နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁၉-၇-၂၀၂၃ ရက်မှအဆက်

“အဲသဟာကြောင့်မို့ ထန်းပင်များ ပေါက်ရောက် စိုက်ပျိုးထားတဲ့မြေဟာ အဲသည် “ပုဒ်မ ၄၊ ပုဒ်မခွဲ ၁၊ အပိုဒ်ငယ် (ဂ) က ဆိုထားတဲ့ ယာမြေမျိုးထဲမှာ အကျုံးဝင်နေတဲ့အတွက် မြေခွန်တော်ရဲ့ နှစ်ဆသာ ပေးသင့်ပါတယ်။ သို့ပေမဲ့ အခု ကျွန်တော်တို့ ငါးစုတစ်စု ပေးထားထာဟာ မြေခွန်ခေါ် ထန်းခွန်တော်ရဲ့ ၁၅ ဆ လောက် ဖြစ်နေပါတယ်။

“သည်နေရာမှာ အစိုးရကို မြေခွန်တော်လို့ ခေါ်ဆိုနိုင်တဲ့ ထန်းခွန်တော် မပေးဆောင်ရတဲ့အတွက် အခုလို သီးစားနှုန်း တွက်ချက်တဲ့နေရာမှာ ဘယ်ဟာကိုစံပြုသလဲလို့ မေးစရာ၊ အငြင်းပွားစရာ အကြောင်းရှိပါတယ်။ အဲဒါကို ကျွန်တော် လူကြီးမင်းများ နားရှင်းသွားအောင် ရှင်းပါရစေ။ ဒီလိုပါ။ လူကြီးမင်းများ သိတော်မူတဲ့အတိုင်း ထန်းပင်တွေဟာ ထန်းခွန်တော် မပေးဆောင်ရပါဘူး။ သည်လို ထန်းခွန်တော် လွတ်ငြိမ်းခွင့်ရလာတာဟာ ၁၉၄ဝ-၄၁ ခုနှစ် အင်္ဂလိပ်ခေတ် နန်းရင်းဝန် ဂဠုန်ဦးစော လက်ထက်ကတိုင် ဒီနေ့အထိပါပဲ”

ခန်းမဆောင်အတွင်းရှိ လူများသည် အပ်ကျသံ ကြားလောက်အောင်ပင် တိတ်ဆိတ်နေကြကာ ဦးစံကျော်၏ တင်ပြချက်များကို စိတ်ဝင်စားနေကြသည်။

“အဲသည်တော့ ပေးရတဲ့ ဟိုခေတ် အချိန်က ထန်းခွန်တော်ကို “စံ” ထားပြီးတော့ တင်ပြပါရစေ။ ကျွန်တော်တို့ မြန်မာရှင်ဘုရင်များ လက်ထက်က ဆိုရင်လည်း ဘိုးဘွားပိုင် ထန်းများဟာ အခွန်တော် မပေးဆောင်ရပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါတယ်။ အရာတော် ထန်းများမှသာ အခွန်ပေးဆောင်ရပါတယ်။ အရာတော်ထန်း ဆိုတာက ဘုရင်မင်းမြတ်များပိုင်ဆိုင်တဲ့ ထန်းတောများကို ဆိုလိုပါတယ်။ သည်နေရာမှာလည်း တက်တဲ့ထန်းပင်မှ ပေးဆောင်ရပါတယ်။ မတက်ရင် မပေးရပါဘူး။ သည်အရာတော် ထန်းတက်ရ တစ်ပင်မှ “ခဲမကြေး” တစ်ပိဿာပဲ အခွန်တော် ပေးဆောင်ရပါတယ်။ ငွေတစ်ကျပ်မှာ ခဲမကြေးပိဿာတစ်ဆယ်ရလို့ အရာတော်ထန်း ငါးဆယ်တက်တဲ့ ထန်းတက်သမား တစ်ယောက်ဟာ တစ်နှစ်လုံးမှ ငွေ ၅ ကျပ်သာ အခွန်ပေး ဆောင်ရပါတယ်။

