နွေဦးကာလ မြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၂၅-၉-၂၀၂၃ ရက်မှအဆက်

 

ယင်းကဲ့သို့ ခင်သန်းဌေးတစ်ယောက် ဤနေရာသို့ ရောက်ရှိလာရခြင်းမှာလည်း ပုပ္ပားသို့ ပျော်ပွဲစား ထွက်လာခြင်းဖြစ်သည်။ အမှန်မှာမူ ခင်သန်းဌေး အနေဖြင့် သည်ကဲ့သို့ ပျော်ပွဲစားမျိုးသို့ မလိုက်လိုလှပေ။ အငြိမ်းစား သစ်တောဝန်ထောက်သမီး သူငယ်ချင်းဖြစ်သူ စမ်းစမ်းမြင့်က အတင်းအဓမ္မ လာရောက်ခေါ်ငင်သဖြင့်သာ လိုက်လာရခြင်း ဖြစ်ပေသည်။ အစကမူ စမ်းစမ်းမြင့်တို့ အိမ်ထောင်စုနှင့်သာ ပျော်ပွဲစားထွက်ရလိမ့်မည်ဟု ထင်မိသည်။ ကားဖြင့် လမ်းရောက်သောအခါမှသာ အခြားသောအရာရှိကြီးငယ်တို့၏   အိမ်ထောင်စု ကားများပါ လိုက်ပါလာကြသည်ကို တွေ့ရတော့သည်။ ထိုအထဲတွင် ဦးဝင်းအောင်၏ လင့်ရိုဗာ ကားကလေးမှာ ရှေ့ဆုံးမှပါလာသည်ကို တွေ့ရသည်။

 

ပုပ္ပားသို့ရောက်သောအခါတွင်လည်း အစိုးရ ဧည့်ရိပ်သာ မင်းတဲတွင် တည်းခိုကြကာ စားကြ၊ သောက်ကြ၊ ပျော်ကြ ပါးကြသည်။ ရေချိုးသူက စမ်းချောင်းတွင် ချိုးကြသည်။ အနီးပတ်ဝန်းကျင်ရှိ ဥယျာဉ်ခြံမြေများ၊ ကော်ဖီခြံများ၊ စပျစ်ခြံများသို့ လျှောက်လည်သူများ ကလည်း မိမိတို့အစုနှင့် မိမိ လည်ကြပတ်ကြသည်။

 

နေ့လယ်ပိုင်း စားချိန်သောက်ချိန် ရောက်သော အခါ ပါလာသည့် ထမင်းဟင်းများကို တစ်ဦးနှင့် တစ်ဦး   လဲလှယ်ဖလှယ်ကြရင်း   စားသောက် ကြသည်မှာလည်း ပျော်စရာကြီးပင်ဖြစ်နေသည်။ စားသောက်ပြီးသောအခါတွင်မူ   အချို့သည် ဧည့်ရိပ်သာ မင်းတဲပေါ်တွင်လည်းကောင်း၊ အချို့ သည် အေးမြလှသည့် သစ်ပင်ရိပ်များအောက်တွင် လည်းကောင်း ဝါသနာတူရာ အုပ်စုဖွဲ့၍ ဖဲရိုက်ကြသည်။ အချို့က ပါလာသည့် တယော၊ ဂီတာ၊ လက်ဆွဲဘာဂျာများဖြင့် တီးကြ၊ မှုတ်ကြ၊ ကကြ၊ ခုန်ကြသည်။

 

အားလုံးပါလာသည့် လူများကို ကြည့်လိုက်သော အခါ အရာရှိကြီးငယ်များ၊ ၎င်းတို့၏ဇနီးများ ဖြစ်သော မင်းကတော် စိုးကတော်များ၊ သားသမီးများ၊ တူ၊ တူမများ၊ ခယ်မများ၊ ညီများ စသည်တို့ ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို အထက်တန်းလွှာ လူကုံထံများဟု သတ်မှတ်ထားသော လူ့အသိုင်းအဝိုင်းမှ လူတန်းစားများသာ ဖြစ်လေသည်။

 

ခင်သန်းဌေးကမူ မိမိသိက္ခာကို အစစအရာရာ ထိန်းသိမ်း၍ နေတတ်သူပီပီ ခပ်အေးအေးပင် နေလေ့ရှိသည်။ အခြားသူများ ပျော်ပါးကခုန် ဖဲရိုက်နေကြသည်ကို အမှတ်မထင်သာ ကြည့်နေမိသည်။ ကြာတော့လည်း ဝါသနာစရိုက်ချင်းမတူ၍ ငြီးငွေ့လာသည်။ ထိုကြောင့် ခင်သန်းဌေးသည် အသိ တစ်ယောက်ထံတွင် ပါလာသောမဂ္ဂဇင်းစာအုပ်ကို ငှားယူကာ ၎င်းတို့နှင့်ဝေးရာ ဆိတ်ငြိမ်၍ အေးမြသော ဤနေရာသို့ တစ်ယောက်တည်းထွက်လာမိသည်။

