နွေဦးကာလမြထသောအခါ

 

မောင်မောင်ဖြူ

 

၃၁-၁-၂၀၂၄ ရက်မှအဆက်

 

ဤကဲ့သို့ ကိုကျော်ဇင်၊ ကိုလွန်းနိုင်တို့ လာရောက်လည်ပတ်သည်ကို အဖမ်းခံရသောနေ့က ကိုအေးဆွေသည် လှကြည်အား လည်းကောင်း၊ ရဲအရာရှိများအားလည်းကောင်း ဖွင့်ထုတ်ရှင်းပြခြင်းမပြုခဲ့ပေ။ ဘူးတစ်လုံးသာ ဆောင်ခဲ့ချေသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေ့က ချောက်မြို့သို့လိုက်ပို့ခဲ့သော ကိုကျော်ဇင်နှင့် ကိုလွန်းနိုင်တို့သည် နောက်တစ်နေ့ နံနက်စောစောတွင် သင်္ဘောဖြင့် ပုသိမ်သို့ ပြန်ကြမည်ဖြစ်ရာ၊ ကိုအေးဆွေက ဖွင့်ထုတ် အစစ်ခံခြင်းဖြင့် အပေါင်းပါကြံရာပါတစ်စုဟု ရဲဘက်က သတ်မှတ်ယူဆကာ ဖမ်းဆီးချုပ်နှောင် ခြင်းခံရမည်မှာ မုချမလွဲဖြစ်သောကြောင့်ပါတည်း။

ထို့ကြောင့်လည်း မိမိ ကိုယ်ရေးကိုယ်တာ ပြဿနာကို မိမိဘာသာ အပြီးရှင်းမည်၊ မဆိုင်သူ အခြားလူများအား ဒုက္ခမပေးစေလိုဟူသော ယူဆချက်ဖြင့် ယင်းအကြောင်းတို့ကို လေစပင်မဟခဲ့ပေ။ နှုတ်ပိတ်ရေငုံနေခဲ့ခြင်းဖြင့် ကိုအေးဆွေက နေခဲ့လေသည်။

နောက်တစ်ကြောင်းကလည်း ထန်းပိုင်ရှင် ဦးမြမောင်၊ ဒေါ်လှတင်တို့သည် မိမိအပေါ် မည်မျှအထိ ကြံစည်ညစ်ပတ် ထားလေသနည်း၊ ၎င်းတို့နှင့်အတူ ခင်သန်းဌေးကလည်း ကြံရာပါအတူဖြစ် နေလေသလား ဟူသော ဖြစ်ရပ်အခြေအနေများကို စောင့်ကြည့်လိုသည့် ရည်ရွယ်ချက်ဆန္ဒကလည်း ရှိခဲ့ပေသည်။ အမှန်တရားသည် မည်သည့်အခါမျှ ဖုံးကွယ်၍ မရဟုယုံကြည်ခဲ့၏။ ယခုတော့ အမှန်တရားသည် ပေါ်လေပြီ။

စခန်းမှူးသည် ကိုအေးဆွေ ရှင်းပြအစစ်ခံသွားသည်ကို ကျေနပ်သည့်အနေဖြင့် ခေါင်းတညိတ်ညိတ် လုပ်ပြီးနောက် သူ့စကားကို ဆက်ပြန်သည်။

“ကဲ၊ ဒီတော့ ကားရောင်ချင်းတူနေတာ၊ ကိုအေးဆွေနဲ့ လူချင်းအဝတ်အစားအရောင်ချင်း တူညီနေတာ တို့ကိုလည်း ဒီက ဆရာမ ဒေါ်ခင်သန်းဌေးက ရှင်းပြလို့ ဒါဟာလည်း ပြေလည်သွားပါပြီ။ ဒီတော့ ဒီအမှုဟာ ဒီမှာပဲ အလိုလိုရှင်းနေပါပြီ။ မှားယွင်းမှုနဲ့ အမှုပိတ်ရပါတော့မယ်။ ဘာကြောင့်ဆိုတော့ စွဲချက်မှမတင်နိုင်သေးပဲကိုး။ နောက်ပြီး ကိုအေးဆွေကိုလည်း ချက်ချင်းလွှတ်ပေးဖို့ ဒီကဆရာမ ဒေါ်ခင်သန်းဌေးက သူကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အာမခံချက်ပေးပါတယ်။ ကဲ၊ ဒါကြောင့်မို့ ကိုအေးဆွေ၊ ခင်ဗျားကိုတော့ ကျွန်တော်တို့ သိပ်ပြီး အားနာတာပဲဗျာ။ ကဲ ကဲ ပြန်နိုင်ပါပြီ

