နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁၀-၇-၂၀၂၃ ရက်မှအဆက်

[ ၂၆ ]

မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့၏ တည်ရာအဆောက်အအုံခန်းမ၌ လအ က အဖွဲ့ဝင်လူကြီးများ၊ ထန်းပိုင်ရှင်များ၊ ထန်းသမားများသည် စုံစေ့သလောက်ရောက်ရှိနေကြပြီဖြစ်၏။ ထန်းပိုင်ရှင်များဘက်မှ ဦးမြမောင်၊ ဦးမြို့တို့ ခေါင်းဆောင်ကာ အခြားထန်းပိုင်ရှင် ဆယ့်ငါးဦးခန့်နှင့် ၎င်းတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်အချို့ပါ ရောက်ရှိနေကြလေသည်။

ကိုအေးဆွေတို့ ထန်းသမားများဘက်တွင်လည်း အာမခံဖြင့် ထုတ်ထားသော ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးဖိုးခ၊ ဦးစံကျော်၊ ကိုမောင်ပု၊ ကိုဆယ်ရင်စသော ထန်းသမားတို့အပြင် စုပေါင်းထန်းလုပ်ငန်းအဖွဲ့မှ ကျန်အမှုဆောင်အားလုံးတို့လည်း လိုက်ပါလာကြသည်။ အခြားနီးစပ်ရာ ထန်းသမားများကလည်း မည်ကဲ့သို့ ဖျန်ဖြေရှင်းလင်းပေးမည်ကို ကိုယ်တိုင်ကိုယ်ကျ နားထောင်လိုကြသဖြင့် လိုက်ပါလာကြရာ အားလုံးထန်းသမား များသည် လေးငါးဆယ်လောက် ရှိလေသည်။ ထို့ပြင် ၎င်းတို့နှင့် နီးစပ်ရာ စိတ်ဝင်စားသူတို့ကလည်း နားထောင်ရန် ရောက်ရှိနေရာ ရုံးခန်းမကြီးတစ်ခုလုံးမှာ ပြည့်လျှံသွားတော့သည်။

ယင်းသို့ လ အ က ရုံးခန်း၌ ထန်းသမားများနှင့် ထန်းပိုင်ရှင်များ ရောက်ရှိနေကြခြင်းမှာ ထန်းသမားများ အဖမ်းခံရခြင်းကိစ္စနှင့် ပတ်သက်၍ ကိုအေးဆွေတို့က ဆရာကြီးဦးလှဒင်နှင့် တိုင်ပင်ပြီး မြို့နယ် လ အ ကရုံးသို့ တိုင်ကြားခြင်း ကြောင့်ဖြစ်လေသည်။ ၎င်းနှင့် တစ်ပြိုင်တည်းလည်း တိုင်ကြားစာမိတ္တူများကို ခရိုင်၊ တိုင်း၊ ဗဟို လအကနှင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ထိသို့ပါ ပေးပို့ တိုင်ကြားလေသည်။ ထို့ပြင် သတင်းစာတိုက်များသို့လည်း သတင်းအဖြစ် မိတ္တူများပေးပို့ကြလေရာ ရန်ကုန်နှင့် မန္တလေးနေ့စဉ် သတင်းစာကြီးများတွင် ကိုအေးဆွေတို့ ထန်းသမား ထန်းပိုင်ရှင် ပဋိပက္ခမှုကြီးမှာ သတင်းအဖြစ် ဟိုးလေးတကျော်ကျော် ပါရှိလာလေသည်။

ထိုကြောင့်လည်း ကျောက်ပန်းတောင်း မြို့နယ်နှင့် မြို့တစ်မြို့လုံးကပါ ကိုအေးဆွေတို့၏ ပဋိပက္ခဖျန်ဖြေရေးကို မည်သို့မည်ပုံ ရှင်းလင်းပေးပါမည်နည်းဟု စိတ်ဝင်စားနေကြသည်။ အထူးသဖြင့် မြို့လူထုက ပို၍စိတ်ဝင်စားနေကာ အချို့ ကဆိုလျှင် လာရောက်၍ပင် နားထောင်ကြသဖြင့် ရုံးခန်းမဆံ့၍ အပြင်သစ်ပင် ရိပ်များအောက်မှ နားထောင်နေကြရသည်။

ဆရာကြီး ဦးလှဒင်မှာလည်း ရုံးခန်းအတွင်းရှိ နောက်နားခပ်ကျကျ ပရိသတ်ထဲတွင် ရောက်ရှိနေသည်။

