ချစ်နေမိလေသောသူက သည်မျှထိ အဆက်ဖြတ်ကာ စိမ်းကားသွားလေသောအခါ မိမိထက်ချစ်ရသူ ပေါ်ပေါက်လာ၍များ ဓနရှင်လောင်းရိပ်အောက်က သမီးပျိုပီပီ ကျောခိုင်း၍သွားလေပြီလားဟု ယိုးမှားခဲ့သည်။ သံသယဖြစ်ခဲ့သည်။ ယခုတော့မူ ဘာမပြော ညာမပြောနှင့် မိမိရှေ့မှောက်သို့ မယုံကြည်နိုင်လောက်အောင် ရောက်ရှိနေပေပြီ။ ဤသည်ကပင် အံ့သြစရာကောင်းလောက်အောင် အတွေးရခက်လှ သည်။

သို့တစေ မည်သို့ပင်ဖြစ်စေကာမူ အသားအရေ စိုပြည်၍ ချောမွတ်လန်းဆန်းဝင်းပနေသည့် သူ၏ မျက်နှာလေးကို မြင်ရသောအခါ ကိုအေးဆွေ၏ ရင်သည် အလိုလိုအေးမြသွားသည်။ သံသယများ ကလည်း အလိုလိုကင်းစင်ကုန်သည်။ တကယ်တော့ ကိုအေးဆွေနှင့် ခင်သန်းဌေးတို့ မတွေ့ရသည်မှာ ပြီးခဲ့သောနှစ် သင်္ကြန်မတိုင်မီက ဖြစ်လေသည်။ နောက်တစ်ပတ်ဆိုလျှင် ယခုနှစ် သင်္ကြန်ပင်ကျပေ ဦးတော့မည်။

“ဌေးဌေး၊ ဘယ်တော့က ရန်ကုန်ကပြန်ရောက် လဲ”

အတန်ကြာမှ ကိုအေးဆွေက မိမိသတိကိုထိန်း ကာ ခင်သန်းဌေးအား မေးရတော့၏။ အမှန်မှာ ပြီးခဲ့သောရက်ပိုင်းလောက်ကတည်းက ပြန်ရောက်နေကြောင်း လှကြည်မှတစ်ဆင့် ကြားခဲ့၏။

“တစ်ပတ်လောက်ရှိနေပြီ ကိုအေးဆွေ”

“ဪ ဟုတ်လား”

ကိုအေးဆွေက မသိဟန်ဖြင့်ဆို၏။ ပြီးမှ- 

“ဘယ့်နှယ့်လဲ ဌေးဌေး၊ စာမေးပွဲဖြေနိုင်ရဲ့နော်”

“ဟုတ်ကဲ့၊ ဖြေနိုင်ပါတယ်”

“ဪ ဒါနဲ့ ဌေးဌေးတစ်ယောက်တည်း ဒီကို လာခဲ့သလား” 

အဖော်မပါ တစ်ယောက်တည်းရောက်လာသော ခင်သန်းဌေးအားတွေ့ရ၍ ကိုအေးဆွေက အံ့သြစွာ ဖြင့် မေး၏။

“မဟုတ်ပါဘူး၊ ဒေါ်လေးလည်းပါပါတယ်”

“ဒါဖြင့် ဌေးဌေးတို့ဒေါ်လေးကော မတွေ့ပါလား” 

“ဒေါ်လေးလား၊ ရွာထဲကို ကိစ္စတစ်ခုနဲ့ တန်းသွားတယ်။ ဌေးသာ ကိုအေးဆွေနဲ့ အေးအေးဆေးဆေး စကားပြောချင်တာနဲ့ ဒီကို တန်းဝင်လာတာ။ ညနေလောက်မှ ထန်းလျက်လှည့်ယူရင်း ဌေးကို ဝင်ခေါ် မတဲ့”

ခါတိုင်း ထန်းလျက်လှည့်နေ့ဆိုလျှင် ခင်သန်းဌေး တို့ ဒေါ်လေးမညွန့်မေသည် ညနေလောက်မှ သွားသိမ်းလေ့ရှိသည်။ ရှေးယခင်များကကဲ့သို့ ထန်းသမားအိမ်တွင် နေကုန်နေခန်း သွားရောက် စောင့်ဆိုင်းယူနေစရာ မလိုတော့ပေ။ စုပေါင်း ထန်းလုပ်ငန်းအဖွဲ့ကလုပ်သဖြင့် စာရင်းနှင့် အင်းနှင့် အတိအကျ ဖြစ်သည်။ သွားမယူသော်လည်း ကိစ္စ မရှိ။ နောက်အပတ်မှ စုပေါင်း၍ယူလျှင်လည်း ဖြစ်သည်။ သို့မဟုတ်ဘဲ အထမ်းငှား၍ အပို့လွှတ်ပါ ဆိုလျှင်လည်း စာရင်းနှင့်တကွ အိမ်တိုင်ရာရောက် အပို့လွှတ်သည်။ ထန်းပိုင်ရှင်များအား ငါးစုတစ်စု (ငါးရက်တွင် တစ်ရက်ရသည့်ထန်းလျက်ကို) ပေးသည်မှအပ အခြားကိစ္စများတွင် ကိုအေးဆွေ တို့၏ စုပေါင်းထန်းလုပ်ငန်းအဖွဲ့မှာ စနစ်ကျသည်၊ စည်းကမ်းရှိသည်၊ စိတ်ချရသည်၊ ထန်းလျက်ကောင်း ရသည်ဟု ဒေါ်လေးချီးကျူးနေသည်ကို ခင်သန်းဌေး မှာ ရန်ကုန်မှပြန်ရောက်ကတည်းက မကြာခဏ ကြားနေရသည်။

