နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၇-၈-၂၀၂၃ ရက်မှအဆက်

“ဒါပေမဲ့ ကျွန်တော်တို့ဟာ ဥပဒေကြောင်းအရမဟုတ်ဘဲ တစ်ဦးအကျိုးတစ်ဦး ထောက်ထားပြီးတော့ သီးနှံသီးစားခရော၊ သီးညှပ်လို့ခေါ်ဆိုနိုင်တဲ့ ထန်းပင်အတွက် သီးစားခရော ဝတ္တရားမပျက် ပေးဆပ်ကြပါတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ ထန်းသမားတွေဟာ “၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ” ကြောင်းအရ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ထန်းသမားတွေဘက်က ဝတ္တရား ကျေပွန်နေရုံတွင်မကဘူး၊ ပိုတောင်နေပါသေးတယ်။ ဒီလို ကျွန်တော်တို့ဘက်က ဝတ္တရားကျေနေတာကိုပဲ ထန်းပိုင်ရှင်များဘက်က ပိုင်နက်ကျူးလွန်မှု၊ သီးခိုင်ခိုးယူသုံးစွဲမှုနဲ့ လုပ်ကြံလီဆယ်ပြီး တရားစွဲတာဟာ နည်းလမ်းကျ၍ တရားသော တရားစွဲဆိုခြင်းမျိုး ဟုတ်ပါ၏လောဆိုတာကို ဝေဖန်နိုင်ရန် ဥပဒေပါ အချို့အချက်များကို ထပ်မံတင်ပြပါရစေ။

“၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေ၊ ပုဒ်မ ၉ မှာ ဟောဒီလို ဆိုထားပါတယ်။ “ဤဥပဒေနှင့် အညီဖြစ်စေ၊ ဤဥပဒေ အရပြုလုပ်သည့် နည်းဥပဒေများနှင့် အညီဖြစ်စေ ဆောင်ရွက်သည့် ကိစ္စတစ်ရပ်ရပ်အတွက် မည်သူ့ကိုမျှ တရားရုံးတစ်ခုခုတွင် တရားစွဲဆိုခြင်းမပြုရ” လို့ ပြဋ္ဌာန်းပါရှိပါတယ်။

“နောက်ပြီးတစ်ခါ “၁၉၆၃ ခုနှစ် တောင်သူလယ်သမားများအခွင့်အရေး ကာကွယ်သည့်ဥပဒေ၊ ပုဒ်မ (၃) ပုဒ်မခွဲ (၁) အပိုဒ်ငယ် (က) (ခ) (ဂ) (ဃ)” များက ဒီလိုဆိုထားပြန်ပါတယ်။ “လယ်လုပ်သား တစ်ဦးထံမှရရန်ရှိသော ကြွေးမြီနှင့် ပတ်သက်၍ ၎င်း၏လယ်မြေ၊ ကျွဲ၊ နွား၊ သီးနှံ၊ စပါး စသည်တို့ကို မည်သည့် မြေပိုင်ရှင် ကြွေးမြီရှင်ကမျှ သိမ်းယူခြင်းမပြုစေရ။ ၎င်းလုပ်သားများကိုလည်း ဖမ်းဆီးချုပ်နှောင်ခြင်း မပြုစေရ” လို့ဆိုပါတယ်။

“ဒါကြောင့် ဒီဥပဒေနှစ်ခုက ပြဋ္ဌာန်းထားတဲ့အချက် ပုဒ်မများအရ ကျွန်တော်တို့ ထန်းသမားများက ပို၍ပင် ပေးထားတဲ့သီးစားခကို မကျေနပ်နိုင်ပါဘူးရယ်လို့ဆိုပြီး ကျွန်တော်တို့ထန်းသမားများကို ထန်းပိုင်ရှင် မြေရှင်များက ဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားစွဲဆိုထားခြင်းဟာ ဥပဒေများနဲ့ ညီညွတ်ပါရဲ့လား၊ ဆန့်ကျင်၍ကော မနေဘူးလားဆိုတဲ့အကြောင်း လူကြီးမင်းများ ကိုးကားနိုင်ဖို့ တင်ပြပါတယ်ခင်ဗျား”