 

ခင်သန်းဌေးရောက်နေသောနေရာမှာ ၎င်းတို့နှင့် အတော်အလှမ်းကွာသောနေရာဖြစ်သဖြင့် ၎င်းတို့ထံမှ တီးမှုတ်သည့် အသံဗလံများကိုပင် မကြားရပေ။ တစ်ခါတစ်ရံ လေသင့်သည့် အခါမှသာ သဲ့သဲ့ကြားရ၏။ ထို့ပြင် စမ်းချောင်းဘေးရှိ သရက်ပင်ခြေရင်း သရက်မြစ်ပေါ်တွင် ထိုင်နေသော ခင်သန်းဌေးကို ဧည့်ရိပ်သာမင်းတဲဘက်ဆီမှလာလျှင် သရက်ပင် ကွယ်နေ၍ လည်းကောင်း၊ သစ်ပင်ချုံနွယ်တို့က ကွယ်ကာနေ၍လည်းကောင်း ရုတ်တရက် မမြင်နိုင်ပေ။ ဤမှာဘက်သို့ လာကြည့်မှသာ မြင်တွေ့ နိုင်ပေမည်။

 

ထိုကြောင့်လည်း ခင်သန်းဌေးသည် ၎င်းတို့နှင့် လွတ်ကင်းရာ ဤနေရာသို့ အေးအေးလူလူ လာရောက်လျက် ပါလာသည့်မဂ္ဂဇင်းစာအုပ်ကို ဖတ်ရှုနေမိသည်။ သို့တစေလည်း ပတ်ဝန်းကျင်၏ ဆိတ်ငြိမ်သာယာမှုက စာထဲတွင် စိတ်မဝင်စားနိုင် လောက်အောင် ဆွဲဆောင်မှုအားကောင်းလှသည်။ တောသဘာဝ၏ အလှအောက်ဝယ် ယစ်မူးနေမိသည်။

 

ထိုအခိုက် နောက်ဘက်ဆီမှ သစ်ကိုင်းကျိုးကျသံ လိုလို၊ လူတစ်ယောက်၏ ခြေသံလိုလို ကြားလိုက် ရသဖြင့် ခင်သန်းဌေးသည် ဆတ်ခနဲလှည့်ကြည့် လိုက်မိသည်။ လား လား။ မိမိ မတွေ့လိုသူ ဦးဝင်းအောင်ကိုမှ တေ့တေ့ဆိုင်ဆိုင် လာတွေ့နေရသည်။ တခြားအချိန်များမှာမူ သူ့ကိုနှစ်ယောက်ချင်း မတွေ့မိအောင် တမင်တကာ ရှောင်ဖယ်၍နေခဲ့ သဖြင့် လွဲခဲ့၏။ ယခုတော့မူ သူ့ကိုမတွေ့ချင်ပေမင့်လည်း ပြုံးဖြဲဖြဲ မျက်နှာကြီးဖြင့် လာတွေ့နေရသည်။ ဤကဲ့သို့ နေရာမျိုးတွင် သူနှင့်နှစ်ယောက်ချင်းတွေ့ရခြင်းသည် မိမိအဖို့ အန္တရာယ်နှင့် ရင်ဆိုင်နိုင်သည် ဟူသော အသိက ဖျတ်ခနဲဝင်ရောက်လာသောအခါ ခေါင်းနားပန်း ကြီးသွားလျက် ခင်သန်းဌေးသည် ဤနေရာမှ အမြန်ဆုံးထွက်ခွာသွားနိုင်ရန် ထိုင်နေရာမှ ရုတ်ခြည်း ထလိုက်မိသည်။

 

သို့သော် နောက်ကျလေပြီတကား။

 

ဦးဝင်းအောင်ကား ချက်ချင်းဆိုသလိုပင် ရောက်ရှိ လာတော့သည်။

 

ဟင်၊ ဌေး ပြန်တော့မလား။ နေပါဦးလေ

 

ဟုတ်ကဲ့၊ ဌေး ပြန်တော့မယ်

 

နေပါဦး ဌေးရယ်။ အခုလို နှစ်ယောက်ချင်းတွေ့တဲ့အခါမှာ အေးအေးဆေးဆေး စကားပြောရအောင် လား

 

ဦးဝင်းအောင်က ခယသံဖြင့် တောင်းပန်လိုက်သည်။

 

အားနာပါတယ် ဦးဝင်းအောင်၊ ဌေးကို စိတ်မရှိပါနဲ့ ခွင့်ပြုပါနော်

 

ခင်သန်းဌေးသည် ဖိနပ်ကိုစီးရင်း သွားဟန်ပြင် လိုက်သည်။

 