စခန်းမှူးစကားက ဤတွင် အဆုံးသတ်လိုက်သည်။ သည်တော့မှလည်း ကိုအေးဆွေသည် သက်မကို ချလိုက်နိုင်တော့သည်။

“ကျေးဇူးတင်ပါတယ်ခင်ဗျာ

ကိုအေးဆွေသည် စခန်းမှူးအား လေးစားသမှုဖြင့် ထိုင်နေရာမှ ကိုယ်ကိုအနည်းငယ်ကြွကာ ကျေးဇူး တင်ကြောင်း ပြောလိုက်သည်။

ခင်သန်းဌေးကလည်း စခန်းမှူးရှင်းပြသွားသည်ကို အသာနားထောင်နေသည်။ စောစောက ဝင်ထောက် ပေးသည်မှအပ နောက်ပိုင်းတွင် ဘာတစ်ခုမျှ ဝင်မပြောပေ။ ယခုမှသူသည် ကိုအေးဆွေဘက်သို့လှည့်ကာ တောင်းပန်စကားကို ဆိုလာတော့သည်။

“အခုလို ဌေးအတွက် ကိုအေးဆွေဖြစ်ရတာ ဌေးအင်မတန်ဝမ်းနည်းပါတယ်။ သိပ်လည်း အားနာ ပါတယ်ရှင်

“ဟုတ် ဟုတ် ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူး

ကိုအေးဆွေက ထစ်ထစ်ငေါ့ငေါ့ပင် ပြန်ပြောလိုက်မိ၏။ တကယ်တော့ ကိုအေးဆွေ၏စိတ်ထဲဝယ် အလွန်လှုပ်ရှားနေသည်။ ခံစားမှုသုံးရပ်ကို တစ်ပြိုင်တည်းလို ခံစားနေရသည်။ ထိုခံစားမှု သုံးရပ်ကား ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပူပင်ခြင်း တို့ ဖြစ်သတည်း။

ဝမ်းသာခြင်းကား အမှုကိစ္စပြဿနာများ ပြေလည်၍ အချုပ်မှလွတ်မြောက်သွားခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရခြင်း၊ ဝမ်းနည်းခြင်းကား မိခင်ကြီးဒေါ်ဘုမအတွက်ဖြစ်သည်။ မိမိအမှုကိစ္စ အတွက်မှာမူ ရုပ်သိမ်းထုတ်နုတ်၍ ရခဲ့သော်လည်း မိခင်ကြီးမှာကား ပြန်လည်ရှင်မလာနိုင်တော့ချေဟူသော အသိစိတ်ဖြင့် ယူကျုံးမရ ဝမ်းနည်းတသ ကြေကွဲနေခြင်း။

တစ်ဖန် မိဘများပေးစားမယ့်လူနဲ့ မယူနိုင်တဲ့အတွက် ကိုယ့်သဘောအလျောက် ထွက်သွားတာပါဟူသော ခင်သန်းဌေး၏ သဘောဆန္ဒများကို သိလာရ၍လည်း အလိုလိုဝမ်းသာမိသည်။

သို့သော် တစ်ဖက်က လှည့်၍တွေးမိပြန်သော အခါတွင်ကား စိုးရိမ်ပူပန်စိတ်တို့က ဖြုန်းခနဲ ပြေးဝင်လာပြန်၏။ အကြောင်းမူ ခင်သန်းဌေးသည် သူ့မိဘများအလိုကျအတိုင်း မြို့ပိုင်ဦးဝင်းအောင်နှင့်ပင် လက်ထပ်မည်လော၊ သို့မဟုတ် ဆက်လက်၍ပင် ငြင်းဆိုနေဦးမည်လောဟူသော ပူပင်ခြင်းသံသယစိတ်တို့က အပြေးအလွှား ဝင်လာသောကြောင့်ပါတည်း။

ထိုစဉ် ခင်သန်းဌေးသည် စခန်းမှူးဘက်သို့ ပြန်လှည့်လိုက်ကာ စကားပြောရန် အားယူနေသည်။ သူ့အမူအရာမှာလည်း ထူးခြားပြောင်းလဲလာကာ တစ်စုံတစ်ခုသောကိစ္စတစ်ခုကို ရဲရဲဝံ့ဝံ့ပြုလုပ်တော့ မည်ကဲ့သို့ ဖြစ်လာသည်။ သူ့မျက်လုံးကလေးများ သည် အရောင်တောက်ပလာကာ မျက်နှာကလည်း တည်ငြိမ်လေးနက်၍ လာတော့သည်။