ခန်းမဆောင်အတွင်းရှိ လူများမှာ ကိုအေးဆွေ၏ အမေးစကားကဲ့သို့ တင်ပြ သွားချက်များကြောင့် အတွေးနက် ဝင်ဟန်ရှိကြကာ၊ ခေါင်းဆတ်၍ညိတ်သူများက ညိတ်ကာ စဉ်းစားဟန်ပြုနေကြသည်။

ကိုအေးဆွေသည် သူ့စကားဆုံးလျှင် နေရာတွင် ထိုင်ချလိုက်သည်။ လူလည်း မောပန်း၍သွားသည်။ သို့သော် မိမိဖွင့်ထုတ်ချင်သည့် အကြောင်းအရာများကို ဖွင့်ထုတ်လိုက်ရသဖြင့် ရင်ထဲတွင် ပေါ့၍သွားသည်။ ရှင်း၍သွားသည်။ အဖေ ဦးဖိုးခ၊ ဦးစံကျော်နှင့် အခြားသော ထန်းသမားများက မိမိအား ကျေနပ်အားရသော အမူအရာ၊ ထောက်ခံသော အပြုံးများဖြင့် ကြည့်နေကြသည်ကို တွေ့ရသဖြင့် ပီတိဖြစ်ရသည်။ သို့တစေ ထန်းပိုင်ရှင်များကမူ မိမိအားရန်သူပမာ လှမ်းကြည့်နေကြခြင်းကိုခံရ၏။ အထူး သဖြင့် ဦးမြမောင်၊ ဦးမြို့တို့၏ အကြည့်မှာ အမျက်အာဃာတထားသောအသွင် လက္ခဏာမျိုးဆောင်နေသည်ကို ၎င်းတို့မျက်နှာများက ဖော်ပြနေသည်။

ထိုခဏဝယ် သူတို့၏ သမီးဖြစ်သူ ခင်သန်းဌေးအား ဖျတ်ခနဲ သတိရလာသည်။ မိမိတင်ပြသွားသည်များကို သူသာကြားသိပါလျှင်လည်း သူတို့ကဲ့သို့ မည်မျှ ဒေါသူပုန်ထနေပါမည်နည်း။ မိမိအားလည်း မျက်နှာချင်းဆိုင်မရလောက်အောင် တစ်သက်တွင် ရွံမုန်း၍သွားမည်လားဟု အတွေးကဝင်လာ၏။ ထိုအခါ ကိုအေးဆွေ၏ရင်ထဲဝယ် တသိမ့်သိမ့်တုန်အောင် ခါသွားပြီးလျှင် နင့်ခနဲဝေဒနာကို ခံစားလိုက်ရသည်။

သို့ပေမဲ့လည်း ယခုတော့ ကိုအေးဆွေ သည် ထန်းပိုင်ရှင်တို့၏ အမျက်သို ရန်ငြိုး ထားမှုကို ရဲဝံ့စွာဖြင့် ရင်ဆိုင်လိုက်လေပြီ။ မိမိက ချစ်နေရသူ ခင်သန်းဌေး၏ နာကြည်း စိတ်ကွက်သွားတော့မည်ကိုလည်း ဥပေက္ခာပြုလိုက်ချေပြီ။
အတန်ကြာလျှင် လ အ က အဖွဲ့ဝင် လူကြီးများသည် ထန်းပိုင်ရှင်များအား လည်းကောင်း၊ ကိုအေးဆွေတို့ ထန်းသမားများအားလည်းကောင်း မရှင်းလင်းသည့် အချို့အချက်အလက်များကို ဆစ်ပိုင်း၍မေးပြန်သည်။ အတန်ကြာမျှ နှစ်ဖက်လုံးအား ကျေနပ်လောက်အောင်မေးပြီး နောက်တစ်ပတ်ခြား၍ ရက်ချိန်းပေးလိုက်လေသည်။

