နွေဦးကာလ မြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၁၅-၁-၂၀၂၄ ရက်မှအဆက်

“ခက်ပါဘိထွေးရီရယ်။ အသည်းထိတ်ရင်တုန် နေရသည့်အထဲ ဘာတွေများ ရွတ်တိရွတ်ထိုး စွပ်စွဲ နေပါလိမ့်” ကိုအေးဆွေမှာ မိမိစိတ်ထဲမှာသာအောက်မေ့ရင်း ထွေးရီ၏စကားများကို ရင်မောစွာဖြင့် စောင့်၍သာ နားထောင်နေရ၏။

 

“အ အ ရီးလေးက၊ မ မ မ”

 

ဤစကားလုံးလေးများမှာ ငိုရှိုက်သံနှင့်အတူတစ်ဖန် ဗလုံးဗထွေးထွက်လာပြန်သည်။ ရုတ်တရက်  အဓိပ္ပာယ်ခွဲခြား၍မရ။ ထို့ကြောင့်လည်း နားစိုက် ထောင်နေသော  ကိုအေးဆွေမှာ အသည်းတထိတ် ထိတ်နှင့် ရင်ဝယ်လှိုက်၍ မောလှ၏။

 

“မ မ၊ ရှိ ရှိတော့ဘူး”

 

“ဟာ”

 

လောကကြီးတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွား၏။  မိမိတစ်ကိုယ်လုံးရှိ  သွေးများသည်ပင် တစ်ခါတည်းရပ်ဆိုင်းသွားသည်ဟု ထင်လိုက်မိကာ လောကကြီးတစ်ခုလုံးကို မေ့သွား၏။ မျက်စိထဲတွင်လည်း ပြာမှိုင်း၍ မှောင်ခနဲဖြစ်သွား၏။ ဦးခေါင်းထဲတွင်လည်း စီခနဲ စီခနဲ မြည်နေ၏။

တကယ်တော့လည်း ကိုအေးဆွေမှာ ဘယ်လိုမှပင် မမျှော်လင့်ခဲ့သောစကားကို ယခုကဲ့သို့ ရုတ်တရက်ကြားလိုက်ရသောအခါ တစ်ခဏမျှ သတိလက်လွတ်ဖြစ်သွား၏။ သို့သော် သတိကို ချက်ချင်းပြန်ထိန်းလိုက်သည်။ ထွေးရီသည် တရှုပ်ရှုပ်နှင့် ရှိုက်၍ငိုနေ၏။ မအုန်းတင်မှာလည်း တစ်ဖက်သို့လှည့်ကာ မျက်ရည်သုတ်ရင်း ရှိုက်နေသည်။

 

သည်တော့မှလည်း ကိုအေးဆွေမှာ မိခင်ကြီးအတွက် ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ယူကျုံးမရခြင်း၊ နှမြောတသခြင်းတို့က တလှိုက်လှိုက်နှင့် ရင်ဝသို့ ဆို့တက်လာလေသည်။ ကြာတော့လည်း ရင်တွင်း ဝယ် ကျိတ်၍ပူဆွေးနေရခြင်းကို မည်သို့မျှ ထိန်းချုပ်၍ မတတ်နိုင်တော့ပါချေ။ ရုန်းကန်ပွင့်ထွက်လာ တော့ရာ စိတ်ကိုလွှတ်ပေးလိုက်ရတော့သည်။ ထို့ကြောင့်လည်း မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ရှိုက်ငင်ငိုကြွေးလိုက်မိတော့သည်။

 

အခြားသော အခြေအနေကာလမျိုး၌ ဖြစ်ရပါမူ ကိုယ့်စိတ်ကို ဖြေသိမ့်၍ရနိုင်ပါသေး၏။ ယခုတော့မူ မိမိအတွက်ကြောင့် အသက်ပါဆုံးရှုံးသွားရချေပြီဟု ရင်နာဖွယ်ရာအဖြစ်ဆိုးကို ကြားသိလာရသော ကိုအေးဆွေမှာ မည်သို့ ဖြေသိမ့်၍ရနိုင်ပါအံ့နည်း။ အမှန်ဆိုသော်လည်း ဒေါ်ဘုမခမျာ ထန်းကျွန်ပီပီ ထန်းပိုင်ရှင်များ မကြောင့်မကြနှင့် ချမ်းမြေ့စွာ နေထိုင်နိုင်အောင် လူမှန်းသူမှန်းသိသည့်အရွယ်မှ စ၍ ရင်ဘတ်ကို မီးအပူအဟပ်ခံလျက် ထန်းလျက်ကို ဘဝတစ်လျှောက်လုံး ကျိုချက်ခဲ့ရ၏။ ချောင်းဆိုး ရင်ကျပ် ပန်းနာထနေ၍လည်း အနားယူမနေရ။ မောနေ၍လည်း မြူအိုးမကောက်ဘဲ မနေနိုင်ခဲ့။ မိမိတို့ အသက်ရှင်ဘဝရပ်တည်နိုင်ရေးအတွက် ထန်းပိုင်ရှင်ကြီးများအား လုပ်ကျွေးပူဇော်ခဲ့ရသည်။

