နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၁၅-၅-၂၀၂၃ ရက်မှအဆက်

“အဲဒီတော့ကာ ပထမအဆင့်၊ ဒုတိယအဆင့်တွေမှာ ညီညီညွတ်ညွတ်နဲ့ အောင်မြင်အောင်လုပ်နိုင်ရင် တတိယအဆင့်လုပ်ဖို့ကတော့ မခဲယဉ်းတော့ပါဘူး။ ပိုပိုပြီးတော့တောင် ပါဝင်သူထန်းသမားတွေဟာ အကျိုးကျေးဇူးတရား ခံစားနိုင်ပါတယ်။ ကောင်းပြီ၊ ဘယ်လိုမူနဲ့ လုပ်မလဲလို့ဆိုလို့ရှိရင် အပိုင်း ၅ ပိုင်း ခွဲပြီးတော့ လုပ်ဆောင်ရပါလိမ့်မယ်။ အဲဒီ အပိုင်း ၅ ပိုင်းက ဘာလဲလို့ဆိုရင်-

(၁) ထန်းတက်တဲ့အပိုင်း။

(၂) မြူအိုးသိမ်းယူတဲ့အပိုင်း။ 

(၃) ကျိုချက်တဲ့အပိုင်း။

(၄) ထန်းနှင့်ပတ်သက်တဲ့ကိရိယာများကို ပြုလုပ် တဲ့အပိုင်း။ 

(၅) ထန်းလျက်များကို သိုလှောင်ရေးနဲ့ ရောင်းဝယ်ရေးအပိုင်းရယ်လို့ ခွဲခြားထားပါတယ်။

“ဒီဘုံထန်းတောလုပ်ငန်းထဲမှာပါဝင်တဲ့ ထန်းသမားအိမ်ထောင်စုတိုင်းဟာ ကိုယ် နိုင်နင်း ကျွမ်းကျင်တဲ့အပိုင်းကိုသာ လုပ်သွားရန် ဖြစ်ပါတယ်။ အပိုင်းငါးပိုင်းလုံးကို ဝင်ရောက်လုပ်ကိုင်သွားစရာ မလိုပါဘူး။ ထန်းတက်တဲ့ဘက်မှာ ကျွမ်းကျင်တဲ့ လူက တက်ရုံပဲ။ တစ်ခါ မြူအိုးသိမ်းတာ၊ ကောက်တာ လုပ်တတ်တဲ့လူက အဲဒါကို လုပ်ရုံပဲ။ အဲဒီလိုပဲ တခြားကျိုချက်ပြီး ထန်းလျက်လုပ်တာတို့၊ ရောင်းဝယ်ရေးတို့ လုပ်တဲ့လူများကလည်း သူတို့ နိုင်နင်းတဲ့ တကယ်တတ်ကျွမ်းတဲ့ အလုပ်တွေကို မခိုမကတ်ဘဲနဲ့ လုပ်အားညီညီ လုပ်သွားရုံပါပဲ။ လုပ်ခရတဲ့ အခါကျတော့လည်း လုပ်ငန်းအလိုက် အချိုးကျ ရသွားမှာပါပဲ။ ဘယ်သူမှာဖြင့် နာတယ် သာတယ်လို့ မဖြစ်စေရပါဘူး။

“ဒါတွေတွင် မကသေးပါဘူး။ နာဖျားရေး အကျိုးခံစားခွင့်ကျတော့လည်း ရှိပါတယ်။ ဥပမာ အဖွဲ့ဝင် တစ်ယောက်ယောက်ဟာ မကျန်းမာလို့ရှိရင် အဖွဲ့ရန်ပုံငွေက ဆေးဝါးကုသမှု ရှိပါတယ်။ ဒီလို မကျန်းမာလို့ ဆေးဝါးကုသနေစဉ်အတွင်းမှာ သူ့ရဲ့လုပ်အား တာဝန်ကို တခြားလူတွေက မျှလုပ်ပေးရပါမယ်။ ဒီလို မကျန်းမမာလို့ မလုပ်နိုင်ပေမဲ့ လုပ်ခကို ဖြတ်တောက်မထားပါဘူး။ လုပ်ခ အပြည့်ရပါမယ်။ ဒီအခွင့်အရေးဟာ ဘုံထန်းတောအဖွဲ့ဝင်တိုင်း ခံစားခွင့် ရှိပါတယ်။

