နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၂၈-၈-၂၀၂၃ ရက်မှအဆက်

သည်တော့မှ ကိုအေးဆွေမှာ အရည်လည်လာသည်။

ဤသို့ လေ့လာနိုင်ရန် အခြေအနေဖန်တီးလာခြင်းမှာ ခင်သန်းဌေးသည် သူနှင့် တစ်ခန်းတည်းနေ ကျောင်းသူ၏အိမ်ရှိရာ သင်္ဃန်းကျွန်းသို့ တစ်နေ့ အလည်လိုက်သွားရာမှ သူငယ်ချင်း၏ဦးလေးနှင့် မိတ်ဆွေဖြစ်သွားသည်။ ထိုဦးလေးမှာ ဆိုရှယ်လစ် ဝါဒရေးရာတွင် နှံ့စပ်ကြွယ်ဝ၍ ယုံကြည်သက်ဝင်သောသူဖြစ်သည်။ ၎င်း၏ညွှန်ကြားချက်ဖြင့် စာအုပ်စာတမ်းများကို ဖတ်ရှုသည်။ ကျောင်းအား သောနေ့တိုင်း ၎င်းထံသွားကာ အရင်းရှင်ဘောဂဗေဒ အကြောင်း၊ မတ်ဘောဂဗေဒအကြောင်း၊ ဆိုရှယ်လစ်နိုင်ငံများတွင် တွေ့ကြုံဖြစ်ပျက်ခဲ့ရသော သမိုင်း ဖြစ်စဉ်အကြောင်းတို့ကို ကျေညက်စွာ လေ့လာဆည်းပူးလေသည်။

“ခုတော့ ဌေးလည်း ဆိုရှယ်လစ်ဝါဒကို လက်ခံယုံကြည်နေပြီဆိုပါတော့”

ခင်သန်းဌေးသည် သူပြောချင်သည့် အကြောင်းအရာများကို တစ်လျှောက်တည်း အားရပါးရ ပြောချလိုက်သည်။

သည်တော့မှလည်း ကိုအေးဆွေမှာ ခင်သန်းဌေး တစ်ယောက် အတိတ်၏ပဋိပက္ခများကို မေ့ပျောက် ပြည်ဖုံးကားချကာ မိမိတို့ထံသို့ ရောက်လာခြင်း၏ အဖြစ်ကို သဘောပေါက်နားလည်လာတော့သည်။

“ဒါနဲ့တောင် ဌေးဌေးရာ၊ စောစောက ကျွန်တော့်ကို တမင် ကသိကအောက်ဖြစ်အောင်များ လုပ်ပစ်လိုက်သေးတယ်ဗျာ”

ခင်သန်းဌေးက ပြုံး၍နေလိုက်၏။ သူ့အပြုံးဝယ် သူပြောပြလိုက်ရသည့်စကားများကို ကျေနပ်နေဟန် ရှိလေသည်။

သည်ကဲ့သို့ ခင်သန်းဌေး၏ တွေးခေါ်ယူဆချက်များ ပြောင်းလဲလာသည်ကို သိလာရသော ကိုအေးဆွေမှာလည်း ကြည်နူး၍ မဆုံးတော့ပါပေ။ ထိုနောက် ကိုအေးဆွေကပါ ကမ္ဘာ့နိုင်ငံများမှ အချို့နိုင်ငံတို့၏ ကျင့်သုံးနေသော လူနေမှုစနစ်များနှင့် စီးပွားရေးစနစ်များ အကြောင်းကိုလည်းကောင်း၊ ယနေ့မြန်မာနိုင်ငံ၏ အရင်းရှင်စီးပွားရေးလမ်းကြောင်းပေါ်မှ ဆိုရှယ်လစ်စီးပွားရေး လမ်းကြောင်း ပေါ်သို့မရောက်မီ အသွင်ကူးပြောင်းရေးကာလ၌ တွေ့ကြုံနေရတတ်သော အခြေအနေများကိုလည်းကောင်း ထပ်မံ၍ ဆွေးနွေးကြပြန်လေသည်။

“ကဲပါ ကိုအေးဆွေ၊ ကိုအေးဆွေတို့ရဲ့ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးအကြောင်းတွေ တော်ပါတော့။ ရောက်တဲ့ပေါက်တဲ့အခါ ကိုအေးဆွေတို့ရဲ့ လုပ်ငန်းတွေကို လျှောက်ကြည့်ရအောင်”

သို့ဖြင့် ကိုအေးဆွေသည် ခင်သန်းဌေးအား လိုက်ပြရန် နေရာမှထလိုက်သည်။ သို့သော် အထွေထွေဌာနမှ ဆယ်ရင်သည် ကုန်ရောင်းပြေစာစာအုပ် ကိုကိုင်ကာ အနားသို့ရောက်လာသည်။