 

တကယ်တော့လည်း ထန်းလုပ်သားခမျာတို့မှာ အခြားသော တောနေ တောင်သူလယ်သမားများ ကဲ့သို့ပင် ဘယ်ကဲ့သို့သော ဘဝအာမခံချက်မျိုးမှ ရှိခဲ့ကြသည်မဟုတ်ပေ။ မကျန်းမာလျှင် အနားယူ၍ ဆေးဝါးကုသနိုင်ခွင့်ဆိုသည်ကိုလည်း အိပ်မက်ပင် မမက်ဝံ့သေးချေ။ သို့ရာတွင် မြို့ပေါ်မှ စက်ရုံ အလုပ်ရုံ အလုပ်သမား တစ်ယောက်မှာမူ မည်မျှပင် ဆင်းရဲစေဦးတော့၊ နာမကျန်းလျှင် အနားယူ၍ ဆေးဝါးကုသနိုင်ခွင့် ရရှိခဲ့ကြ၏။

 

ထန်းသမားများနှင့် တောင်သူလယ်သမားတို့မှာ တိုင်းပြည်၏ မရှိမဖြစ်သော အဓိကအစာအာဟာရ စားသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်ပေးနေကြသည့် လုပ်သားစင်စစ် များ ဖြစ်နေကြစေကာမူ မြို့ပေါ်မှ စက်ရုံ အလုပ်ရုံ အလုပ်သမားတစ်ယောက်၏ ခံစားခွင့်မျိုးကဲ့သို့ သော ခံစားခွင့်မျိုးကို မည်သို့သောအခါကာလမျိုးမှ ခံစားရလိမ့်မည်ဟု မမျှော်မှန်းနိုင်သေးပေ။

 

သို့စေငြားလည်း လက်ပံပင်ကျေးရွာ ဘုံထန်းတော နယ်မြေမှ ထန်းသမားများကမူ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စုပေါင်းထန်းလုပ်ငန်းကို လုပ်ဆောင်လာကြ၍ ဒေါ်ဘုမတို့လို အလုပ်သမကြီးများမှာ အထိုက်အလျောက် ဘဝအာမခံချက်များ ရလာကြ၏။ မကျန်းမာသောအခါတွင်လည်း လုပ်ခမပျက် အနားယူ၍ ဆေးဝါးကုသနိုင်ခွင့် အကျိုးကျေးဇူးများ ရလာခဲ့ကြပေပြီ။ ထို့ကြောင့်လည်း ဒေါ်ဘုမခမျာမှာ မီးပူခံရသည့်ဘေး၊ မြူအိုးကောက်ရသည့်ဘဝမှ ကျွတ်လွတ်ခဲ့ရ၏။ သက်သာသည့် တာဝန်လေးများကို ထမ်းဆောင်ခြင်းဖြင့် သူ့ကျန်းမာရေးကို ကောင်းမွန်စေခဲ့၏။

 

သို့ပင်ဖြစ်ငြားသော်လည်း ထန်းကျွန်မကြီး ဒေါ်ဘုမခမျာမှာ လူသားသခင်တို့၏အကျိုးကို နှစ်ပေါင်း များစွာ သယ်ပိုးရွက်ဆောင်လာခဲ့ရသော ခိုင်းနွား အိုကြီးပမာ ခြေကုန်လက်ပန်းကျ၍ လှုပ်လှုပ်သာ ရှိတော့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ထန်းပိုင်ရှင်တို့ ခေါင်းပုံဖြတ် အမြတ်ထုတ် သွေးစုပ်ခြယ်လှယ်နိုင် ရေးအတွက် နှစ်ပေါင်းများစွာ မီးပူခံကာ ကျိုချက်ခဲ့ ရသော ဒဏ်ရာဒဏ်ချက်များကြောင့် ယခုကဲ့သို့ အမြစ်မပြတ်နိုင်ဘဲ ချောင်းဆိုးရင်ကျပ်၍ တရှောင်ရှောင် ဖြစ်နေသည်ဆိုသည်ကိုတော့ ဒေါ်ဘုမက သိချင်မှ သိပေမည်။

 