“နောက်ပြီး ဒီနေရာမှာ ထန်းပိုင်ရှင်တွေကျတော့ ဘယ်လိုပေးမလဲလို့ မေးစရာရှိပါတယ်။ ဒါဟာလည်း မူချမှတ်ပြီးသားပါ။ ကျွန်တော်တို့ စောစောက ငါးစုတစ်စုပေးဖို့ အဆိုတင်သွင်းခဲ့သလို အဲဒီအတိုင်း ကျွန်တော်တို့ ဘုံထန်းတောကတော့ လက်တွေ့ ကျင့်သုံးသွားမှာပဲ။ ထန်းသမားတစ်ယောက်ဟာ ဘုံထန်းတောထဲကို ထန်းပင်ပေါင်းဘယ်လောက်နဲ့ အဖွဲ့ဝင်လာသလဲဆိုတာ ကြည့်ပြီးတော့မှ၊ ထန်းတစ်ပင် တစ်နှစ်မှာ ဘယ်လောက်နှုန်းထွက်တယ်ဆိုတာ ပျမ်းမျှတွက်ချက်ပြီးတော့မှ ငါးစုတစ်စုနဲ့ ထန်း ပိုင်ရှင်ကိုပေးရမှာပဲ။ ဒါနဲ့ပတ်သက်လို့ ထန်းသမားဟာ ထန်းပိုင်ရှင်ကို မျက်နှာပူစရာ မလိုပါဘူး။ ဘုံထန်းတောလုပ်လိုက်တာနဲ့ ထန်းတောမှန်သမျှကို အဖွဲ့ဝင်အားလုံးက စုပေါင်းတာဝန်ခံသွားမှာပါ။ ဘယ်သူတက်တဲ့ထန်း၊ ဘယ်ဝါတက်တဲ့ထန်းရယ်လို့ မရှိတော့ဘူး။ အဖွဲ့နဲ့ ထန်းပိုင်ရှင်နဲ့ တိုက်ရိုက် ဆက်ဆံသွားပါလိမ့်မယ်။

ဒါကြောင့်မို့ အခုညီလာခံကြီးကို တက်ရောက်လာကြတဲ့ ထန်းသမား ကိုယ်စားလှယ်တော်ကြီးများဟာ ဘုံထန်းတောလုပ်ငန်းနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ စုပေါင်း ထန်းလျက်ကျိုချက်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ စုပေါင်းထန်းလုပ်ငန်းဌာနကို အချိန်မရွေး လာရောက်မေးမြန်း လေ့လာနိုင်ပါတယ်။ အကူအညီလိုရင်လည်းပေးဖို့ အဆင်သင့်ပါ။ ကျွန်တော်တို့ လက်ပံပင်ရွာက စုပေါင်းထန်းတောကတော့ စံပြဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ကိုယ်စားလှယ်တော် ထန်းသမားကြီးများဟာလည်း ကိုယ့်ရွာကိုယ်ပြန်ရောက်ရင် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းပြီး ကိုယ်နိုင်တဲ့အဆင့်ကို စုပေါင်းပြီးလုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

“နောက်ဆုံး ကျွန်တော် သတင်းကောင်းပါးလိုက် လိုတာကတော့ ဘယ်သူတွေ မလုပ်သည်ဖြစ်စေ ကျွန်တော်တို့ လက်ပံပင်ရွာကတော့ ဘုံစနစ်ဖြင့် ဘုံထန်းတောအဖြစ် သတ်မှတ်ပြီး စုပေါင်းထန်းလျက် ထုတ်လုပ်ရေးလုပ်ငန်းကို ဒီညီလာခံကြီးပြီးတာနဲ့ စတင်အကောင်အထည်ဖော်ပြီး လုပ်ဆောင်သွားမှာမို့ ဒီမြို့နယ်လုံးဆိုင်ရာ ထန်းသမားညီလာခံကြီးမှာ ဘုံထန်းတောလုပ်ဆောင်ရေး အဆိုပြုချက်ကို တင်သွင်းပါတယ်” (သြဘာသံများ)

“အခု နောက်ဆုံးတင်သွင်းမယ့် အချက်ကတော့ အားလုံး သိတော်မူကြတဲ့အတိုင်း မကြာမီသောကာလမှာ ပုပ္ပားဒေသမှာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီး ကျင်းပပါလိမ့်မယ်။ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆိုပေမဲ့ အချို့သော ထန်းတက်သမား လူတန်းစားတွေဟာ တောင်သူတစ်ပိုင်းမို့ အပါအဝင် ဖြစ်နေပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကြီးဟာ ကျွန်တော်တို့ တောင်သူလယ်သမား၊ ထန်းသမားလုပ်သားတို့ရဲ့ဘဝကို သက်သာချောင်ချိမှုရှိအောင် ဘဝအဆင့် လူနေမှုမြင့်လာ အောင် စွမ်းဆောင်နိုင်တဲ့ နှီးနှောဖလှယ်ပွဲကြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနှီးနှောဖလှယ်ပွဲကြီးကို ဒီညီလာခံကြီးက ကြိုဆိုထောက်ခံသင့်ပါတယ်။