မည်သို့ အဆုံးအဖြတ်ပေးပါမည်နည်း။ 

ကိုအေးဆွေ၏ရင်ထဲမှာတော့ ပူပင်နေလျက်သာ။

[ ၂၇ ]

စုပေါင်းထန်းလုပ်ငန်း လက်ပံပင်ကျေးရွာ ကျောက်ပန်းတောင်းမြို့နယ်

ဤဆိုင်းဘုတ်ကြီးက ခင်သန်းဌေး အား ဝင့်ကြွားစွာဖြင့် ကြိုဆိုနေလေသည်။ ဆိုင်းဘုတ်ကြီးသည် ကျယ်ဝန်းလှသော ဝင်းကြီး၏ အဝင်ဝတံခါးပေါက်ထိပ်တွင် အခံ့သား ချိတ်ဆွဲလျက်ရှိလေသည်။

ခင်သန်းဌေးသည် ဝင်းကြီးအား တအံ့တသြကြည့်ပြီးနောက် အကဲခတ်ရင်း တံခါးပေါက်ဝမှ လျှောက်ဝင်လာ၏။ ဝင်းကြီး၏အတွင်း၌ ကြီးမားပြန့်ကျယ်၍ ရှည်လျားသော ထန်းရွက်မိုး ထန်းရွက်ကာ တဲတန်းကြီးများသည် အတန်းလိုက် ယှဉ်လျက် အစီအရီဆောက်ထား၏။ ၎င်းတို့ထိပ်တွင်မူ နံပါတ်များရေးထားသည့် သွပ်ပြားငယ်များ ချိတ်ဆွဲထားလျက်ရှိ၏။ အဆောက်အအုံအချို့၏ ဘေးတွင် ထန်းပင်အချို့အား တွေ့ရ၍ဝင်းကြီး၏ အပြင်ဘက်တွင်ကား ထန်းတောကြီးများသည် မျှော်လေတိုင်း မဆုံးဘဲ ထပ်လျက်ထပ်လျက် ပေါက်နေသည်ကို တွေ့ရလေသည်။

နေ့လယ်ပိုင်း ရေဒီယိုမှသီချင်းသံသည် တဲတန်းရှည်ကြီးတစ်ခုအတွင်းဆီမှ ကြည်နူးစဖွယ် ပျံ့လွင့်လျက်ရှိသည်။ ထိုရေဒီယိုသီချင်းနှင့်အတူ ထန်းလျက် ဒယ်အိုးမွှေသံများနှင့် တစ်ချက်တစ်ချက်တွင် တစ်ဦးနှင့်တစ်ဦး မေးထူးခေါ်ပြော သံများကပါ ပေါ်ထွက်လာ၏။

အဆောက်အအုံ တစ်ခုမှတစ်ခုသို့ ကူးသန်းသွားလာနေကြသော အစိမ်းရင့် ရောင်လုံချည်များနှင့် အမျိုးသား၊ အမျိုးသမီးအချို့ကို လှမ်းမြင်နေရသည်။ ထိုအထဲမှ ဝင်းတံခါးဘက်ဆီသို့ တန်းတန်းမတ်မတ်လာနေသော အလုပ်သမားတစ်ဦးဟု ထင်ရသည့် လုံချည်အစိမ်းနှင့် လူရွယ်တစ်ဦးကို ခင်သန်းဌေးက သတိပြုမိသည်။

“ဒီမှာရှင့်၊ ကိုအေးဆွေကို တွေ့ချင်လို့ပါ။ သူရှိတဲ့နေရာကို တစ်ဆိတ်ပြပါလားရှင်”

