နွေဦးကာလ မြူထသောအခါ  

 

မောင်မောင်ဖြူ

 

၅-၂-၂၀၂၄ ရက်မှအဆက်

 

[ ၄၉ ]

“ဟင်၊ ထွေးရီကော မအုန်းတင်

ကိုအေးဆွေသည်  ပြည်သူ့ရဲတပ်ဖွဲ့စခန်းရုံး အဆောက်အအုံအတွင်းမှ ထွက်လိုက်သည်ဆိုလျှင်ပင် ထွေးရီကိုမမြင်၍ မအုန်းတင်အား မေးလိုက်သည်။

“ဟေ၊ အေးဟဲ့

မအုန်းတင်မှာ ယခုမှ အမှတ်ရသလိုနှင့် ဟိုဟို သည်သည်ကြည့်ရင်း   ယောင်နန ဖြစ်နေသည်။ ဤတွင် ကိုအေးဆွေက ပတ်ဝန်းကျင်ကို လျင်မြန်စွာ လှည့်ပတ်ကြည့်လိုက်သည်။

“အဲ၊ အဲ၊ ဟိုမှာ

ပြည်သူ့ရဲတပ်ဖွဲ့စခန်းဝင်း  အပေါက်ဝဆီသို့ ခေါင်းကလေးငုံ့ကာ ခပ်သုတ်သုတ်ထွက်သွားနေသော ထွေးရီကို ကိုအေးဆွေက လှမ်းမြင်လိုက်သဖြင့် ရုတ်တရက် အော်လိုက်ခြင်းဖြစ်၏။ အခြား သူများသည်လည်း ကိုအေးဆွေမြင်လိုက်ရသလို တစ်ပြိုင်တည်း လှမ်းမြင်နေကြရသည်။

“အို၊ ဒီကောင်မလေး ဘာလို့များ အလျင်စလို ထွက်သွားပါလိမ့်။

“ဟဲ့ ထွေးရီ၊ ထွေးရီ။ နေဦးလေ

ကိုအေးဆွေသည်  သူ့ကိုယ်ကိုပြောသလိုလို၊ အခြားသူများအား ပြောသလိုလိုနှင့် ပြောလိုက်ရင်း ထွေးရီအား အသံခပ်အုပ်အုပ်ဖြင့် လှမ်းအော်လိုက်၏။

“ထွေးရီ၊ နေပါဦးဟ

ထွေးရီသည် သူ့အားခေါ်သံကြား၍ နောက်လှည့် ကြည့်လိုက်၏။ သူ့မျက်နှာသည် ရဲနေကာ မျက်ရည် များဖြင့် စိုစွတ်နေသည်။ ဤသည်ကို ကိုအေးဆွေက လှမ်းမြင်လိုက်ရသည်။

“ဟင်၊ ငိုလို့ပါလား

ဤသို့ပင်  အံ့အားသင့်စွာဖြင့် ကိုအေးဆွေက သူ့စိတ်ထဲမှာ ဆိုလိုက်မိ၏။ ထိုအခိုက် ရုတ်တရက် ဆိုသလို ထွေးရီသည် ကိုအေးဆွေနှင့် ခင်သန်းဌေး တို့၏စုံတွဲကို မကြည့်ရက်နိုင်တော့သလို မျက်နှာ လေးကိုလည်း  လက်ဝါးနှစ်ဖက်ဖြင့် အုပ်ကွယ် လိုက်ရင်း ရုတ်ခြည်းပင်  ပြန်လှည့်ကာ ပြေးထွက် သွားပြန်တော့သည်။

ဤသည်ကိုကြည့်၍ ကိုအေးဆွေမှာ နားမလည် နိုင်အောင် ဖြစ်သွားသည်။

“အို၊ ခက်ပါဘိ။ ဒီကောင်မလေး ဘာဖြစ်သွား ပါလိမ့်။ မအုန်းတင်ခေါ်ပါဦး။ ဟဲ့ ထွေးရီ၊ ခဏနေဦး။ တို့လည်း တစ်ခါတည်းလိုက်မှာပဲဟာ