“နောက်ပြီး ဒီပုပ္ပားနှီးနှောဖလှယ်ပွဲကြီးကို အခုတက်ရောက်လာကြတဲ့ ဦးကြီးအချို့ဟာလည်း အနည်းနဲ့အများဆိုသလို ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေအဖြစ်  တက်ရောက်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီအခါမှာ ကျွန်တော် စောစောကတင်ပြခဲ့တဲ့ အချက် နံပါတ် (၁) (၂) နှင့် (၄) (၅) ဖြစ်တဲ့ ထန်းသမားတို့ရဲ့ အခက်အခဲ ပြဿနာအဖုံဖုံကို အလေးအနက်ထားပြီး တင်ပြဆွေးနွေးကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဒီပုပ္ပားနှီးနှော ဖလှယ်ပွဲကြီးကို ဒီထန်းသမားညီလာခံကြီးက လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုပါကြောင်း အဆိုကို နောက်ဆုံးတင်သွင်းရင်းနဲ့ နိဂုံးချုပ်ခဲ့ပါရစေ”

ကိုအေးဆွေသည် သူ၏အဆိုကို တင်သွင်းပြီးသည်နှင့် သူ့နေရာကုလားထိုင်သို့ သွားရောက် ထိုင်ချလိုက်သည်။ လူလည်း အတော်မောပန်းသွားသည်။ လူထုပရိသတ်ကြီး၏ လက်ခုပ်သံများကလည်း တဝေါဝေါနှင့် ဆူညံနေသည်။ ၎င်းတို့၏ အသံများသည် စိမ်းညို့ညို့ ထန်းတောများတစ်ဝိုက်ဝယ် ပဲ့တင်ရိုက်ဟည်း၍ နေတော့သည်။

ကိုအေးဆွေသည် အမျိုးသမီးအုပ်စုဘက်ဆီသို့ အမှတ်အထင် ကြည့်လိုက်မိ၏။ မိမိအား ပီတိရွှန်းနေသော မျက်နှာကလေးဖြင့် ပြုံးပြုံးလေးကြည့်နေရင်းက လက်ခုပ်တီးနေသော ထွေးရီအား မြင်ရသည်။ ယင်းသို့ ထွေးရီတို့လို ထန်းသမား သမီးပျိုလေးများက မိမိ၏အဆိုကို အားပါးတရ လှိုက်လှဲစွာ ထောက်ခံနေသလို ထန်းပိုင်ရှင်၏သမီး ခင်သန်းဌေး သာ ကြားရပါမူသည်လို လက်ခုပ်ကလေးတီးကာ ထောက်ခံပါမည်လား။ သူ့မျက်နှာမှ မထောက်၊ ဝါးလုံးရှည်နှင့် သိမ်းယမ်းသည်ဟုဆိုကာ မိမိအား ရန်တွေ့လေမည်လားဟူသော အတွေးက ဝင်လာသည်။ ထိုစဉ် ဆယ်ရင်၏အသံက ထွက်ပေါ်လာသည်။
အခမ်းအနားမှူးဖြစ်သူ ဆယ်ရင်သည် စင်မြင့်ရှိ စကားပြောခွက်ရှေ့တွင် ရပ်လိုက်ကာ နံနက်စာ ထမင်းစားရန်အတွက် အချိန်ရောက်နေပြီဖြစ်၍ ညီလာခံကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း၊ ညီလာခံရပ်နားလျှင် ထမင်းထုပ်များ ပေးဝေမည်ဖြစ်ရာ ယူငင်စားသောက်စေလိုပါကြောင်း၊ ညီလာခံကို မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း။

နောက်ပြီး အဆိုရှင်ကိုအေးဆွေ တင်သွင်းသွားသော အချက် ၇ ချက်ပါသည့် အဆိုနှင့်ပတ်သက်၍လည်း ထောက်ခံသူ ကန့်ကွက်သူများရှိပါက လွတ်လွတ်လပ်လပ်နှင့် ပွင့်လင်းစွာ ထောက်ခံ ကန့်ကွက်သွားကြစေလိုကြောင်း၊ ထောက်ခံလိုသူ ကန့်ကွက်လိုသူများသည် ညီလာခံရပ်နားနေစဉ်အတွင်း အခမ်းအနားမှူးထံတွင် လာရောက်စာရင်း ပေးထားစေလိုကြောင်း၊ ထို့နောက် ၁၂ နာရီခွဲ ညီလာခံပြန်စလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများကို ဆက်လက် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားပြီး ညီလာခံကို မွန်းလွဲ ၁၂ နာရီခွဲသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလိုက်လေသည်။