“တစ်ခါ အင်္ဂလိပ်များ မြန်မာပြည်ကို သိမ်းပိုက်အုပ်စိုးလာတဲ့ အခါကျတော့ ထန်းကို အခွန်ကောက်ခံတဲ့အခါ အရပ်ဒေသလိုက်လို့လည်းကောင်း၊ ထန်းသန် မသန်လိုက်လို့လည်းကောင်း၊ ထန်းတက်ရ မတက်ရလိုက်လို့ လည်းကောင်း အတန်းအမျိုးမျိုး အစားစား ခွဲခြားပြီးတော့ အခွန်တော် စည်းကြပ်ကြပါတယ်။ သည်အခါကျတော့ ဘိုးဘွားပိုင် ထန်းတွေလည်း အခွန်ပေးရပါတယ်။ အသိ လွယ်ဆုံးပြောရမယ်ဆိုရင် ဥပမာ၊ ထန်းသမားတစ်ယောက်ဟာ ထန်းအပင် ငါးဆယ်တက်ခဲ့လို့ရှိရင် တစ်နှစ်လုံးအတွက်မှ ဘယ်နှသီးပဲတက်တက် ငွေ ၁၀ ကျပ်လောက်သာ အခွန်ပေးဆောင်ခဲ့ ကြရပါတယ်။

“ဒါကြောင့်မို့ ကျွန်တော်တို့က ထန်းပိုင်ရှင်များကို သီးစားခအဖြစ် ငါးစုတစ်စုပေးတာဟာ တရားမျှတပါတယ်။ ခုတင်က ကျွန်တော်တင်ပြခဲ့တဲ့ ထန်းခွန်တော် နှုန်းရဲ့ နှစ်ဆသာ တွက်ချက်ပေးရမယ်ဆိုရင် ထန်းတတက်ဟာ အပင် ၅ဝ လောက်သာ အတက်များတာမို့ ထန်းသမားတစ်ယောက်ဟာ ထန်းပိုင်ရှင်ကို တစ်နှစ်လုံးအတွက်မှ “သီးစားခ” ငွေအားဖြင့် တစ်ပင်မှ ပြား ၄ဝ နှုန်းဖြင့် ထန်းတ တက်မှာ ငွေ ၂ဝ ကျပ်ပဲ ပေးရပါ့မယ်။ ထန်းလျက်ပေးမယ်ဆိုရင်လည်း ကာလပေါက်ဈေး ပျမ်းမျှခြင်း ၆ဝ ကျပ် ဈေးနှုန်းနဲ့ ထန်းတစ်ပင်မှာ ၆၀ ကျပ်သားကျော်၊ ထန်းတတက်မှာ ပိဿာချိန် ၃ဝ ကျော်ပဲ ပေးရပါမယ်။

“အခု ကျွန်တော်တို့ လက်ရှိပေးနေတဲ့ ငါးစုတစ်စုစနစ်ကို တွက်ပြရမယ်ဆိုရင် ထန်းတစ်ပင်ဟာ တစ်နှစ်မှာ တစ်သီးစားဆိုရင် ပျမ်းမျှ ထန်းလျက် ၂၅ ပိဿာ ရပါတယ်။ နှစ်သီးစားဆိုရင် ၃၅ ပိဿာ လောက်မှ အချိန် ၅၀ ခန့်ထိရပါတယ်။ အဲဒီတော့ နှစ်သီးစား အတက်များတာမို့ ထန်းလျက် ၅ဝ ပဲ ထားပါ။ ဒီတစ်ပင်မှာ ထွက်တဲ့ထန်းလျက်ကို ငါးစုတစ်စု ပေးတဲ့အခါ ထန်းလျက်ဆယ်ပိဿာ ပေးပါမယ်။ အဲသည့်နှုန်းအရ ထန်းတ တက်မှာ အချိန် ၅၀၀ နှုန်းနဲ့ပေးပါမယ်။ ငွေအားဖြင့်ပေးရမယ်ဆိုရင် ဥပမာ ကာလပေါက်ဈေးတန်ဖိုးနဲ့ ထန်းတစ်ပင် ၆ ကျပ်၊ ထန်းတတက်မှာ ကျပ်ငွေ ၃ဝဝ ကျပ် ပေးရပါမယ်။ အခု ထန်းတတက် ငါးစုတစ်စုနှုန်းနဲ့ ထန်းလျက် ၅ဝဝ ပေးနေရတဲ့ ထန်းသမားတစ်ယောက်ဟာ အရင်သုံးစုတစ်စုနှုန်းနဲ့ ပေးစဉ်ကဆိုရင် ထန်းလျက် ပိဿာ ၈ဝဝ ကျော်ပေးခဲ့ရပါတယ်။ သည်တော့ အခု ငါးစုတစ်စုနှုန်းနဲ့တွက်ရင် ထန်းလျက် ပိဿာ ၃ဝဝ ခန့်သာ လျှော့ပေးခဲ့ခြင်းပါ။

