နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၈-၆-၂၀၂၃ ရက်မှအဆက်

“အခု ကျွန်တော်တို့ထန်းသမားတွေ သတိပြုဖို့က ခုအချိန်ကစပြီး ကျွန်တော်တို့ဟာ ထန်းပိုင်ရှင်တွေနဲ့ တိုက်ပွဲဖြစ်နေပြီဆိုတာပဲ။ ဘာတိုက်ပွဲလဲ၊ သီးစားတိုက်ပွဲ၊ ထန်းစုတိုက်ပွဲ။ ကောင်းပြီ၊ ဒီထန်းစုတိုက်ပွဲမှာ ကျွန်တော်တို့က ငါးစုတစ်စုကိုပဲ ညီလာခံ က သတ်မှတ်ဆုံးဖြတ်ထားတဲ့အတိုင်းရအောင် ဆက်တိုက်ယူမလား၊ ဒါမှမဟုတ် အလျှော့ပေးပြီး နဂိုကအတိုင်း သုံးစုတစ်စုပဲ ပြန်ပေးကြမလားဆိုတာပဲ”

ကိုအေးဆွေက သူ့စကားကိုဖြတ်လိုက်ကာ တဲခန်းမကြီးထဲရှိ လူများအား သွေးတိုးစမ်းလိုက်သည်။

ထိုစဉ် သာထူးက “တကယ်လို့ ထန်းပိုင်ရှင်တွေက လေးစုတစ်စုလုပ်ပါလို့ စေ့စပ်လာရင်ကော” ဟု ဝင်ပြောလိုက်ရာ ကိုမောင်ပုက -

“ဟာ အလျှော့ပေးလို့ ဘယ်ဖြစ်ပါ့မလဲ သာထူးရ၊ ငါးစု တစ်စုဟာ ငါးစုတစ်စုရအောင် တိုက်ယူရမှာပေါ့ကွ” ဟု ဟန့်တားကန့်ကွက်လိုက်၏။

“ဟုတ်သယ်ဟေ့၊ တို့ဘက်က အလျှော့ပေးလို့တော့ ဖြစ်မှာမဟုတ်ဘူး။ အနိုင်ချရမယ်”

ဦးဖိုးခကလည်း ကိုမောင်ပု၏စကား ထောက်ခံလိုက်၏။

“အဲဒီလိုဆိုရင် ကျွန်တော်တို့ဘက်ကလူတွေဟာ ညီညွတ်ကြမှဖြစ်မယ်။ လျော့တိလျော့ရဲ လုပ်လို့ လည်းမဖြစ်ဘူး။ အခု အားလုံးရှေ့မှာတော့ အများသဘောတူ ဆုံးဖြတ်ချက်ချပြီး နောက်ပိုင်းကျ တစ်မျိုးကွေ့သွားရင် မဖြစ်ဘူး။ အားလုံး ဒုက္ခရောက်ကုန်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ခင်ဗျားတို့သိတဲ့အတိုင်း အခြေအနေက အတင်းမာဆုံးအပိုင်းကို ရောက်နေပြီ။ သူတို့ဘက်ကတော့ ဘယ်လိုနည်းနဲ့မှ အလျှော့ပေးမှာ မဟုတ်ဘူး။  အဲ အဲ၊  အလျှော့ မပေးရုံတင်မကဘူး၊ နောက်ဆုံး သုံးစုတစ်စုပေးရင် တက်၊  မပေးရင် မတက်နဲ့ဆိုပြီး ရာဇသံတောင် ပေးလာပြီမဟုတ်လား။  တကယ်လို့ ကျွန်တော် တို့ဘက်ကဆက်ပြီး ငါးစုတစ်စုသာ ပေးနေမယ်ဆိုရင် သက်ဆိုင်ရာကနေပြီး အရေးယူမယ်လို့ ခြိမ်းခြောက်လာတယ်ဆိုတာလည်း ခင်ဗျားတို့ အသိ။ အဲဒါ ခင်ဗျားတို့ ဆုံးဖြတ်ကြပေါ့။ အလျှော့ ပေးသင့်၊ ဆက်လက်ပြီး တိုက်ပွဲဝင်သင့် မဝင်သင့် ဆိုတာ”

ကိုအေးဆွေက အားလုံးလူများ၏ ဆန္ဒကို တောင်းယူလိုက်သည်။ 

တဲခန်းမကြီးအတွင်းရှိ လူများသည် လေးနက်သောအတွေးကိုယ်စီဖြင့်  မည်သို့အဆုံးအဖြတ်ပေးရန် စဉ်းစားနေကြသည်။ အချို့လူများ၏ မျက်နှာက တင်းမာနေသော်လည်း အချို့လူများ၏ မျက်နှာမှာမူ စိုးရွံ့နေပုံရသည်။