“လူကြီးမင်းကို စကားနည်းနည်းပြောပါရစေ

“ဪ၊ ဟုတ်ကဲ့ ဟုတ်ကဲ့။ ပြောပါ ပြောပါ

စခန်းမှူးက ယဉ်ကျေးဖော်ရွေစွာဖြင့် ပြန်လည်ပြောဆိုပြီးနောက် နားထောင်ပါမည်ဟူသောအနေဖြင့် သူ့ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။

“ကျွန်မဘဝဟာ ခုဆိုရင် အုပ်ထိန်းခြင်းကင်းတဲ့အရွယ်က လွန်မြောက်ရုံမက တစ်ဝက်တောင်ကျိုးနေပါပြီ။ ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ရှိနေပါပြီ။ ဒီတော့

ခင်သန်းဌေးသည် သူ့စကားကိုဖြတ်လိုက်ကာ ကိုအေးဆွေဘက်သို့ ရဲတင်းဖျတ်လတ်စွာ စောင်းငဲ့ ကြည့်လိုက်သည်။ ပြီးမှ စခန်းမှူးဘက်သို့ ပြန်၍ မျက်နှာမူလိုက်ကာ-

“ဒီတော့ ကျွန်မနဲ့ကိုအေးဆွေဟာ ဘဝယုံကြည်ချက်ချင်းမှာ တူညီကြသလို အသည်းနှလုံးချင်းမှာလည်း တူညီနေကြတဲ့သူချင်းမို့ မထူးတော့ပါဘူး။ အသွင်တူရာ ကိုအေးဆွေကိုပဲ ကျွန်မလက်ထပ်တော့မယ်

ဖြုန်းခနဲ အမှတ်မထင် ကြားလိုက်ရသောစကားကြောင့် ကိုအေးဆွေမှာ ဟယ်ခနဲဟူသော အာမေဍိတ်သံကို ရင်ထဲမှနေ၍ တလိုက်မိရင်း ဆတ်ခနဲလှည့်၍ ခင်သန်းဌေးကို ကြည့်လိုက်မိသည်။ တစ်ဆက်တည်းမှာလည်း ရင်ထဲက ဖိုခနဲဖြစ်သွားပြီး တဒိန်းဒိန်း မြည်အောင် ရင်ခုန်နေတော့သည်။ အံ့သြခြင်းလည်း ဖြစ်မိတော့သည်။

စင်စစ် ကိုအေးဆွေမှာ အသည်းနှလုံးတွင် ချစ်ရမှန်းသိရသည့်အရွယ်ကစ၍ ဤမည်သော စကားလုံး ကလေးများကို မွတ်သိပ်တောင့်တခဲ့၏။ မရဲဝံ့ဝံ့ဖြင့်လည်း တမ်းတခဲ့၏။

သည်ကဲ့သို့ နှစ်ပေါင်းများစွာကတည်းက မရဲဝံ့ဝံ့ဖြင့် မျှော်လင့်တောင့်တနေသည့်ကြားထဲမှပင် နောက်ဆုံးရသည့် ရလဒ်အဖြေကား မိခင်ကြီးတစ်ယောက်လုံး ဆုံးရှုံးရကာ သူကိုယ်တိုင်ပင် အချုပ်ခန်းသို့ မြန်းရသည်အထိ ဆုတံဆိပ်များ ရရှိခဲ့၏။ ဒါတင်မက ချစ်သူတစ်ယောက်လုံးပါ လက်လွတ်ဆုံးရှုံးရတော့မလို ကြုံကြိုက်ခဲ့ရ၏။

သို့သော် အဆိုးထဲမှ အကောင်းတစ်ကွက်ဆိုသလို အခြေအနေများသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားကာ သူ တစ်ချိန်လုံး မွတ်သိပ် တောင့်တ မျှော်လင့်ခဲ့သော ဘဝအဖြေလွှာသည် ယခုလိုအခြေအနေမျိုး၌ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာသောအခါ ကိုအေးဆွေမှာ မည်သို့မအံ့သြဘဲ နေနိုင်ပါမည်နည်း။