လူရွယ် အနားသို့ရောက်လာလျှင် ခင်သန်းဌေးက ဆီး၍မေးလိုက်၏။

“အဲဟို ရုံးခန်းထဲမှာ”

အံ့သြဟန်ပြနေသော လူရွယ်ကဝင်းကြီး၏မျက်နှာစာရှိ ခပ်လှမ်းလှမ်း အဆောက်အအုံတစ်ခုသို့ လက်ညှိုးထိုး ကာ ညွှန်ပြလိုက်၏။ 

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်”

ခင်သန်းဌေးသည် လူရွယ်အား နှုတ်ဆက်၍ ညွှန်ပြရာဘက်သို့ ပြောပြောဆိုဆိုနှင့် ထွက်လာခဲ့ရာ လူရွယ်လည်း ၎င်းအား အကဲခတ်ဟန်ဖြင့် ငေးမောကျန်ရစ်ခဲ့သည်။

ထိုနောက် ခင်သန်းဌေးသည် “စုပေါင်းထန်းလုပ်ငန်းအဖွဲ့၊ အုပ်ချုပ်မှုအမှု ဆောင်အဖွဲ့” ဟူသော ဆိုင်းဘုတ်ငယ် ချိတ်ဆွဲထားသည့် အဆောက်အအုံတစ်ခု၏ စင်္ကြံထဲသို့ ဝင်လိုက်၏။ ထိုနောက် အခန်းကျယ်ကြီး၏ အဝင်ဝတံခါးပေါက် ထိပ်ရှိ ပျဉ်ပြားဆိုင်းဘုတ်ငယ် အသေးလေးအား သတိပြု၍ကြည့်လိုက်ရာ “ရုံးခန်း” ဟူသော စာတန်းလေးကို တွေ့ရသည်။

ဤစာတန်းလေးကိုကြည့်၍ ခင်သန်းဌေးသည် အတွင်းဘက်သို့ဝင်ရန် စောင်းငဲ့ ကြည့်လိုက်၏။ အခန်းကြီးကား ကျယ်ဝန်းလှ၏။ လူလေးဦးသည် သူတို့အလုပ်တွင် စိတ်ဝင်စားစွာ လုပ်ကိုင်လျက်ရှိ၏။ ထိုအထဲ မှ အခန်းကြီး၏ အလယ်ဗဟို ဟိုဘက် ထိပ်ရှိ စားပွဲတစ်လုံးတွင်ထိုင်ကာ စာရေးနေသော ကိုအေးဆွေအား တွေ့ရသည်။

သူ၏နောက်ဘက်ရှိ ထရံတွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်နေဝင်းတို့ မှန်ပေါင်သွင်းဓာတ်ပုံကြီးများကို ချိတ်ဆွဲထား၏။ ဓာတ်ပုံများအောက် ဘက် ထရံဘေးတွင်ကပ်ကာ ကိုအေးဆွေ ၏နောက်ဘက်တွင် စာရွက်စာတမ်း၊ ဖိုင်တွဲ၊ စာအုပ်များ ထည့်ထားဟန်ရှိသည့် ဗီရိုအကြမ်းနှစ်လုံးကို ယှဉ်လျက်ချထား၏။ ၎င်းဗီရိုများ၏ လက်ယာဘက် ထရံတွင်မူ ၁၉၆၅ ခုနှစ် ပြက္ခဒိန်နှစ်ခု သုံးခုကို ချိတ်ဆွဲထားလေသည်။