ခဏလေးနေပါဦး ဌေးရဲ့။ ဘာလို့များ ကျွန်တော့်ကို သည်လောက်တောင် အတွေ့မခံဘဲ ရှောင်ပြေး နေတာလဲဗျာ။ ကျွန်တော်ဖြင့် ဌေးကို နှစ်ယောက်ချင်းတွေ့ဖို့အရေး နေ့စဉ်နဲ့အမျှ ချောင်းလိုက်ရတာ မောနေတာပဲ။ အိမ်လည်းအိမ်မှာမို့ လူမချောင်ဘူး။ ခုဒီမှာလည်း ဌေးတစ်ယောက်တည်း ဘယ်အချိန် ရှိမလဲလို့ စောင့်နေလိုက်ရတာ။ ဒီကြားထဲ ကျွန်တော် မျက်ခြည်ပြတ်သွားတာနဲ့ ဌေးတစ်ယောက် ပျောက်ပြေးတာပဲ။ ဌေးကိုရှာလိုက်ရတာအနှံ့ပဲ။ ခုမှ ဌေးနဲ့ လာတွေ့တယ်။ ခုတွေ့တော့လည်း ဌေးက ရှောင်ပြေးမယ်လုပ်တယ်။ ဒီလောက်ပဲ ကျွန်တော့်ကို မုန်းနေ ပြီလားဗျာ

 

ဦးဝင်းအောင်၏အသံက ချွဲချွဲပျစ်ပျစ်နှင့် ခယသံ၊ ဝမ်းနည်းသံပါလှသည်။

 

မုန်းလို့မဟုတ်ပါဘူး ဦးဝင်းအောင်၊ ဌေး ဒီမှာ ရောက်နေတာကြာလှပြီမို့ စမ်းစမ်းမြင့်တို့ စိတ်မချဘဲ လိုက်ရှာနေမစိုးလို့ပါ။ နောက်ကြုံမှပဲ အေးအေးဆေး ဆေးစကားပြောကြ တာပေါ့နော်။ ဌေး သွားပါရစေ

 

အို အို အို၊ နေပါဦး ဌေးရယ်။ ကျွန်တော်လည်း ဒီမှာရှိပြီးဟာပဲ။ ဘာမှ စိတ်မချစရာမရှိပါဘူး။ ကျွန်တော်လည်း ခုပြန်လိုက်မှာပဲ၊ နေပါဦး

 

ခင်သန်းဌေးက သွားဟန်ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးဝင်းအောင်သည် ပျာပျာသလဲ ဖြစ်သွားကာ ခင်သန်းဌေး၏လက်များကို ဆွဲကိုင်တားထားတော့မလို ဖြစ်နေသည်။ ထိုကြောင့်လည်း ခင်သန်းဌေးသည် အသာပင် ကိုယ်ရှိန်သတ်ထား လိုက်ရသည်။

 

အင်း၊ ရှင်ကြီးတစ်ယောက် ဒီမှာရှိနေလို့ မနေဝံ့တာ ဟု ခင်သန်းဌေးက သူ့စိတ်ထဲတွင် ဆိုလိုက်မိ၏။

 

ကဲပါ ဌေးရယ်၊ နေပါဦး။ စကားလေး သုံးလေး ခွန်းလောက်ပြောပြီး သွားကြတာပေါ့။ ဟုတ်ဖူးလား ဌေး။ ကဲပါ ပြန်ထိုင်ပါဦးဗျာ

 

သည်မျှလောက်တားနေသည်ကို ဇွတ်ထွက်လာလျှင် ပို၍ဣန္ဒြေပျက်ရာကျမည် စိုးရသည်။ ခေတ္တ ခဏတော့ ထိုင်မှဖြစ်မည်ဟု ယူဆမိသော ခင်သန်းဌေးသည် ပတ်ဝန်းကျင်လူ့အခြေအနေများကို အကဲခတ် လိုက်ရင်း ထိုင်ချလိုက်သည်။ ခင်သန်းဌေး ထိုင်ချလိုက်သောအခါ ဦးဝင်းအောင်သည် ခင်သန်းဌေး၏ အနီးတွင်ကပ်၍ အမှတ်မထင် ထိုင်ချမိလိုက်သလိုလို နှင့် ကပ်ထိုင်ချလိုက်သည်။

 

ဤသည်ကို ခင်သန်းဌေးအနေဖြင့် မကြိုက်ပေမင့်လည်း မသိလိုက်ဘာသာ နေလိုက်ရတော့သည်။ မိမိလက်ထဲရှိ မဂ္ဂဇင်းစာအုပ်ကိုသာ ဟိုလှန်သည်လှန်နှင့် လျှောက်လှန်နေရင်း ဖတ်မိဖတ်ရာ စာကြောင်းများကို စိတ်ထဲမှမပါဘဲ ဖတ်နေမိသည်။