လအက အဖွဲ့ဝင်လူကြီးများ စုံညီစွာ ရောက်ရှိလာကြပြီဖြစ်၍ ဆွေးနွေးပွဲကို စတင်ကြတော့သည်။ ပထမဦးစွာ လအက ဥက္ကဋ္ဌသည် နေရာမှ ထလိုက်သည်။

“အခုလို ထန်းပိုင်ရှင်များနဲ့ ထန်းလုပ်သားများကို ဘာကြောင့် ဒီကဲ့သို့ တွေ့ဆုံ ပေးရတယ်ဆိုတဲ့ အကြောင်းကိုတော့ ကျွန်တော် အထူးရှင်းလင်းစရာ မလိုတော့ပါဘူး။ အားလုံး သိပြီးဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော် အထူးပြောလိုတာကတော့ ထန်းပိုင်ရှင်များဘက်က ဖြစ်စေ၊ ထန်းလုပ်သားများဘက်က ဖြစ်စေ ဖြစ်ပျက်တဲ့ အကြောင်းရင်းကိစ္စကိုသာ အမှန်အကန်အတိုင်း ပြောပြစေ လိုပါတယ်။ ဒါမှလည်း ခင်ဗျားတို့ရဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာမို့ပါ။ ဒါပါပဲ၊ ကျွန်တော် ပြောချင်တာ က၊ ကဲ ကဲ၊ ထန်းပိုင်ရှင်များဘက်က စပြီးတော့ အကျိုးအကြောင်းကို တင်ပြပါ”

လအက ဥက္ကဋ္ဌ သူ့နေရာသို့ ပြန်ထိုင်လိုက်လျှင် ထန်းပိုင်ရှင်များသည် လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ ခန်းမကြီးတစ်ခုလုံးရှိ လူများလည်း တိတ်ဆိတ်၍သွားကာ ထန်းပိုင်ရှင်များဘက်သို့ အာရုံပြုလိုက်ကြသည်။ ထိုစဉ် ဦးမြမောင်သည် နေရာမှ ထလိုက်သည်။

“ဒီလိုပါ ခင်ဗျာ၊ ကျွန်တော်ရဲ့ ထန်းလှည့်ဘက်ဖြစ်တဲ့ ကိုဖိုးခဟာ ကျွန်တော်တို့ မိဘ ယောက္ခမများလက်ထက်ကစပြီး အခု ကျွန်တော့်လက်ထက်ထိ ထန်းလှည့်ဘက် ဖြစ်ခဲ့ပါတယ်။ ထန်းလှည့်ကိုလည်း သုံးလှည့်တစ်လှည့်အဖြစ်နဲ့ နှစ်ဦးသဘောတူ ပေးယူပြီး ထန်းတက်စေခဲ့ပါတယ်။ အဲဒါဟာ ခုချိန်ထိပါပဲ။ ဒါပေမဲ့ အခု ထဖိုဦးကစပြီး ကိုဖိုးခဟာ သူ့သဘောနဲ့သူ ထန်းလှည့်သုံးလှည့် တစ်လှည့် (သုံးစု တစ်စု) ကနေပြီး ငါးလှည့်တစ်လှည့် (ငါးစုတစ်စု) အဖြစ်သာ ပေးပါတော့တယ်။ ဒါကို ကျွန်တော်က သဘောမတူပါဘူး။ ကျွန်တော့်ရဲ့ အကျိုးစီးပွားကို ထိခိုက်ပါတယ်။

ဒါကြောင့် သုံးလှည့် တစ်လှည့် (သုံးစု တစ်စု) သာ ပေးပါလို့ ကိုဖိုးခကို ခေါ်ပြောပါတယ်။

“ဒါပေမဲ့ ကိုဖိုးခဟာ ပြောမရပါဘူး။ အဓမ္မပဲ ငါးစုတစ်စုအဖြစ်သာ ဆက်ပေးနေပါတယ်။ ဒီလို ငါးစုတစ်စုသာ ဆက်ပေးနေရင် ကျွန်တော်ဟာ မကျေနပ်ပါဘူး။ ထန်းလှည့်ဘက်ကနေပြီး ဖယ်ပေးပါလို့ အကြောင်းကြားပါတယ်။ ဒါလည်းမရဘူး။ အဓမ္မ ကျူးကျော်တက်ပြီး ကျွန်တော့်ရဲ့ ထန်းပင်များမှ ထန်းသီး၊ ထန်းခိုင်၊ ထန်းရည်၊ ထန်းရွက်များကို တိတ်တဆိတ် ခိုးယူသုံးစွဲနေပါတယ်။