ယနေ့လည်း ဒေါ်လေးသည် ညနေခင်းလောက်တွင် လက်ပံပင်ရွာသို့ ကိစ္စတစ်ခုဖြင့်သွားရင်း စုပေါင်းထန်းလုပ်ငန်းမှ ထန်းလျက်ကို ဝင်ယူမည် ဟု ဆို၏။ ဤတွင် ခင်သန်းဌေးက သူပါလိုက်မည်ဟု ဆိုပြီး နံနက်ထမင်းစားပြီးစကတိုင် သွားကြရန် အတင်းပူဆာသည်။ သို့ဖြင့် တူမချစ်၏ အလိုသို့ လိုက်ကာ လာခဲ့ကြ၏။ သည်ရောက်သောအခါတွင်လည်း ဒေါ်လေးသည် ခင်သန်းဌေးအား ရွာထဲသို့ ဇွတ်ခေါ်နေပြန်သည်။ ခင်သန်းဌေးက ထွေးရီနှင့် တွေ့လိုသည်၊ စုပေါင်းထန်းလုပ်ငန်းကိုလည်း အေးအေးလူလူ ကြည့်ချင်ပါသည်ဟု အကြောင်း ပြကာ လမ်းခွဲနေရစ်သည်။

“ဒီလိုဆိုရင် ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောဖို့ အချိန်ရတာပေါ့နော်။ ကဲ ကဲ ဒါဖြင့် အားမနာတမ်းသာ လွတ်လွတ်လပ်လပ်နေပါဗျာ”
ကိုအေးဆွေသည် စားပွဲပေါ်ရှိ စောစောက ရေးလက်စစာအုပ်ကို ပြန်ပိတ်၍ နေသားတကျထားသည်။ ဖောင်တိန်ကိုလည်း အဖုံးပြန်စွပ်၍ တစ်နေရာတွင်ထားသည်။

“ဟော၊ မမဌေးကြီးပါလား”

ထိုအခိုက် ထွေးရီရောက်လာပြီး ဝမ်းသာအားရ ဖြင့် ခင်သန်းဌေးအား နှုတ်ဆက်လိုက်၏။ ထွေးရီ၏ လက်ထဲတွင် ဗလာစာအုပ်တစ်အုပ် ကိုင်လျက်သား ပါလာသည်။

“ဟယ်၊ ထွေးရီတောင် အတော်ကြီးထွားလာပါပေါ့ ကလား”

ခင်သန်းဌေးသည် ထွေးရီအား ခြေစွန်းခေါင်းစွန်း ကြည့်၍ အကဲခတ်ရင်းက လက်တစ်ဖက်ကိုပါ ဆွဲယူ လိုက်ပြီး အံ့သြဟန်ဖြင့်ဆို၏။

ထိုအခါ ထွေးရီမှာ ရှက်သလိုလိုနှင့် သူ့ကိုယ်ကို ပြန်ကြည့်သလိုလိုလုပ်ပြီး ပြုံးရယ်နေ၏။ ပြီးမှ သတိရပြီး လက်ထဲတွင်ပါလာသော ကော်ပီဗလာ စာအုပ်ကို ကိုအေးဆွေအား လှမ်းပေးလိုက်၏။ ကိုအေးဆွေကလည်း စာအုပ်ကိုလှမ်းယူလိုက်ပြီး စာရင်းရေးသွင်းရန် အခြားစာအုပ်တစ်အုပ်ကို လှမ်း၍ဆွဲယူနေသည်။

“မမဌေး၊ ဘယ်တုံးက ရန်ကုန်ကပြန်ရောက်လဲ ဟင်”

“တစ်ပတ်လောက် ရှိသွားပြီဆိုပါတော့။ အဲ အဲ၊ နေဦး၊ ဌေး ထွေးရီကိုပေးဖို့ လက်ဆောင်တစ်ခု ပါလာတယ်” ဟုဆိုကာ ခင်သန်းဌေးသည် စားပွဲ ပေါ်တွင်တင်ထားသည့် သူ၏ အဖြူရောင်လက်ကိုင် အိတ်လေးထဲမှ တစ်စုံတစ်ခုကို ထုတ်ယူနေသည်။ ထိုနောက် စက္ကူသေတ္တာလေးကို ထုတ်ပေးလိုက် သည်။
ကိုအေးဆွေကလည်း “ဘာများလဲ” ဟု အောက်မေ့ကာ စာရင်းရေးမှတ်နေရာမှ စိတ်ဝင်စားစွာ လှမ်းကြည့်နေ၏။ ထွေးရီသည် စက္ကူသေတ္တာလေးကို လှမ်းယူပြီး ဖွင့်ကြည့်လိုက်သည်။

“ဟယ်၊ လှလိုက်တာ”

ထွေးရီက ပြောပြောဆိုဆို ပုလဲပုတီးကုံးလေးကို ရုတ်တရက် ထုတ်ယူလိုက်ပြီးလျှင် သူ၏ လည်တိုင် ကြော့ကြော့လေးအားကပ်၍ ကြည့်နေသည်။ ခင်သန်းဌေးမှာ ထွေးရီ၏ ဝမ်းသာအားရဖြစ်နေပုံ လေးကိုကြည့်ကာ ကျေနပ်ကြည်နူးသွားသည်။

ဆက်လက်ဖော်ပြပါမည်။