“ဒါနဲ့ နေပါဦး၊ နေ့လယ်က ဆရာကြီးဦးလှဒင်ဆီ သွားတော့ ဆရာကြီးက ဘယ်လိုအကြံပေးလိုက် သလဲ”

ဆယ်ရင်၏ အမေးစကားကြောင့် အားလုံးက စိတ်ဝင်စားလာသည်။

“ဆရာကြီးကတော့ ဆက်ပြီး တိုက်ပွဲဝင်ဖို့ ပြောလိုက်ပါတယ်” 

ကိုအေးဆွေ၏ အဖြေစကားကို ကြားလျှင် ဆယ်ရင်သည် အားတက်သရောအမူအရာဖြင့် –

“သလိုဆိုရင် ဆက်ချပေါ့”

“ဟုတ်တယ်၊ ဆက်ပြီးတိုက်ပွဲဝင်ပါ”

“ဟုတ်သယ်ဟေ့၊ ညီလာခံက ဆုံးဖြတ်ထားတဲ့အတိုင်း ငါးစုတစ်စုသာပေးပါ။ လျှော့မပေးပါနဲ့”

အစည်းအဝေးသို့ တက်ရောက်လာကြသော ထန်းသမားများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ထောက်ခံကြသည်။ ဤသို့ဖြင့် ကိုအေးဆွေ တို့၏ အရေးပေါ်အစည်းအဝေးမှ ဆက်လက်ပြီး ထန်းစုကို ငါးစုတစ်စုသာပေးရန် အားလုံးသဘောတူ ဆုံးဖြတ်ချက် ချလိုက်လေသည်။ 

ယခုတော့ ကိုအေးဆွေသည် ရှေ့သို့တိုးရပေတော့မည်။ သို့ဆိုလျှင် ခင်သန်းဌေးနှင့် မည်သို့ရင်ဆိုင် ရပါမည်နည်း။

[ ၂၅ ]

“ကိုရင် ကိုရင်”

ထိတ်လန့်တကြား အော်ခေါ်ရင်း ပြေးဝင်လာနေသော ထွေးရီ၏အသံကြောင့် ကိုအေးဆွေသည် စာရေးနေရာမှ ဖျတ်ခနဲမော့ကြည့်လိုက်၏။ ထွေးရီသည် အလုပ်ရုံးခန်းထဲသို့ စိုးရိမ်တကြီး ပြေးဝင်လာသည်။ သူ၏အမူအရာမှာ ပျာလောင်ခတ် နေသည်။

“ကိုရင် ကိုရင်၊ ဟို ဟိုမှာလေ၊ အဖေတို့ကို ပုလိပ်တွေ လာဖမ်းနေတယ်”
“ဟင်”

ရုတ်တရက် ကြားလိုက်ရသည့်သတင်းကြောင့် ကိုအေးဆွေမှာ ထောင်းခနဲ ဒေါသဖြစ်သွားသည်။ ထိုင်ရာမှလည်း ဗြုန်းခနဲ ထရပ်လိုက်မိသည်။

ကိုအေးဆွေ၏အပြုအမူကြောင့် ပြေးလာရသဖြင့် ရင်ညွန့်လေး  မောက်တက်လာသည့်တိုင်အောင် အမောတကော အသက်ရှူနေသော ထွေးရီပင်လျှင် ရုတ်တရက်မို့ လန့်ဖျပ်သွားသည်။ မျက်လုံးကလေးပြူး၍ ပါးစပ်ကလေးပင် ဟသွားကာ အံ့အားသင့် ဟန်ဖြင့် ကိုအေးဆွေကို ကြည့်နေသည်။

“ဟင် ဟင်၊ အခု ရဲတွေဘယ်မှာလဲ”

ကိုအေးဆွေ၏ မျက်နှာက တင်းမာနေသလို အသံကလည်း မာကျောလှသည်။

“ကိုဆယ်ရင်ကြီးတို့ ထန်းတောဘက်မှာ”

“လာ လာ၊ ဒါဖြင့်”

ပြောပြောဆိုဆိုပင် ကိုအေးဆွေသည် အလုပ်ခန်းထဲမှ ဒရောသောပါးဖြင့် ပြေးထွက်သွားတော့သည်။