“ဒါတင်လား၊ မဟုတ်သေးပါဘူး။ ကျွန်တော်မသိဘဲနဲ့ ကျွန်တော့်ခွင့်ပြုချက် မရဘဲနဲ့ စုပေါင်းထန်းလုပ်ငန်းအဖွဲ့ ဆိုလား၊ ဘာဆိုလား။ အဲဒီအဖွဲ့ကို သူ့သဘောတစ်ခုတည်းနဲ့ လွှဲပြောင်းချထားပြီး တက်နေပါတယ်။ ခိုးယူသုံးစွဲမြဲ သုံးစွဲနေပါတယ်။ ဒါကြောင့် ကျွန်တော်ပိုင် မြေပေါ်မှာပေါက်နေတဲ့ ကျွန်တော်ပိုင် ထန်းပင်များကို ပိုင်ရှင်မသိဘဲ ခွင့်ပြုချက်မရဘဲ အဓမ္မကျူးကျော်တက်ပြီး ခိုးယူသုံးစွဲနေတဲ့အတွက် ရာဇဝတ် ကြောင်းအရ တိုင်ကြားရခြင်းပါခင်ဗျား”

ဦးမြမောင်သည် သူ့စကားဆုံးလျှင် သူ့နေရာသူ ပြန်ထိုင်လိုက်သည်။ သူ၏ မျက်နှာမှာ အားရကျေနပ်နေပုံရသည်။

ထိုနောက် ဦးမြို့ကလည်း ဦးမြမောင် ကဲ့သို့ပင် သူ့ထန်းသမား ဆယ်ရင်အား ဘာ့ကြောင့် ရာဇဝတ်ကြောင်းဖြင့် တိုင်ကြားရကြောင်းကို တင်ပြသွားလေသည်။ အခြား ထန်းပိုင်ရှင်များကလည်း ဦးမြမောင်၊ ဦးမြို့တို့နည်းတူ ဥပဒေနှင့် ငြိစွန်းအောင် ကိုးကား၍ ဆက်လက်တင်ပြသွားကြသည်။

ထန်းပိုင်ရှင်များဘက်မှ တင်ပြပြီးဆုံး သွားပြီးလျှင် ထန်းတက်သမားများဘက်မှ ဆက်လက်တင်ပြကြရန် လအက ဥက္ကဋ္ဌက မိန့်ကြားသည်။

ဤတွင် ကိုအေးဆွေတို့ဘက်မှ ဦးဖိုးခသည် ထိုင်နေရာမှ ဖြည်းညင်းစွာ ထလိုက်သည်။ သို့သော် ဦးဖိုးခခမျာမှာ ပေါင်ကျိုးခဲ့သည့် ဒဏ်ရာဒဏ်ချက်ကြောင့် မတ်မတ်မရပ်နိုင်ရှာပေ။ ပခုံးမှာ တစ်ဖက်စောင်းနိမ့်မြင့် ဖြစ်နေသည်။ အခန်းထဲရှိ လူအားလုံးက သူပြောမည့် စကားကို အာရုံပြုနေကြသည်။

“သည်နေရာမှာ ထန်းပိုင်ရှင်ကို သီးရှင်၊ ကျွန်တော်တို့ ထန်းသမားတွေကို သီးစားလို့ ခေါ်ပါရစေ။ တစ်ဖက်က ထန်းပိုင်ရှင် ဦးမြမောင် ပြောပြသွားသလို အားလုံး အမှန်အကန်ဖြစ်ပါတယ်။ ကျွန်တော် မငြင်းပါဘူး။ နို့ပေမဲ့ ကျွန်တော် လူကြီးမင်းများကို အစီရင်ခံချင်တဲ့ အချက်တစ်ချက် ရှိပါတယ်။ ဒီအချက်ကို လူကြီးမင်းများ စဉ်းစား စေလိုပါတယ်။ ဒီအချက်က ဘာလဲဆိုရင် ၁၉၅၃ ခုနှစ် သီးစားချထားရေး အက်ဥပဒေ အရ သီးစားသည် မြေရှင်ထံမှ လယ်ယာ မြေ၊ ဥယျာဉ်၊ ကိုင်းကျွန်းမြေများကို သီးစားအဖြစ်နဲ့ သီးစားခပေးပြီး ၁၂ နှစ် တိုင်တိုင်လုပ်ဆောင်လာခဲ့လို့ရှိရင် မြေရှင်က အဲဒီသီးစားကို သူ့သဘောနဲ့ လွှဲပြောင်းချထားခြင်း၊ ရုပ်သိမ်းခြင်း မပြုနိုင်ပါဘူးလို့ ဆိုထားပါတယ်။