စခန်းမှူးနှင့်လှကြည် စသော ရုံးခန်းထဲရှိ အခြားသောသူများမှာလည်း ကိုအေးဆွေကဲ့သို့ပင် ခင်သန်းဌေး ၏ ရဲဝံ့ပြတ်သားသောစကားကို ကြားသိလိုက်ရသောအခါ ရုတ်တရက် အံ့သြသွားကြဟန်ဖြင့် ခင်သန်းဌေးကို စိုက်ခနဲ ဝိုင်းကြည့်လိုက်ကြသည်။ ပါးစပ်များပင် ဟောင်းလောင်းဖြစ်သွားကြသည်။

ထွေးရီဆိုသည်မှာလည်း ပါးစပ်လေးဟကာ မျက်လုံးလေးအဝိုင်းသားဖြင့် ခင်သန်းဌေးဆီသို့ တအံ့တသြ စိုက်ကြည့်လျက်ရှိလေသည်။ ထို့ကြောင့်လည်း ထိုခဏတွင် ပြည်သူ့ရဲတပ်ဖွဲ့ ရုံးခန်းတစ်ခန်းလုံး ရုတ်ခြည်း တိတ်ဆိတ်သွားသည်ဟု ထင်လိုက်ရသည်။ သို့သော် ယင်းခဏဝယ် အားလုံးအံ့အားသင့်နေကြခြင်းကို ခင်သန်းဌေး၏ နောက်ထပ်ပေါ်လာ သော စကားလုံးများက ချေဖျက်ပစ်လိုက်လေသည်။

“အဲဒါ လူကြီးမင်းများက အခု ကျွန်မတို့ကို အသိအမှတ်ပြုစေလိုပါတယ်။ ကဲ ကျွန်မတို့ကို ပြန်ခွင့်ပြုပါဦး။ ကိုင်း ကိုအေးဆွေ၊ ဌေးတို့သွားကြစို့ ခင်သန်းဌေးသည် စခန်းမှူးအားပြောရင်းကပင် တစ်ဆက်တည်း ကိုအေးဆွေဘက်သို့လှည့်၍ ပြောပြောဆိုဆို နေရာမှထလိုက်သည်။ မမျှော်လင့်ဘဲဖြစ်ပေါ်လာသော အခြေအနေများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေသော ကိုအေးဆွေမှာ ဘာလုပ်ရမှန်းမသိအောင်ပင် ကတုန်ကယင်ကြီးဖြင့် အကြောင်သား ငေးကြည့်နေမိသည်။

“ကဲ၊ ကိုအေးဆွေ၊ ဌေးတို့သွားကြမယ်လေ

ခင်သန်းဌေးက ရဲဝံ့ဖျတ်လတ်သောအမူအရာဖြင့် ကိုအေးဆွေ၏လက်မောင်းတစ်ဖက်ကို ဆွဲခေါ်ရင်း ပြောလိုက်သည်။ သည်တော့လည်း ကိုအေးဆွေမှာ တစ်ခဏမျှ ဖြစ်ပေါ်ခံစားနေရသော ကြောင်အမ်းနေမှုကို လျင်မြန်စွာ ထိန်းသိမ်းလိုက်ပြီး နေရာမှထလိုက်သည်။ စခန်းမှူးအားလည်း ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။

“ကျွန်တော်တို့ကို ခွင့်ပြုပါဦးခင်ဗျာ၊ အားလုံးပဲ ကျွန်တော်တို့ကို ခွင့်ပြုပါနော်

ကိုအေးဆွေသည် စခန်းမှူးအား လှုပ်ရှားနေသော အသံကြီးဖြင့် နှုတ်ဆက်ပြီးသည်နှင့် တစ်ဆက်တည်းပင် အခြားသော ရဲစာရေး၊ ရဲတပ်ကြပ်၊  ဒုလုံခြုံရေးမှူးများဘက်သို့ပါ လှည့်ပတ်ကြည့်ကာ နှုတ်ဆက်လိုက်သည်။ ထိုအခါ သူတို့စုံတွဲအား အားပါးတရ ပြုံးပြုံးကြီးဖြင့် ကျေကျေနပ်နပ်ကြီး လှမ်းကြည့်နေသော လှကြည် တစ်ယောက်ကိုလည်း ကိုအေးဆွေက သတိပြုမိလိုက်လေသည်။ ဪ၊ လူ့ဘဝဆိုသည်မှာ မမျှော်လင့်ဘဲနှင့်လည်း ဖြစ်ရတတ်သည်မဟုတ်ပါလော။

 

ဆက်လက်ဖော်ပြပါမည်။