“သူငယ်ချင်း၊ ငါ့တော့ စိတ်မရှိနဲ့ကွာ။ တို့က ပြည်သူ့ဝန်ထမ်းပီပီ  အထက်ကအမိန့်အတိုင်း တာဝန်ဝတ္တရားအရ လာခဲ့ရတာပဲ”

ရဲအုပ်လှကြည်က ကိုအေးဆွေအား ရောက်မဆိုက် ဆီး၍တောင်းပန်လိုက်၏။


လှကြည်နှင့်အတူ  အခြားရဲသားငါးဦးကိုလည်း ရိုင်ဖယ်သေနတ်များ လွယ်လျက် တွေ့ရသည်။ ကိုအေးဆွေ၏အဖေ ဦးဖိုးခနှင့်တကွ ဦးစံကျော်၊ ဆယ်ရင်၊ ကိုမောင်ပုတို့နှင့် အခြားထန်းသမား ငါးဦးအား ဖမ်းထားကြောင်း အခြေအနေကို မြင်ရခြင်းအားဖြင့် ကိုအေးဆွေက သိလိုက်သည်။

ဘုံထန်းတောနယ်မြေရှိ အခြားအဖွဲ့ဝင် ထန်းတက်သမားများ၊ မြူအိုးကောက်သူ အမျိုးသမီးများ၊ ကလေးများပါမကျန် တစ်ပြုံကြီးစု၍ ရောက်လာကြသည်။ သူတို့၏ မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများ ပေါ်နေသည်။ ယောက်ျားများ၏ မျက်နှာတွင်မူ ဒေါသဖြစ်၍ ခံပြင်းနေသော အရိပ်အယောင်များက လွှမ်းမိုးနေကြသည်။ 

“နေပါဦး သူငယ်ချင်း၊  သူတို့ကို ဘာအမှုနဲ့ ဖမ်းတာလဲ ပြောပါဦး”

“ပိုင်နက်ကျူးလွန်မှုနဲ့လေ”

“ဟေ့ ဟေ၊ ဘယ်လိုပါလိမ့်”

ကိုအေးဆွေသည် အလွန်အံ့သြသွား၏။

“ဒီလိုတဲ့။ သူတို့ မသိအောင် သူတို့ပိုင် ထန်းတွေကို အဓမ္မ ကျူးကျော်တက်ပြီး  ခိုးယူသုံးစွဲနေပါတယ်လို့ ရာဇဝတ်ကြောင်းတိုင်ချက်အရ အခုလို လာဖမ်းရတာပဲ”

“လုပ်လိုက်ကြဦးပေါ့ကွာ”

ကိုအေးဆွေ၏နှုတ်မှ နာကြည်းစွာ ခံစားနေရသော အသံဖြင့် ထွက်လာသည်။ ဒေါသထွက်လွန်း၍ ကိုအေးဆွေ၏ တစ်ကိုယ်လုံးသည် ဆတ်ဆတ်တုန်နေသည်။

ဦးဖိုးခ၊  ဦးစံကျော်၊  ကိုမောင်ပုနှင့် အချို့ထန်းသမားများမှာ လူကြီးများပီပီ ဟန်ဆောင်နေသော်လည်း ဆယ်ရင်မှာမူ လူငယ်ဖြစ်သည့်အတိုင်း အံတကြိတ်ကြိတ်နှင့် ဒေါထနေသည်။ တစ်ချက် တစ်ချက်တွင် တောက်ခေါက်နေသည်။
လူကြီးများက ဟန်ဆောင်နေသည့်တိုင်အောင် ဦးဖိုးခမှာမူ သူ၏ဒေါသကို မချုပ်တည်းနိုင်ဘိအလား ဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် သူ၏ပေါင်ကို လှန်၍ပြလိုက်ရင်း -

“ကြည့်စမ်းပေါ့ဗျာ။ ကျုပ် လူမှန်းသိစအရွယ်က စပြီး ခုချိန်ထိ ပေါင်တောင်အကျိုးခံပြီး သင်းတို့ကို လုပ်ကျွေးပူဇော်လာတာပါ။ သည်မျက်နှာတောင် ထောက်ဖော်မရဘူး။ ရက်စက်လိုက်လေဗျာ”

“တောက်”

ဦးဖိုးခ၏ ပြင်းထန်ကျယ်လောင်စွာ တောက်ခေါက်လိုက်သံကြောင့်  အနားရှိလူများသည် လန့်ဖျပ်သလို  သူ့အား တစ်ပြိုင်နက် ဝိုင်းကြည့်လိုက်ကြသည်။