ထို့ကြောင့်လည်း ဒေါ်ဘုမခမျာမှာ ထိုဒဏ်ရာ ဒဏ်ချက်များကြောင့် တဖြည်းဖြည်း ချူချာလာသည်။ ယခုနှစ်တွင် ပို၍ချူချာလာသည်။ နွေဦး ပေါက်သည့်တိုင်အောင် မကြာခဏ ချောင်းဆိုးတတ်သည်။ ဤအထဲ အသက်ကလည်းကြီးလာ၍ ပိုခံရသည်။ ယခုတစ်ဖန် ထန်းပိုင်ရှင်လူကုံထံတို့က ၎င်းတို့ သမီးပျိုနှင့် ဆက်သွယ်ရေးမကင်းသော ကိုအေးဆွေအား ဒုက္ခပေးကာ လုပ်ကြံဖိနှိပ်မှုမျိုးကို တွေ့လာရသောအခါ ဒေါ်ဘုမခမျာ တစ်ယောက်တည်းသောသားအတွက် ရတက်ဖြာ၍ သောကအပူလုံးကြွပြီး ရင်ဆို့ကာ အသက်ပါပျောက်သွားရသည်အထိ စိတ်ထိခိုက်သွားရသည် ဆိုသည်ကိုတော့ ကိုအေးဆွေမှလွဲ၍ အခြားသူများ သိချင်မှသိပေမည်။

 

ထို့ကြောင့်လည်း မပြန်လမ်းသို့ ထွက်ခွာသွားပြီ ဖြစ်သော မိခင်ကြီးအတွက် ယောက်ျားရင့်မာကြီးပင် ဖြစ်လင့်ကစား ကိုအေးဆွေမှာ ဝမ်းပန်းတနည်းသည်းထန်စွာ ကြေကြေကွဲကွဲ ငိုကြွေးနေမိသည်။ ဤသည်ကို တွေ့မြင်ရသော ထွေးရီနှင့် မအုန်းတင်တို့မှာလည်း စိတ်ထိခိုက်သွားကြသည်။ မျက်ရည် မဆည်နိုင်အောင် ငိုကြွေးရသည်အထိ ဖြစ်ရလေသည်။

 

ကိုအေးဆွေသည် အတန်ကြာအောင် ငိုကြွေးလိုက်မိသောအခါ ရင်ထဲတွင် အနည်းငယ်ပေါ့သွား သလိုဖြစ်သွားသည်။ စောစောက ရင်ဝတွင် ဆို့ကျပ်နေသော သောကအပူလုံးမှာလည်း အနည်းငယ် ချောင်ကျသွားသည်။ သို့သော်လည်း မြေဝယ်မြှုပ်၍ မသင်္ဂြိုဟ်မီ မိခင်ကြီး၏မျက်နှာကို တွေ့မြင်လိုသော ဆန္ဒက အလွန်အမင်း ဖြစ်ပေါ်လာသည်။ ထို့ကြောင့်လည်း ကိုအေးဆွေသည် အသံကိုထိန်း၍ ထွေးရီ အား မေးလိုက်သည်။

 

“အမေ့ကို ဘယ်ဘယ်တော့ သင်္ဂြိုဟ်မှာလဲ”

 

မည်မျှပင် အသံကိုထိန်း၍ ပြောစေကာမူ ကိုအေးဆွေ၏အသံမှာ တုန်လှုပ်၍ငိုသံပါနေသည်။ အက်ကွဲဆို့နစ်သံလည်း ရောနေသည်။

 

“နက် နက်ဖြန်ခါ ချမယ်”

 

ထွေးရီက ရုတ်တရက်မဖြေ၍ မအုန်းတင်က ရင်နာသံဖြင့် ဝင်ဖြေလိုက်၏။ ထွေးရီမှာမူ ပြန်လည် ပြောရန် အားယူရင်း မျက်ရည်များသုတ်၍ ရှိုက်နေသည်။ မအုန်းတင်၏အဖြေကို ကြားရသောအခါ ကိုအေးဆွေ၏တစ်ကိုယ်လုံးသည် ဖျဉ်းခနဲဖြစ်သွားသည်။ “အမှုကလည်း တန်းလန်း၊ အချုပ်ကလည်း ဘယ်တော့မှ လွတ်မှန်းမသိ။ အင်း၊ အမေ့မျက်နှာကိုမှ မြင်မှမြင်လိုက်ရပါဦးမလား”

 

ဤအတွေးများက တစ်မုဟုတ်ချင်း ပြေးဝင်လာသောအခါ ကိုအေးဆွေ၏ဦးခေါင်းသည် ပူခနဲ ဖြစ်သွား၏။ တစ်ချိန်တည်းမှာလည်း မိခင်ကြီး၏ အလောင်းကိုတွေ့မြင်ပြီး ကန်တော့ချင်သောဆန္ဒ ကလည်း အလွန်ပြင်းထန်လာ၏။ သို့သော်တစ်ဖက်မှ မဖြစ်နိုင်မှန်းသိသောအတွေးက ဝင်လာသောအခါတွင်ကား ရင်ဝယ် ကျဉ်ခနဲကျဉ်ခနဲနေအောင် နာကြည်းမှုဝေဒနာက တားမနိုင်ဆီးမရ နှိပ်စက်လာတော့သည်။