အဲသည်တော့ အခု ကျွန်တော်တင်ပြသွားတဲ့ နိုင်ငံတော်အစိုးရက သီးစားခပေးဖို့ ဥပဒေက သတ်မှတ်ထားတဲ့နှုန်းနဲ့ အခု ကျွန်တော်တို့ လက်ရှိပေးနေတဲ့ ငါးစုတစ်စု စံနှုန်းထားကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ၁၅ ဆ လောက်တောင် ပိုပေးနေရတဲ့အတွက် အခုကျွန်တော်တို့ ထန်းလျက်စု ငါးစုတစ်စုပေးနေတဲ့ စနစ်ဟာ ပေးသင့်ပေးထိုက်တာထက် ပို၍တောင် ပေးနေရခြင်းဖြစ်ပါတယ် ဆိုတဲ့အကြောင်း လူကြီးမင်းများ နှိုင်းချိန် ဝေဖန်နိုင်ရန် တင်ပြပါတယ်ခင်ဗျာ”
ဦးစံကျော် ထိုင်ချလျှင် ခန်းမကြီးထဲရှိ လူအားလုံးတို့၏ ပါးစပ်မှ တီးတိုးစကား ပြောသံများ ထွက်ပေါ်လာသည်။ ကိုအေးဆွေတို့ဘက်မှ အချို့ထန်းသမားများမှာ ကျေနပ်ဟန် လက္ခဏာပြနေသော်လည်း အချို့သည် စိတ်တထင့်ထင့်နှင့် အားငယ်နေပုံရသည်။ စိတ်ပူနေပုံရသည်။

ထန်းပိုင်ရှင်များမှာမူ မျက်နှာများ အကြီးအကျယ်ပျက်နေကြကာ ထန်း သမားများဘက်သို့ မျက်စောင်းတခဲခဲနှင့် ကြည့်နေကြသည်။ ဤသည်ကိုပင် ထန်းသမားအချို့က ၎င်းတို့၏ အဟန့်အရှိန်ကြောင့် လန့်နေပုံရသည်။

လ အ က လူကြီးများသည်လည်း တစ်ဦးနှင့်တစ်ဦး ခေါင်းချင်းဆိုင်၍ ပြောသူက ပြောနေကြကာ ရေးမှတ်သူက ရေးမှတ်နေကြသည်။

ဤအခြေအနေတွင် ကိုအေးဆွေသည် နေရာမှထလိုက်ပြီးလျှင် လ အ က လူကြီးများအား စကားပြောခွင့်တောင်းရာ ၎င်းတို့ကလည်း ခွင့်ပြုလိုက်၏။ ယင်းသို့ ဖြင့် ကိုအေးဆွေသည် ကျန်သောထန်း သမားများကိုယ်စား အချက်အလက်များ ကိုးကား၍ တင်ပြပြန်သည်။

“ကျွန်တော်ဟာ လက်ပံပင်ကျေးရွာ ဘုံထန်းတောနယ်မြေက “စုပေါင်း ထန်းလုပ်ငန်း” အဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်။ အခု အဖမ်းခံခဲ့ရပြီး အချင်း ဖြစ်ပွားနေတဲ့ ထန်းသမားလုပ်သားများဟာ စုပေါင်းထန်းလုပ်ငန်းအဖွဲ့ရဲ့ အသင်းဝင် ထန်းလုပ်သားများ ဖြစ်ကြပါ တယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ စည်းကမ်းချက်အရဆိုရင် မည်သည့်ကိစ္စပြဿနာ မဆို စုပေါင်းတာဝန်ယူရတာမို့ အခုပဋိပက္ခပြဿနာဟာ အဖွဲ့တစ်ခုလုံးနဲ့ သက်ဆိုင်တာဝန်ရှိနေပါတယ်။ အခုလို တင်ပြဆွေးနွေးခွင့် ရတာဟာလည်း အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ တာဝန်ပေးချက် အရဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အဖမ်းမခံရသော်လည်း အဖမ်းခံရသူများ ကိုယ်စားကျွန်တော့်မှာ တာဝန်ရှိနေပါ တယ်ဆိုတဲ့အကြောင်း လူကြီးမင်းများကို ဦးစွာ အစီရင်ခံရခြင်းဖြစ်ပါတယ် ခင်ဗျား။