ကိုအေးဆွေက ဤသို့ မြည်တမ်းရေရွတ်လိုက်ရင်း မအုန်းတင်အားလည်း ထွေးရီကိုလှမ်းခေါ်ရန် အကူအညီတောင်းလိုက်၏။ တစ်ဖန် တစ်ဆက် တည်းမှာပင် သူကိုယ်တိုင် ထွေးရီအား အသံခပ်အုပ် အုပ်ဖြင့် လှမ်းခေါ်လိုက်ပြန်လေသည်။သို့ရာတွင် ထွေးရီကမူ ပြန်၍လှည့်ကြည့်ဖော်ပင် မရတော့ချေ။ ဆက်လက်၍ ခပ်သုတ်သုတ်လေး ပြေးသွားမြဲ သွားနေချေသည်။

ထိုအခါ ကိုအေးဆွေ၏စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားသည်။ နောက်ပိုင်းတွင် သားအတွက် ရင်ဆို့ကာ သေပွဲဝင်ရရှာသော မြေဝယ်မကျရှာသေးသည့် မိခင်ကြီးမျက်နှာကိုမှမထောက်၊ ပျော်နိုင်၊ ရွှင်နိုင်၊ ကြည်နူးနိုင်ကြပါပေ့ဟု ထွေးရီက မိမိတို့အား ကရုဏာဒေါသောဖြင့် အပြစ်ဆို စိတ်ဆိုး နေလေရော့သလား။

တကယ်တော့ လူတွေ ကွယ်လွန်အနိစ္စရောက်သည်၊ လူတွေ အိမ်ထောင်ပြုသည်ဆိုသော ဖြစ်စဉ် အကြောင်းတရားသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ အဆန်းမဟုတ်။ ကဲ့ရဲ့စရာလည်းမဟုတ်။ ယနေ့ လူသေ၍ နက်ဖြန်တွင် မင်္ဂလာမဆောင်ရဟု မည်သူက ပညတ်ပိတ်ပင်ထားသနည်း။

ဤမည်သော အတွေးများက ကိုအေးဆွေ၏ ဦးနှောက်ထဲသို့ တစ်မုဟုတ်ချင်း ပြေးဝင်လာသည်။

“အင်း၊ ထွေးရီလုပ်ပုံနဲ့တော့ နောက်ပိုင်းတွင် အမေတစ်ယောက် ဆုံးပါးနေသည်ကို ကြာလျှင် ခင်သန်းဌေး ရိပ်မိသိရှိပေတော့မည်။ ယခုအခြေ အနေမျိုးတွင် သိ၍မဖြစ်သေး။ အချိန်မီ လိုက်လံ၍ သတိပေးမှ ဖြစ်တော့မည် ဟူသော အတွေးများ ကလည်း တစ်ခုပြီးတစ်ခု ဒရောသောပါးဖြင့် ပြေးဝင် လာပြန်သည်။ ထို့ကြောင့်လည်း ကိုအေးဆွေသည် အတူတူသွားနေရာမှ ရုတ်တရက် ပြေးထွက်လိုက်သည်။

“ထွေးရီ၊ ဟဲ့ ထွေးရီ။ နေဦးဆို

ကိုအေးဆွေက ခပ်သုတ်သုတ်လေး ပြေးလိုက်သွားရင်း အသံကိုလည်း ခပ်အုပ်အုပ်ထိန်း၍ အော်ခေါ်လိုက်ပြန်သည်။

ခင်သန်းဌေးနှင့် မအုန်းတင်တို့ကမူ နောက်မှ ခပ်မှန်မှန်ပင်လိုက်လာကြသည်။ မအုန်းတင်က ဆိုလျှင် ခင်သန်းဌေးအား ထွေးရီသည် ဤကဲ့သို့ မကြာခဏ သူ့ကိုရင်အပေါ်၌ စိတ်ကောက်တတ်သည်ဟု ပြောဆိုနေသည်။ ထွေးရီကလည်း ဘာကြောင့်မှန်းမသိ၊ နောက်မှ ကိုအေးဆွေ ပြေးလိုက်လာမှန်းသိလျှင် ပို၍သွက်သွက်ကလေး လှမ်းပြေးပြန်သည်။ ကိုအေးဆွေက ပို၍ခပ်မြန်မြန်လေး ပြေးလိုက်ပြန်သည်။

