နေရပ်ပြန်များ ခိုးသယ်သည့် ကူးတို့လှေသမားများအား စောင့်ကြပ်ကြည့်ရှုခြင်းကာလအပြီး  ဉပဒေအရ အရေးယူသွားမည်

ကော့သောင်း  ၁၄  မတ်

နိုင်ငံနှင့်အဝန်း ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကာလအတွင်း ကော့သောင်းမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်း နယ်စပ် ပါချန်မြစ်ကြောင်းတစ်လျှောက် လူအဝင်၊ အထွက်ဂိတ်များ နှစ်နိုင်ငံအပြန်အလှန် ပိတ်ထားသော်လည်း ထိုင်းမှပြန်လာမည့် နေရပ်ပြန်များကို ဒေသခံကူးတို့ လှေသမားတချို့က အခကြေးငွေယူကာ ခိုးသွင်းမှုဖြစ်စဉ် ကော့သောင်းမြို့တွင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ခိုးသွင်းလာသည့် ကူးတို့လှေသမားများကို ကော့သောင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ကြီးကြပ်ဖော်ထုတ် အရေးယူလျက်ရှိကြောင်း၊ လက်ရှိကာလအတွင်း နေရပ်ပြန်များ ခိုးသွင်းသည့် လှေသုံးစင်းကို ထိန်းသိမ်းထားပြီး ကူးတို့လှေသမားများနှင့် မိသားစုများ၊ ခိုးဝင်လာသည့် နေရပ်ပြန်များကို ကော့သောင်းမြို့၏ ကန့်သတ်သတ်စောင့်ကြည့်ရေး စင်တာများတွင် ထားရှိစောင့်ကြည့်ထားကြောင်း၊ ကော့သောင်းမြို့နယ်တွင် ကန့်သတ်စောင့်ကြည့်ရေးစင်တာ ၁၁ ခု ဖွင့်လှစ်ထားကာ စောင့်ကြည့်ခံထားရသူ နှစ်ရာကျော်ခန့်ရှိပြီး အားလုံးကျန်းမာရေး အခြေအနေ ကောင်းမွန်မှုရှိကြောင်း သိရသည်။

ကူးတို့သမားများသည် နေရပ်ပြန်များကို တစ်ဦးလျှင် (ထိုင်းဘတ်ငွေ ၁၅၀၀) မြန်မာငွေကျပ် ခြောက်သောင်းကျော်ခန့်ယူပြီး ညအချိန်တွင် ပါချန်မြစ်ကိုဖြတ်၍ ထိုင်းဘက်မှ ကော့သောင်းမြို့တွင်းသို့ ခိုးသွင်းမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံကူးတို့သမားတချို့ကပြောသည်။

အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း ကာလအတွင်း အရေးယူမှုလုပ်ငန်းများကို ဆိုင်းငံ့ထားပြီး ကျန်းမာရေး စောင့်ကြည့်မှုလုပ်ငန်းများကို ကနဦးဆောင် ရွက်ပေးလျက်ရှိကြောင်း၊စောင့်ကြည့်ကာလ ပြီးဆုံးချိန်တွင် ဥပဒေကြောင်းအရ အရေးယူမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။

ကျော်စိုး(ကော့သောင်း)