မွန်းလွဲပိုင်း  ညီလာခံပြန်စသည်ဆိုလျှင်ပင် ကိုအေးဆွေတင်သွင်းသော အဆိုနှင့်ပတ်သက်၍ စုပေါင်းနယ်မြေမှ ဦးထွန်းဖေကလည်းကောင်း၊ လက်ပံပင်ရွာထဲမှ ကိုကုလားကြီးကလည်းကောင်း၊ နှစ်ကျပ်ခွဲရွာမှ ဦးပေါကြွယ်ကလည်းကောင်း၊ စပယ်ပင်ရွာမှ ကိုပန်းဒွေးကလည်းကောင်း ကျိုးကြောင်းပြ၍ အသီးသီး ထောက်ခံသွားကြသည်။

ဤတွင် တငါ့ကန်ရွာမှ ဦးအောင်ခိုင်ဆိုသူက နံပါတ် ၃ ထန်းစုငါးစု တစ်စုပေးရေး အဆိုပြုချက်နှင့် ပတ်သက်၍ -

“သည်အချက်နဲ့ပတ်သက်လို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ လက်တွေ့မှာ ထန်းစု ငါးစုတစ်စုပေးဖို့ ဟာ မလွယ်လှပါဘူး။ ထန်းပိုင်ရှင်နဲ့ ထန်းသမား ဟာ တစ်သက်လုံး ဆက်ဆံလာသူတွေမို့ မျက်နှာ ပူစရာကောင်းပါတယ်။ တကယ်လို့ ငါးစုတစ်စု ပေးပါပြီတဲ့၊ ဒါကို ထန်းပိုင်ရှင်က လက်မခံလျှင် ဘယ်လိုလုပ်မလဲ။ သလို ပေးလို့ ကျုပ်တို့ကို ထန်းလှည့်ဖက်ကထုတ်ပစ်ရင် ဘယ်လိုလုပ်မလဲ။ အဲသလို အခက်အခဲတွေကြောင့် လက်တွေ့မှာ မလွယ်တဲ့အတွက် သည်အဆိုကို ကျုပ်သဘောမတူပါဘူး” ဟုဆိုကာ ချေပကန့်ကွက်သွားလေသည်။

ထို့နောက်တစ်ဖန် ထန်းတောကြီးရွာ ကိုရန်ဝေး ဆိုသူကလည်း “ထန်းတောများကို ပြည်သူပိုင် သိမ်းလိုက်ရင် ထန်းရှင်တွေဟာ ငတ်သွားမှာပေါ့။ အဲဒီအဆိုဟာ မတရားဘူးလို့ ထင်ပါတယ်။ ဘာကြောင့် ဆိုတော့ရင် သူတို့ ဘိုးဘွားများလက်ထက်ကတိုင် ထန်းပင်များကို ကိုယ်တိုင်စိုက်ပျိုးလာခဲ့ကြတာပါ။ စိုက်ကတည်းက သူတို့အကျိုးငှာ စိုက်ခဲ့တာပါ။ သူတို့စိုက်ခဲ့လို့ အခု ကျုပ်တို့ကတောင် အဆင်သင့် ခူးယူ စားသုံးနေရပြီမဟုတ်လား။ အဲဒီတော့ သူတို့ အကျိုးပျက်စီးအောင် ကျုပ်တို့က အစိုးရကို အကြံမပေးသင့်ပါဘူး။ သူများမနာလို ကိုယ်အကျိုးမရှိ ဆိုတာလိုဖြစ်သွားမှာ စိုးရပါတယ်” ဟု ဆိုကာ စတုတ္ထအချက်ဖြစ်သော “ထန်းတောများကို ပြည်သူပိုင်သိမ်း၍ ချထားဝေငှပေးပါရန် အစိုးရထံ အကြံဉာဏ် ပေးချက်” အဆိုကို အပြင်းအထန် ကန့်ကွက်သွားလေသည်။

ယင်းသို့ဖြင့် ကိုအေးဆွေ၏ အချက် ၇ ချက်ပါသော အဆိုနှင့်ပတ်သက်၍ အချို့အချက်များတွင် ကန့်ကွက်သူ၊ ထောက်ခံသူများဖြင့် သောသောညံအောင် အပြင်းအထန် ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းဖြင့် တင်ပြဆွေးနွေးနေကြရာ နောက်ဆုံးတွင် မဲခွဲယူရလေသည်။

သို့သော် ထောက်ခံသူများသဖြင့် ကန့်ကွက်သူ အချေရှင်များက သူတို့၏ ကန့်ကွက်ချက်များကို ပြန်လည်ရုပ်သိမ်းသွားရာ ကိုအေးဆွေ၏အဆိုမှာ အတည်ဖြစ်သွားလေသည်။ 

ဆက်လက်ဖော်ပြပါမည်။