ထွေးရီသည် ပြေးရင်းလွှားရင်းက နောက်သို့ ဖျတ်ခနဲလှည့်ကြည့်လိုက်သည်။ ထိုအခိုက် တစ်ဖက်လမ်းကြားထဲမှ မြင်းလှည်းတစ်စီးသည် ရုတ်တရက် ထွက်ပေါ်လာပြီး ဤမှာဘက်သို့ ရှောင်တခင် ကွေ့မောင်းလိုက်သည်။

“ဟယ်

ကိုအေးဆွေက အာမေဍိတ်သံဖြင့် အလန့်တကြား လှမ်းအော်လိုက်သည်။ ဖြစ်ပျက်သွားပုံကလည်း လျင်မြန်လှသည်။

အမှန်မှာ ထွေးရီသည် သူ့ဇောနှင့်သူ ပြေးလွှားနေရင်းက နောက်သို့ လှည့်ကြည့်ပြီးနောက် ပြန်အလှည့်တွင် ရှေ့ဘက်မှ ဖြုန်းခနဲရင်ဆိုင်တွေ့လိုက်ရသော မြင်းလှည်းကို ကြောက်အားလန့်အား ဖြင့် ရုတ်တရက် ဘေးသို့ခုန်ပေါက်ရှောင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ခလုတ်တိုက်ပြီး အားလွန်ကာ တစ်ဖက်လမ်းဘေးရှိ ပြွန်ပေါက်မြောင်းထဲသို့ တလိမ့်ခေါက်ကွေး လိမ့်ကျသွားတော့သည်။ ဤသို့ မရှောင်လိုက်လျှင်လည်း အရှိန်နှင့် ကဆုန်ချပြေးလာနေသော မြင်း၏ အပြင်းအထန် အတိုးခံလိုက်ရပြီး မြင်းလှည်းဘီးအောက်တွင် ပြားပြားမှောက် အနင်းခံလိုက်ရမည်မှာ မုချပင်။

ဤကဲ့သို့ လိမ့်ကျသွားသည်ကို ဖြုန်းခနဲ တွေ့လိုက်ရသည် ဆိုလျှင်ပင် ကိုအေးဆွေသည် ထွေးရီ လိမ့်ကျသွားရာဆီသို့ လျင်မြန်စွာ ပြေးသွား၍ ထွေးရီကို မြောင်းပေါင်ပေါ်သို့ ပွေ့ယူမတင်လာသည်။ ထွေးရီမှာ သတိမေ့လျက်ရှိ၏။ နဖူး၊ ဒူးတို့တွင်လည်း ပွန်းပဲ့သောဒဏ်ရာများ ရသွားသည်။ နှာခေါင်းမှာလည်း သွေးများထွက်လျက်ရှိ၏။

ကိုအေးဆွေမှာ ထွေးရီအား သတိပြန်လည်ရလာ စေရန် ငယ်ထိပ်အား တဖူးဖူးမှုတ်ပေးနေရသော် လည်း စိတ်ထဲမှာမူ ယောက်ယက်ခတ်မျှ ပူပင်နေမိသည်။ သူ့အားမည်သို့သတိပေးရပါမည်နည်း။ ယခုတော့ သတိပေးဖို့နေနေသာသာ သူ့ကိုပင် မနည်းပြုစုနေရချေပြီ။

ထိုအခိုက် ခင်သန်းဌေး၊ မအုန်းတင်နှင့် မြင်းလှည်း မောင်းသမားတို့ပါအနားသို့ အပြေးရောက်လာကြသည်။ သတိလည်လာစေရန် သူတို့ပါ အမျိုးမျိုးဝိုင်းဝန်းပြုစုကြ၏။ မြင်းလှည်းမောင်းသူကလည်း တောင်းပန်နေ၏။

ခဏကြာလျှင် ထွေးရီသည် “အင်း ခနဲမြည်ကာ သတိလည်လာသည်။ သူသည် မျက်လုံးလေးများ ဖွင့်ကာ ကြောင်စီစီလေးဖြင့် ကိုအေးဆွေကို ကြည့်နေသည်။ အခြားသူများကိုလည်း မျက်စိလေး လည်လာကာ ကြည့်သည်။ ခင်သန်းဌေးကိုမြင်လျှင် စူးစိုက်၍ စိန်းစိန်းဝါးဝါး ကြည့်နေသည်။