ဒါကြောင့်မို့ ဆက်လက်ပြီး တင်ပြပါရစေ။ အခုလို ထန်းပိုင်ရှင်များက သူတို့ အား သီးစားခ ငါးစုတစ်စုပေးတာဟာ မကျေနပ်ပါဘူးလို့ဆိုတယ်။ တကယ်လို့ ထန်းခွန်တော်နှုန်းရဲ့ နှစ်ဆသာတွက်ပေးရရင် အခုပေးနေတဲ့စနစ်ဟာ ၁၅ ဆ လောက်ပင်သာနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျေကျေနပ်နပ်နဲ့ မြို့နယ်လုံးဆိုင်ရာ ထန်းသမားညီလာခံကြီးရဲ့ဆုံးဖြတ်ချက်အရ ပေးခဲ့ခြင်းပါ။
“ဒီနေရာမှာ လူကြီးမင်းများ ချင့်ချိန် နိုင်ဖို့ “၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေ၊ ပုဒ်မ ၄၊ ပုဒ်မခွဲ (၂)” ကို ကိုးကားပါရစေ။ အဲဒီ ဥပဒေပုဒ်မ၊ ပုဒ်မခွဲမှာ ဘယ်လိုဆိုထားသလဲဆိုတော့ “လယ်ယာမြေ တစ်ခုခုပေါ်တွင် ပေးသည့် သီးစားခမှာ စိုက်ပျိုးရေးနှစ် တစ်နှစ်လုံး အတွက်ပေးသည် သီးစားခဖြစ်သည်ဟု မှတ်ယူရမည်။ ထိုလယ်ယာမြေတွင် အဆိုပါ စိုက်ပျိုးရေးနှစ်အတွင်း သီးထပ်သော်လည်းကောင်း၊ သီးညှပ်သော်လည်းကောင်း စိုက်ပျိုးသည့်အတွက် နောက်ထပ် သီးစားခပေးရန် သီးစား၌ တာဝန်မရှိစေရ” လို့ ဆိုထားပါတယ်။
“ဒီတော့ ကျွန်တော်တို့ ထန်းသမားတွေမှာ “ထန်းအောက်မြေ” လို့ ရှိပါတယ်။ “ထန်းအောက်မြေ” ဆိုတာက ထန်းပင်များ ပေါက်ရောက်နေတဲ့ ထန်းပင် အောက်ကမြေကို ဆိုပါတယ်။ ဒီထန်း အောက်မြေမှာ ပြောင်း၊ နှမ်း၊ လူး၊ ဆတ်၊ မြေပဲ စတဲ့သီးနှံများကို အလှည့်ကျဆိုသလို ကျွန်တော်တို့ထန်းသမားတွေဟာ ကြဲပက်စိုက်ပျိုးပေးရပါတယ်။ အဲဒီလို စိုက်ပျိုးတဲ့သီးနှံအတွက်ကိုလည်း ကျွန်တော်တို့ဟာ ထန်းပိုင်မြေရှင်ကို သီးစားခအဖြစ် အကျေအလည် ပေးဆပ်ခဲ့ပါတယ်။

“အဲဒီတော့ ဒီမြေတစ်ကွက်ထဲကပဲ ပေါက်တဲ့သီးနှံအတွက် သီးစားခရော၊ ထန်းပင်အတွက် သီးစားခရော တစ်နှစ် အတွင်းမှာ နှစ်မျိုးနှစ်စား ပေးအပ်နေရ ပါတယ်။ ဒီလိုဆိုရင် စောစောက ကျွန်တော်တင်ပြခဲ့တဲ့ “၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၂)” အရဆိုရင် ဆန့်ကျင်မနေဘူးလား။ ဒါကို လူကြီးမင်းများ အလေးအနက်ထားပြီး စဉ်းစားဝေဖန်စေလိုပါတယ်”

ကိုအေးဆွေသည် သူ့စကားကို ဖြတ်လိုက်ကာ လ အ က လူကြီးများအား လေးနက်စွာ စူးစိုက်၍ကြည့်၏။ လ အ က လူကြီးများသည် အလေးအနက်ထား၍ တွေးတောနေပုံရသည်။ အချို့ကရေးမှတ်နေသည်။ တစ်ဖန် ကိုအေးဆွေသည် ထန်းပိုင်ရှင်များဘက်သို့ အမှတ်မထင် လှည့်ကြည့်လိုက်ရာ မိမိအား အံကြိတ်၍ စူးစူးဝါးဝါးကြည့်နေကြသော ထန်းပိုင်ရှင် များအား တွေ့ရ၏။
ကိုအေးဆွေမှာ သူတို့အကြည့်ကြောင့် ကျောထဲတွင် စိမ့်၍သွား၏။ မည်သို့ပင် သူတို့က လုပ်ကြံညစ်ပတ်သော်လည်း ယနေ့ ဆိုရှယ်လစ်ဥပဒေများက မိမိတို့ လုပ်သားပြည်သူများဘက်မှ ရှိနေသည် မဟုတ်ပါလား။ 

ကိုအေးဆွေက သူ့စကားကို ဆက်ပြန်သည်။ 

ဆက်လက်ဖော်ပြပါမည်။