“သည်နေရာမှာ တစ်ခါ ၁၉၆၃ ခုနှစ် မတ်လထဲက ပြဋ္ဌာန်းလိုက်တဲ့ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေကို ထပ်မံပြီးတော့ ကိုးကားလိုပါတယ်။ ဘယ်လိုလဲဆိုရင် အဲသည်ဥပဒေရဲ့ ပုဒ်မ ၁၅ က ဟောသည်လို ဆိုထားပါတယ်။ “၁၉၅၃ ခုနှစ် သီးစားချထားရေး အက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ ထိုသို့ ရုပ်သိမ်းလိုက်သည့်အခါ ၁၉၅၃ ခုနှစ် သီးစားချထားရေး အက်ဥပဒေအရ ဆောင်ရွက်ပြီးခဲ့သော ကိစ္စများ မပျက်ပြယ်စေရ”လို့ ဆိုထားပါတယ်”
ဦးဖိုးခသည် တရားရေးဌာနမှ ရောင်းချသည့် “၁၉၆၃ ခုနှစ် သီးစားချထားရေး အက်ဥပဒေ” ဟူသော ပုံနှိပ်စာရွက်ကလေး ကိုကိုင်ကာ ဖတ်ပြပြီးနောက် လအက လူကြီးများဆီသို့ တစ်ဖန် ပြန်ကြည့်ပြီး ဆက်ပြန်သည်။

“သည် သီးစားဥပဒေအရ ထန်းပင်များ စိုက်ပျိုးဖြစ်ထွန်း ပေါက်ရောက်နေတဲ့ ထန်းမြေများလည်း သက်ဆိုင်ပါတယ်။ အဲသဟာကြောင့် ဒီဥပဒေများအရ သီးရှင်ဖြစ်တဲ့ ဦးမြမောင်ဟာ ၁၂ နှစ်မက ယခုတိုင်အောင် နှစ်ပေါင်းလေးဆယ် နီးပါးထိ ထန်းတက်လာခဲ့တဲ့ သီးစား ကျွန်တော် ထန်းတက်သမားထံမှ လွှဲပြောင်းချထားခြင်း၊ ရုပ်သိမ်းခြင်း မပြုလုပ်နိုင်ပါဘူးဆိုတဲ့ အကြောင်းကို အလေးအနက်ထား၍ လူကြီးမင်းများ ဝေဖန်စဉ်းစားပါရန် အစီရင်ခံပါတယ် ခင်ဗျာ”

ထန်းပိုင်ရှင်များသည် ဦးဖိုးခ၏ တင်ပြသွားချက်များကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ စောစောက သာသာယာယာဖြစ်နေသော မျက်နှာများသည် အနည်းငယ်စီ ပျက်၍လာသည်။ လအက လူကြီးများကမူ မည်သို့စဉ်းစားမိသည် မသိ၊ ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။ ကိုအေးဆွေတို့ ထန်းသမားများ ဘက်ကမူ မိမိတို့ဘက်မှ ကိုးကားချက်များသည် ခိုင်မှခိုင်လုံပါမည်လားဟု ကြောင့်ကြဟန် ပြနေကြသည်။

ထိုနောက် ဦးစံကျော်သည် နေရာမှ ထပြန်သည်။

“ကျွန်တော်တို့ ထန်းသမား သီးစားများဟာ ဘာကြောင့် ထန်းပိုင်ရှင်များကို ငါးစုတစ်စုအဖြစ်သို့ လျှော့ပေးရတယ် ဆိုတဲ့အကြောင်းကို လူကြီးများ စဉ်းစား ချင့်ချိန် ဝေဖန်နိုင်ကြပါရန် တင်ပြလိုပါတယ်။ သည်နေရာမှာ “၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ”ကို ကိုးကားတင်ပြပါရစေ။ အဲဒီဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ ၁၊ အပိုဒ်ငယ် (ဂ) မှာ “ငရုတ်၊ ကြက်သွန်၊ ဆေး၊ သို့တည်းမဟုတ် ကြံစိုက်ပျိုးသည့် မြေမှတစ်ပါး အခြားယာမြေ၊ သို့မဟုတ် ကိုင်းမြေအတွက် သီးစားနှစ်တွင် ထမ်းဆောင်ရသော မြေခွန်၏ နှစ်ဆ” ပေးရမည်လို့ ဆိုထားပါတယ်။

ဆက်လက်ဖော်ပြပါမည်။