“ဖိုးအေးဆွေ၊ ဟောဒီ ကုန်ရောင်းပြေစာတွေကို လက်မှတ်ထိုးပါဦး။ ငွေတောင်းသွားမလို့”

ဘယ်ဆိုင်က ယူသွားတဲ့ ကုန်ရောင်းပြေစာ ကြွေးစာရင်းတွေလဲ” 

“ပြည်သူ့ဆိုင် နံပါတ် ( ) ကရယ်၊ ဆစတက အဝယ်ဒိုင်ကရယ်၊ နောက်ပြီး ပပက အဝယ်ဒိုင် ကရယ်”

ကိုအေးဆွေသည် ဆယ်ရင် လာပေးသော ကုန်ရောင်းပြေစာ စာအုပ်မှ ငွေတောင်းပြေစာများကို သေချာစွာ လှန်လှောစစ်ဆေးပြီးနောက် လက်မှတ် ထိုးနေသည်။

“ဪ၊ ဒါနဲ့ ပပက အဝယ်ဒိုင်က နောက်ထပ် အော်ဒါမှာလိုက်တဲ့ ထန်းလျက်ငါးထောင်ကော ပို့ပြီးပလား ကိုဆယ်ရင်”

“မနက်က ပို့လိုက်ပြီ”

“ကိုထွန်းရီ၊ အဲဒါကို စာရင်းသွင်းလိုက်လား”

ကိုအေးဆွေက စာရင်းအင်းဌာနတွင် အလုပ်လုပ်နေသော ကိုထွန်းရီဆိုသူအား လှမ်းမေးလိုက်သည်။

“သွင်းပြီးပါပြီ ကိုအေးဆွေ”

ကိုအေးဆွေတို့ လုပ်ကိုင်နေသည်ကို ခင်သန်းဌေးက အသာငေးမောကြည့်နေမိသည်။ ရုံးခန်းပြင်ဆင်ထားပုံက စနစ်ကျသလို ရုံးလုပ်ငန်းလုပ်ထိုင်နေပုံကလည်း စေ့စပ်သေချာဟန်ရှိသည်ဟု အကဲခတ် မိသည်။

ကိုအေးဆွေက ဆက်လက်၍ ကျန်ရှိနေသေးသော အလုပ်များကို ဆက်လက်စီစဉ်ပေးနေစဉ် ခင်သန်းဌေး သည် မိမိဝင်လာစဉ်က ဥက္ကဋ္ဌစားပွဲရှေ့ ထရံတစ် ဖက်ဘေးတွင် ကျောကပ်လျက်ထားရှိသော အထပ်များနှင့် စင်မြင့်ကို ယခုမှထသွား၍ သေချာစွာ ကြည့်မိသည်။

အခန်းထဲသို့ ဝင်လာစဉ်ကမူ ဖန်ဘူးများ အစီအရီ တင်ထားသည်ကိုသာ သတိပြုမိခဲ့၏။ ယခု သေချာစွာကြည့်မှ တစ်ပေါင်ဝင် ဖန်ဘူးများထဲတွင် ထန်းလျက် အမျိုးမျိုးအစားစား ထည့်ထားသည်ကို တွေ့ရ၏။ ထန်းလျက်များ၏ အမျိုးအစားကို ဖန်ဘူးတွင် ကပ်ထားသော စာရွက်ပေါ်မှ စာလုံးများက ဖော်ပြ၏။ ထန်းလျက်ကောင်း၊ ထန်းလျက်လတ်၊ ထန်းလျက်ကြမ်း၊ ရေမထိထန်းလျက်၊ လျှာပေါ်ဝဲထန်းလျက်၊ မန်ကျည်းတောင့်ထန်းလျက်၊ ထန်းလျက်ဖြူဆုပ်၊ မြေပဲထန်းလျက်၊ ပေါက်ပေါက်ထန်းလျက်၊ အုန်းထန်းလျက်၊ ပြောင်းဖူးထန်းလျက်၊ စောင်ချမ်းထန်းလျက်၊ နှမ်းဖတ်ထန်းလျက်၊ ပဲဖတ်ထန်းလျက်၊ သကာရည်၊ တင်လဲရည် စသည်တို့ဖြစ်၏။ စင်အောက်ထပ်ရှိ အဆင့်များတွင်မူ ထန်းခေါက်ဖာ၊ ထန်းခေါက်တောင်း၊ ထန်းလျှော်ကြိုး၊ ထန်းဖူးပုံး၊ ထန်းဖူး ယပ်တောင် စသော အခြားထန်းပင်ထွက်ပစ္စည်း များ တင်ထားသည်ကို တွေ့ရလေသည်။