“ထွေးရီ၊ သတိရလာပြီနော်

ကိုအေးဆွေသည် ထွေးရီကိုပွေ့ထားရင်း သူ၏နှာခေါင်းမှ ထွက်နေသောသွေးများကို လက်ကိုင် ပဝါဖြင့် တယုတယသုတ်ပေးရင်းက တဖွဖွမေးနေသည်။

ထွေးရီက သူ့ခေါင်းလေးကို မသိမသာညိတ်ပြသည်။ သူ့ပါးစပ်က ဘာမျှမပြောသော်လည်း နှုတ်ခမ်းလေးများမှာမူ တဆတ်ဆတ်တုန်နေရှာသည်။ သူ့ရုပ်သွင်မှာ မချိတင်ကဲ ခံစားနေရဟန် ရှိသည်။ မျက်ရည်များကလည်း ဝိုင်းနေ၏။ မို့မောက်သော သူ့ရင်သည် ရေလှိုင်းပမာ နိမ့်ချည် မြင့်ချည် လှုပ်ရှားနေသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ပင်ပန်းကြီးစွာ အသက်ရှူနေပုံရသည်။

“ထွေးရီရယ်၊ ဘာလို့များ ဒီလောက် အလျင်စလို ထွက်သွားရတာလဲဟင်။ တို့လည်း တစ်ခါတည်း အတူတူလိုက်မှာပဲဟာ။ တကတဲမှပဲ မသေကောင်း မပျောက်ကောင်း

ကိုအေးဆွေက ကရုဏာဒေါသောဖြင့် ဆိုလိုက် ၏။ သို့ရာတွင် သူ့အသံမှာ နူးညံ့သိမ်မွေ့၍ ကရုဏာ အပြည့်ပါလှသည်။

သည်လိုဆိုတော့မှပင် ထွေးရီမှာ ပို၍ဝမ်းနည်းလာလျက် စောစောကမျက်လုံးအိမ်များတွင် ဝိုင်းနေသော မျက်ရည်များသည် ပါးပြင်ပေါ်သို့ တဖြိုင်ဖြိုင် စီးကျလာတော့သည်။

“ဟုတ်သားပဲထွေးရီရယ်။ ဘာလို့များ သည်လောက် အရေးတကြီးထွက်သွား။ အို အို အို၊ ဘာလို့များ သည်လောက် ဝမ်းနည်းပြီး ငိုနေရတာလဲဟယ်

မအုန်းတင်ကလည်း ညီမအရင်းကလေးကဲ့သို့ ချစ်ရှာသော ထွေးရီအား ကရုဏာဖြင့် ဆိုပြန်၏။ သို့ရာတွင် သူ့စကားကို ဆုံးအောင်ပင်မပြောလိုက်နိုင်။ ပြောနေဆဲမှာပင် ထွေးရီသည် ဝမ်းနည်းပက်လက်ဖြင့် ငိုလာချေသည်။ ဤသည်ကို မအုန်းတင်က ထွေးရီသည် ဒေါ်ဘုမအတွက် ယူကျုံးမရဖြစ်၍ ငိုကြွေးနေသည်ဟုထင်ကာ နှစ်သိမ့်စကား ဆိုလိုက်၏။

“အိုကွယ်၊ သူ့ကံအတိုင်းဖြစ်ရတာကို ဘာလို့များ စိတ်မကောင်းဖြစ်နေရတာလဲကွယ်

အင်း၊ ခက်ရချည့်။ သည်အကြောင်းကို အစမဖော်မိရန် သတိထားကာမှ မအုန်းတင်က အစဖော်ပေးနေ ပြန်ပါချေပြီ။

“ကဲပါအေ၊ ခုမှတော့ ဘယ်တတ်နိုင်တော့မှာလဲ။ ဒါတွေကို တွေးပြီး ဝမ်းနည်းမနေစမ်းပါနဲ့တော့ ဟယ်

မအုန်းတင်စကားကို ကြားလိုက်ရသော ခင်သန်းဌေးမှာ ရုတ်တရက်တွင် မျက်နှာပျက်ခနဲ ဖြစ်သွားသည်။ သူ့စိတ်ထဲတွင်လည်း ထင့်ခနဲဖြစ်သွားပုံရသည်။

 

ဆက်လက်ဖော်ပြပါမည်။