သူ၏ စားပွဲပေါ်တွင်ကား စာအုပ်များ၊ ဖိုင်တွဲများ၊ မင်အိုးများအပြင် “အတွင်းရေးမှူး” ဟူသော စာတန်းရေးထားသည့် သစ်သားတုံးငယ်လေးတင်ထား၏။ တစ်ဖန် ကိုအေးဆွေ၏ လက်ယာဘက်တွင်လည်း စားပွဲတစ်လုံးချထားကာ ၎င်းအပေါ်တွင် “ဥက္ကဋ္ဌ” .ဟူသော စာတန်းရေးထားသည့် သစ်သားတုံးငယ်လေး တင်ထား၏။ သို့သော် လူကား မရှိ။ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌတို့၏ စားပွဲများရှေ့တွင် ကုလားထိုင်နှစ်လုံးစီ ချထား၏။ ၎င်းတို့မှာ ထန်းလက်ဖတ်များဖြင့် ပြုလုပ်ထားသော ကုလားထိုင်များ ဖြစ်၏။ ဥက္ကဋ္ဌစားပွဲရှေ့တည့်တည့်မှ ဘေးဘက်ရှိထရံကို ကျောပေးကာ အထပ်လေးထပ်ပါသော ပစ္စည်းများ တင်ထားသည့် စင်မြင့်တစ်ခု ချထား၏။ ၎င်းရှိ အထပ်များပေါ်တွင် ဖန်ဘူးများ၊ ပုလင်းများ၊ ထန်းဖူးပုံး (ထန်းရွက်ဖာ) များ၊ ထန်းလျှော်ကြိုးများနှင့် အခြား ထန်းထွက်ပစ္စည်းများ တင်ထားသည်ကို လှမ်းမြင်နေရ၏။ ထိုနောက် စင်၏ ဤမှာ ဘက်တွင် ခင်သန်းဌေးရပ်နေသော အဝင်တံခါးဝအထိ ခုံတန်းလျားရှည်များ စီပတ်၍ ချထားသည်။

စင်မြင့် ခုံတန်းလျားရှည်များနှင့် မျက်နှာချင်းဆိုင်ဖြစ်သော ကိုအေးဆွေ ၏ လက်ဝဲဘက်တွင်မူ ကိုအေးဆွေအား မျက်နှာမူလျက် လူသုံးယောက်သည် စားပွဲကိုယ်စီဖြင့် အလုပ်လုပ်လျက်ရှိကြ ၏။ ကိုအေးဆွေစားပွဲနှင့် အနီးကပ်ဆုံး လူ၏ စားပွဲပေါ်တွင် “စာရင်းအင်းဌာန” ဟူ၍ လည်းကောင်း၊ တစ်ဖန် ထိုလူ၏ ဤမှာဘက်စားပွဲတွင် အလုပ်လုပ်လျက် ရှိသောလူ၏ စားပွဲပေါ်တွင်လည်း “အထွေထွေဌာန” ဟူ၍ လည်းကောင်း စာရေးထားသည့် သုံးမြှောင့်သစ်သားတုံး ငယ်လေးများ တင်ထားကြ၏။

ထိုလူနှစ်ယောက်သည် ကိုအေးဆွေ နည်းတူ စာရွက်စာတမ်းများနှင့် ရေးမှတ်လျက်ရှိ၏၊ ဤမှာဘက် အစွန်ဆုံးမှ လူရွယ်သည်ကား လက်နှိပ်စက် တဖြောက်ဖြောက် ရိုက်လျက်ရှိ၏။ သူ၏ စားပွဲပေါ်တွင်လည်း “စုံစမ်းရန်နှင့် စာပေးစာယူဌာန” ဟူသော စာတန်းရေးထားသည့် သစ်သားတုံးငယ်လေး တင်ထား၏။ ထိုလူများသည် သူတို့ အလုပ်အသီးသီးတွင် စိတ်ရောကိုယ်ပါ နှစ်၍လုပ်နေကြသဖြင့် ခင်သန်းဌေး တစ်ယောက် တံခါးဝရောက်နေသည်ကို သတိမမူမိကြ။ အခန်းကြီးတစ်ခုလုံးမှာ လက်နှိပ်စက်ရိုက်သံကသာ ဖုံးလွှမ်းလျက်ရှိလေသည်။

ဆက်လက်ဖော်ပြပါမည်။