ထိုစဉ် ထွေးရီရောက်လာသဖြင့် ထိုပစ္စည်းများ အကြောင်းကို ခင်သန်းဌေးက မေးကြည့်သည်။

“သည်ပစ္စည်းတွေလား၊ ကျွန်မတို့ စုပေါင်းထန်းလုပ်ငန်းက ထွက်တာတွေကို ပြထားတာလေ မမဌေးရဲ့”

“ဪ၊ ဟုတ်လား”

ခင်သန်းဌေးမှာ အံ့သြသွား၏။ ထန်းလျက်ပါမက အခြားထန်းပင်ထွက်ပစ္စည်းများပါ ထုတ်လုပ်နေပါ ကလား။

“သဘောကတော့ မမဌေးရယ်၊ နမူနာပစ္စည်းတွေပေါ့၊ တချို့ ပြည်သူ့ဆိုင်တာဝန်ခံတို့၊ တချို့အဝယ်ဒိုင်မှူးတို့၊ တချို့ကုန်သည်တို့၊ တချို့စားသုံး သူတို့ကျတော့လည်း သည်ထိအောင် ရောက်လာပြီး သည်နမူနာတွေကြည့်ပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းအမျိုးအစားတွေကို စိတ်ကြိုက်ရွေးမှာသွားကြတယ် မမဌေးရဲ့။ ဆိုကြပါစို့၊ ထန်းခေါက်ဖာတို့၊ ထန်းလျှော်ဖျာတို့ တစ်ဆင့်ပြန်ရောင်းချင်တဲ့ တချို့ကုန်သည် ဈေးသည်တို့၊ အသုံးပြုမယ့်လူတို့ကျတော့လည်း သူတို့လိုချင်တဲ့ ပုံစံအမျိုးအစား အရွယ်အစား တွေကို နမူနာကြည့်ပြီး အထူးလုပ်ပေးဖို့ မှာသွားကြတယ်။ နောက်ပြီး တချို့ သည်စုပေါင်းထန်းလုပ်ငန်းကို လေ့လာတဲ့သဘောသက်သက်နဲ့ အထူးလာတဲ့ ဧည့်သည်တွေ၊ လေ့လာရေးအဖွဲ့တွေကျတော့လည်း လွယ်လင့်တကူ နမူနာတွေကြည့်ရတာပေါ့”

ယင်းသို့ ထွေးရီက ခင်သန်းဌေးအား ရှင်းပြနေစဉ် ကိုအေးဆွေသည် အနားသို့ရောက်လာ၏။

“ကဲ၊ ဟိုဘက်လျှောက်ကြည့်ရအောင်”

[ ၂၈ ]

ခင်သန်းဌေးတို့ ပထမဆုံးရောက်သွားသော အခန်းမှာ ခန်းမကျယ်ကြီးဖြစ်ကာ စာကြည့်တိုက်ဖွင့်ထားသည်။ စာအုပ်စင်များပေါ်တွင် ဘာသာရေးနိုင်ငံရေး ကျမ်းစာအုပ်များ၊ သိပ္ပံပညာဆိုင်ရာ စာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ် စာစောင်များ၊ သတင်းစာ ဖိုင်တွဲကြီးများသည် သူ့နေရာနှင့်သူ ကဏ္ဍအလိုက် စနစ်တကျ အပြည့် အသိပ် တင်ထားလျက်ရှိ၏။ အခန်းထဲတွင် လူတစ် ကျိပ်ခန့် စာထိုင်ကြည့်လျက် ရှိ၏။ စားပွဲများပေါ်တွင် ရန်ကုန်-မန္တလေးထုတ် နေ့စဉ်သတင်းစာကြီး သုံးလေးစောင်ခန့် အသင့်ချထားသည်တို့ကို တွေ့နေရသည်။

ကိုအေးဆွေက ဤခန်းမကြီးမှာ စာကြည့်တိုက် ခန်းမကြီးအပြင် အစည်းအဝေးလုပ်သော ခန်းမကြီးလည်းဖြစ်ကြောင်း စသဖြင့် စာပေဘက်ကလည်း ကြွယ်ဝမှု ဗဟုသုတရှိအောင် မည်သို့ ကြိုးပမ်းလာခဲ့သည် ဆိုသည့်အကြောင်းများကို ရှင်းပြလေသည်။

ယင်းသို့ ကိုအေးဆွေတို့ စုပေါင်းထန်းလုပ်ငန်းရှိ လူများသည် အသိပညာတိုးပွားရေးအတွက် စာပေကိုလည်း ပစ်မထားဘဲ လေ့လာလိုက်စားကြ ကြောင်း သိရသဖြင့် ခင်သန်းဌေးမှာ မချီးကျူးဘဲ မနေနိုင်တော့ချေ။