 

ဘယ်လိုလဲ ဌေး၊ ဌေးဆီကအဖြေကို ကျွန်တော် ကြားချင်လှပြီ။ အဲဒီအဖြေဟာလည်း ကျွန်တော့်ရဲ့ ဘဝကို ထာဝစဉ်ချမ်းမြေ့စေမယ့် အဖြေလို့ မျှော်လင့်ပါတယ် ဌေးရယ်။ ဟင်၊ ဒီအချိန်ဟာဖြင့် ကျွန်တော့်ကို အဖြေပေးသင့်ပြီလို့ ထင်ပါတယ် ဌေးရယ်

 

ခင်သန်းဌေးက ရုတ်တရက် မည်သို့မျှ ပြန်မပြောပေ။ မော့၍လည်းမကြည့်ပေ။ အတန်ကြာမှသာ-

 

ဌေးဟာ ဦးဝင်းအောင်ကို အစ်ကိုကြီးတစ်ယောက် လိုပဲ ခင်မင်ပါတယ်။ ဒီ့ထက်ပိုပြီး ခင်မင်လို့ မရသေး ပါဘူး။ နောက်ပြီးတော့ ဌေး အိမ်ထောင်ပြုဖို့ စိတ်မကူး သေးပါဘူး

 

ဒီလောက်ပဲလား ဌေးရယ်။ အစ်ကိုကြီး တစ်ယောက်လို ခင်မင်တာမျိုးထက် မပိုနိုင်တော့ ဘူးလား။ အိမ်ထောင်ပြုဖို့ စိတ်မကူးသေးဘူး ဆိုတာကတော့ ကျွန်တော့်ကိုသက်သက် ဌေး လှည့်စားတာနဲ့ တူပါတယ်။ ဌေးရဲ့အသက်လည်း မငယ်တော့ပါဘူး ဌေးရယ်။ ဟင် ဌေး၊ ဘယ်လိုလဲ

 

ဦးဝင်းအောင်က ခင်သန်းဌေးအား မေးနေသည့် အသံမှာ ဝမ်းနည်းလှိုက်လှဲ၍ ခံစားမှုရှိနေသော အသံမျိုးဖြစ်နေသည်။

 

ခင်သန်းဌေးသည် ခေါင်းကိုငုံ့၍ လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကိုသာ အဓိပ္ပာယ်မရှိ လျှောက်လှန်နေသည်။

 

ဘယ်လိုလဲ ဌေးရယ်။ ဌေးမှာ ကျွန်တော့်ထက် ချစ်ရမယ့်သူများ ရှိနေပြီလားဗျာ

 

ဦးဝင်းအောင်သည် သူ့စကားကိုဖြတ်ကာ မေးနေသော်လည်း ခင်သန်းဌေးကမူ ယခုအထိ မည်သို့မျှ ပြန်မဖြေပေ။

 

အင်း၊ ဒီလိုဆို ကျွန်တော့်ဘဝမှာတော့ ကြေကွဲဝမ်းနည်းလို့ဆုံးတော့မှာမဟုတ်တော့ပါဘူး။ အင်း၊ ခုနေသာ ကျွန်တော့်ရဲ့ရင်ကို ခွဲပြလို့ဖြစ်မယ်ဆိုရင် ဌေးရဲ့အပေါ် ကျွန်တော့်ရဲ့ မေတ္တာစေတနာတွေ ဘယ်လောက်အစိုင်အခဲဖြစ်ပြီး ကြီးမားနေတယ်ဆိုတာတွေ၊ ကျွန်တော့်အသည်းတွေ ကျွမ်းခမန်း ချစ်ဝေဒနာခံစားနေရတယ်ဆိုတာတွေ ရင်ဖွင့်ပြ လိုက်စမ်းချင်ပါရဲ့၊ အဟုတ်တကယ်ပါပဲ။ ဟင် ဟင် ဌေး

 

ဦးဝင်းအောင်သည် ခင်သန်းဌေးနားသို့ မသိမသာ တိုးကပ်လာကာ ခင်သန်းဌေး၏ လက်ကောက်ဝတ် နေရာကို ဆွဲကိုင်ထားရင်း သူ့ရင်ဖွင့်ပြနေသည်။ ခင်သန်းဌေးကလည်း သူ့လက်ကိုရုန်းဖယ်ရင်း ဦးဝင်းအောင်၏လက်ကို ဖြေနေသည်။ ခင်သန်းဌေး တစ်ကိုယ်လုံးသည် ဆတ်ဆတ်တုန်၍ ကြောက်စိတ် မွှန်လာသည်။

 

ဤသည်ကိုပင် ဦးဝင်းအောင်က အခွင့်ကောင်း ယူကာ-

 

ဆက်လက်ဖော်ပြပါမည်။