ဦးစံကျော်သည် ဦးဖိုးခ၏ ဒေါသမုန်တိုင်းထန်နေသည်ကိုကြည့်ကာ နှစ်သိမ့်စကားဆို၏။

“ကိုရင်ခရယ်၊ သလောက်လည်း စိုးရိမ်မနေစမ်းပါနဲ့။ တရားဥပဒေအရ အမှန်အကန်အတိုင်း ဖြစ်ရမှာပေါ့။ သူတို့ညစ်ပတ်တိုင်း မရပါဘူး။ ခုဖမ်းလည်း ခေတ္တခဏပေါ့”

“စိုးရိမ်လို့မဟုတ်ပါဘူး ကိုစံကျော်ရဲ့။ ထောင်အပြင် တန်းမကျနိုင်ပါဘူး။  သူတို့ရဲ့ သစ္စာမဲ့ပုံ၊ ညစ်ပတ်ပုံတွေဟာ ခုမှမဟုတ်ဘူး၊ တစ်သက်လုံး ခံခဲ့ရလွန်းလို့ပါ။ ခုတော့ လူကိုပါ ဒုက္ခပေးလာတော့ မခံနိုင်လွန်း၊ ဒေါသဖြစ်လွန်းလို့ပါ”

“ကဲ ကဲ အဖေ၊ သူတို့ ခေါ်ရာနောက်ကို ခဏတော့ လိုက်သွားပါဦး။ ကျွန်တော်တို့ ချက်ချင်းလိုပဲ အာမခံ မယ့်လူတွေခေါ်ပြီး အမြန်လိုက်ခဲ့ပါ့မယ်’

ကိုအေးဆွေသည်  ဖခင်ဦးဖိုးခ၏  ဒေါသကို ထိန်းသိမ်းသည့်သဘောဖြင့် အခြေအနေကို ရှင်းပြ သည်။

ထို့နောက်တော့ ရဲအုပ်လှကြည်နှင့် ရဲသားများသည် ဦးဖိုးခတို့လူစုအား ခေါ်ဆောင်သွားတော့သည်။ ဖမ်းဆီးခေါ်ဆောင်သွားကြသော ထန်းသမားများ၏ ဇနီး သားသမီးများသည် မျက်ရည်စက်လက်များဖြင့် ရဲသားများခေါ်ဆောင်သွားရာသို့ မျှော်ကြည့်ရင်း ငေးနေကြသည်။

ရှိုက်သံသဲ့သဲ့ထွက်ပေါ်လာသဖြင့် ကိုအေးဆွေသည် အသံကြားရာဘက်သို့ လှည့်ကြည့်၏။ ထွေးရီကို မျက်ရည်များအဝိုင်းသားဖြင့် တွေ့နေရသည်။


“အို၊ ထွေးရီကလည်း ငိုစရာမဟုတ်တာ ဘာလို့ ငိုနေတာလဲ။ ခုပဲ ငါတို့အာမခံနဲ့ လိုက်ထုတ်မှာ။ ဝမ်းနည်းမနေစမ်းပါနဲ့ဟာ၊ ဘာမှမဖြစ်ပါဘူး”

ကိုအေးဆွေသည် ထွေးရီ၏  ဦးခေါင်းလေးကို ပုတ်ကာ ချော့မော့လိုက်သည်။ ထွေးရီသည် သူ၏မျက်လုံးများမှ စီးကျလာသော မျက်ရည်များကို လက်ချောင်းလေးများဖြင့် သုတ်ပစ်ရင်း ရှိုက်နေသည်။

တကယ်တော့လည်း ကိုအေးဆွေ ကိုယ်တိုင်မှာပင် ပေါက်ကွဲထွက်တော့မည့် ဘွိုင်လာအိုးကြီးပမာ သူ့ရင်တွင်း၌ ပူလောင်လှသည်။ ဟန်လုပ်၍သာ လူတိုင်းအား နှစ်သိမ့်စကားဆိုနေရသည်။ မိမိကိုယ် တိုင်မှာပင် မချိလှပေ။ ပူပန်ခြင်းက ရင်တနင့်နင့် ခံစားနေရသည်။ မိမိမျှော်မှန်းရည်ရွယ်ထားသော ဘုံထန်းတော  စုပေါင်းထန်းလုပ်ငန်းကြီးသည် ထန်းပိုင်ရှင်တို့၏  နှောင့်ယှက်မှုကြောင့်  ပြိုကွဲ ပျက်စီးရတော့မည်လား။

ဆက်လက်ဖော်ပြပါမည်။