ဤကဲ့သို့ ကိုအေးဆွေ၊ ခင်သန်းဌေး၊ ထွေးရီတို့သည် စုပေါင်းထန်းလုပ်ငန်းဝင်းကြီးအတွင်းရှိ အဆောက်အအုံများကို တစ်ခုဝင် တစ်ခုထွက် လိုက်လံကြည့်ရှုကြလေသည်။ ခင်သန်းဌေးသည် တွေ့ရသည့်မြင်ကွင်းတိုင်းကို တအံ့တသြ ဖြစ်နေရ သည်ချည်းပင်။

ခင်သန်းဌေးတစ်ယောက် အံ့သြမည်ဆိုလျှင်လည်း အံ့သြလောက်ပေသည်။ ယခင်က ထန်းလျက်ကို ထင်းမီးဖြင့် ကျိုချက်ခဲ့သော်လည်း ယခုတော့မူ ရေနံမီး ရေနံငွေ့ဖြင့် လူမပင်ပန်းရဘဲနှင့် စနစ်တကျ ကျိုချက်နေသည်ကို တွေ့ရသည်။

“နောက်လာမယ့် လေးငါးခြောက်နှစ်ဆိုရင် ထန်းလျက်ကို အခုလို မီးပူခံချက်နေစရာ မလိုတော့ဘူး။ လျှပ်စစ်ဓာတ်အားနဲ့ချက်နိုင်တဲ့ လုပ်သားပိုင် ထန်းလျက်ချက် စက်ရုံကြီးတွေတည်ပြီးချက်ဖို့ ရည်ရွယ်ထားတယ်။ စက်နဲ့ချက်တာမို့လည်း ကုန်ထုတ်စွမ်းအား ဒီထက်ပိုများလာလိမ့်မယ်။ သန့်ရှင်းမှုလည်း ရှိလာမယ်။ အဆင့်အတန်းမြင့်တဲ့ ထန်းလျက်လည်း ထွက်လာနိုင်မယ်။ ဒါတွင်မက ထန်းသကြားထုတ်လုပ်သွားနိုင်တဲ့အထိ တီထွင်ချက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်”

ထိုနောက် အခြားအဆောက်အအုံတစ်ခုသို့ ပြောင်းရွှေ့ကြည့်ပြန်သည်။ ထိုအဆောက်အအုံရှိ ခန်းမကြီးထဲတွင် လူအချို့သည် အခြားမြို့ရွာများသို့ တင်ပို့ရန်အတွက် အချိန် အစိတ်သုံးဆယ်ဝင် ထန်းခေါက်ဖာများ၊ ထန်းခေါက်တောင်းများ၊ ဝါးနှီးဖြင့် ရက်လုပ်ထားသော ပိုများထဲတွင် အတွင်းမှ ပလတ်စတစ်အိတ်ကြီးများဖြင့်ခံကာ ထန်းလျက်များကို ချိန်ပြီးထည့်နေကြသည်။ ထည့်ပြီး ပိုများ၊ တောင်းများကို ဂုန်နီအိတ်စများဖြင့်ဖုံးကာ အချို့လူများက ချုပ်လုပ်နေကြသည်။ ရှေးယခင်များကမူ ပို၊ တောင်းတို့၏ အတွင်းမှလည်းကောင်း၊ အဖုံး အပိတ်ကိုလည်းကောင်း အင်ဖက်များဖြင့်သာ လေလုံအောင် အထပ်ထပ်ခင်း၍ ဖုံး၍ ချုပ်လုပ်လေ့ရှိကြသည်။

ယင်းသို့ အားလုံးချုပ်လုပ်ပြီးသော ထန်းလျက်ပိုများ၊ ထန်းလျှော်တောင်းများ၏ဘေးတွင် ထွင်းစာများ ဖောက်လုပ်ထားသော သွပ်ပြားတစ်ချပ်ကို ကပ်လိုက်ကာ ဆေးစိမ်းသုတ်လိုက်သည်။ သွပ်ပြား ချပ်လေးကို ခွာလိုက်သောအခါ “အချိန် ၂၅ ပိဿာ၊ စုပေါင်းထန်းလုပ်ငန်း၊ ထန်းလျက်ထုတ်လုပ်ရေးဌာန၊ လက်ပံပင်ကျေးရွာ၊ ကျောက်ပန်းတောင်းမြို့” ဟူသော စာလုံးလေးများက သူ့နေရာနှင့်သူ လှပစွာ ပေါ်လာသည်။

ဆက်လက်ဖော်ပြပါမည်။