 

ထိုအခါ လူလူချင်း အဆင့်အတန်းခွဲခြား၍ ခေါင်းပုံဖြတ် အမြတ်ထုတ်လိုသောစိတ် အမြဲတမ်း ရှိကြသည့် ထန်းပိုင်ရှင် ဦးမြမောင်၊ ဒေါ်လှတင် တို့ကြောင့်ဟူသော အဖြေက ပေါ်လာသည်နှင့်အမျှ ၎င်းတို့အပေါ်တွင် မခံချင်စိတ် ဒေါသမာန်ဟုန်များက ထောင်းခနဲ ဖြစ်ပေါ်လာသည်။ တစ်ဖန် တစ်ဆက်တည်းမှာပင် သူတို့သမီး ခင်သန်းဌေးကြောင့်သာလျှင် ဤပြဿနာ စတင် ဖြစ်ရပါသည်ဟူသော အတွေးကို စဉ်းစားမိပြန် သောအခါတွင်လည်း ကိုအေးဆွေသည် ခင်သန်းဌေး အပေါ် စိတ်နာရမလို ဖြစ်လာပြန်သည်။ သို့သော် တကယ်တမ်း စေ့စေ့တွေးတောလာမိသောအခါ သူ့အား စိတ်နာ၍မရခြင်းပင် ဖြစ်နေပြန်သည်။

 

သို့တစေ တစ်ဖက်ကလှည့်၍ စဉ်းစားမိပြန်သော အခါတွင်ကား အသည်းခိုက်မျှ နာကြည်းလာပြန် သည်။ သူမပြတ်သား၍သာ ဖြစ်ရသည်၊ သူလှည့်စား၍သာ မိမိခံရသည်၊ မိခင်ကြီးပါ အဆစ်ပါ၍ ဘဝ ဆုံးရသည်ဟူသော အတွေးများက တစ်ဖန် စုပြုံဝင် လာပြန်လေသည်။

 

“ဟော၊ ဟိုမှာ”

 

ရုတ်တရက် မအုန်းတင်က အံ့သြသံဖြင့် အော် လိုက်သည်။ ထိုအော်လိုက်သံကြောင့် ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ဒေါသထွက်ခြင်း၊ နာကြည်းခြင်းသော ဝေဒနာပေါင်းစုံတို့ဖြင့် တစ်ပြိုင်နက်တည်းလို ခံစား နေရသော ကိုအေးဆွေမှာ ဖျတ်ခနဲသတိရှိလာတော့သည်။ ထို့ကြောင့်လည်း ကိုအေးဆွေသည် မအုန်းတင်ကြည့်ရာဆီသို့ တစ်ဆက်တည်း လျင်မြန်စွာ ကြည့်လိုက်မိသည်။

 

“အင့်၊ ဟင် ဟင်” ဟူသောအသံကို ယောင်၍ မထွက်လိုက်မိရန်ပင် ကိုအေးဆွေက မနည်းချုပ်တည်း ထားလိုက်ရသည်။ သို့တစေလည်း ရင်တွင်းမှာကား ထိုအံ့အားသင့်စရာ မြင်ကွင်းကြောင့် မြင်လိုက် ရသည့်တစ်ခဏဝယ် လှိုက်ခနဲတုန်သွားပြီး အမည် မဖော်တတ်သော ခံစားမှုဝေဒနာတစ်ရပ်ကိုတော့ ပြင်းပြင်းထန်ထန်ကြီး ခံစားလိုက်ရချေသည်။

 

ထို့အတူ ထွေးရီဆိုသည်မှာလည်း မည်သို့နားလည်ရမှန်းမသိသော ဟန်ပန်သွင်ပြင်လေးတွင် မျက်လုံးလေးအဝိုင်းသားဖြင့် ထိုမြင်ကွင်းကို တအံ့တသြ ငေးမောကာ လှမ်းမျှော်ကြည့်လျက်ရှိလေသည်။ ထိုတွေ့မြင်လိုက်ရသော မြင်ကွင်းသည်ကား ပြည်သူ့ရဲတပ်ဖွဲ့ စခန်းရုံး အဆောက်အအုံရှေ့သို့ ရုတ်တရက် ထိုးရပ်လိုက်သော မြင်းလှည်းတစ်စီးပေါ်မှ ဆင်းလာကြသည့် အဒေါ်ကြီးတစ်ဦးနှင့် ခင်သန်းဌေးတို့ပင် ဖြစ်လေသည်။

 

သို့သော် မကြာပါချေ။

 

ဆက်လက်ဖော်ပြပါမည်။