နွေရာသီနှင့် မီးဘေးအန္တရာယ်

ရာသီဥတုပူသည်နှင့် ယှဉ်တွဲလိုက်ပါလာသော မြန်မာနိုင်ငံ၏ ပြဿနာ ကြီး တစ်ခုမှာ မီးဘေးအန္တရာယ်ဖြစ်ပါသည်။ ရာသီဥတုက ပူလွန်း လှသည်ဖြစ်သည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးက ကြွပ်ရွနေကာ မီးစ မီးနလာသည်နှင့် လောင်ကျွမ်းရန် လွယ်ကူနေလေ့ရှိ၏။

လျှပ်စစ်မီး မလုံလောက်မှုပြဿနာက တွဲဖက်နေသည့်အခါ ညဘက် ဖယောင်းတိုင်အသုံးပြုရာမှစ၍ လည်းကောင်း၊ လျှပ်စစ်မီးလာစဉ် လျှပ်စစ် မီးဖို၊ မီးပူ အစရှိသည်တို့ကို ဖွင့်ကာ အလုပ်လုပ်နေစဉ် မီးပျက် သွားကာ အလုပ်ရပ်သွားသော်လည်း မီးကို မပိတ်မိဘဲ မီးပြန်လာသည့် အခါ အမှတ်မထားမိရာမှ လည်းကောင်း၊ လျှပ်စစ်မီး အတက်အကျ မမှန်ရာမှ ရုတ်တရက် မီးအားမြှင့်သွားသဖြင့် လျှပ်စစ်မီးကြိုးများ၊ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများတို့မှ တစ်ဆင့် လည်းကောင်း စသည်စသည် တို့သော အကြောင်းအမျိုးမျိုးကြောင့်လည်း မီးဘေးအ္တရာယ်က ဖြစ်ပွားတတ်လေ့ရှိပါသည်။

အထူးသဖြင့် မြို့စီမံကိန်းကျကျနန မပြုလုပ်နိုင်ဘဲ ပေါ်ပေါက်လာ သော မြေကွက်စိပ်စိပ်ခွဲကာ ဆောက်သည့် သစ်အိမ် ဝါးအိမ်များသည် ဖွဲ့စည်းတည်ဆောက်ထားပုံက ကျပ်တည်းကျဉ်းမြောင်းနေ၏။ တစ်အိမ် နှင့်တစ်အိမ် အလွန်နီးကပ်နေသည်ဖြစ်သောကြောင့် မီးလောင်သည်နှင့် အလွယ်တကူ ကူးသွားနိုင်နေ၏။ မီးသတ်ကား အစရှိသည်တို့ ဝင်ရောက် ရန် လုံလောက်အောင် ကျယ်ဝန်းသည့် လမ်းပန်းလည်း မရှိသည့်အခါ မီးဘေးအန္တရာယ် တစ်စုံတစ်ရာဖြစ်လျှင် ငြိမ်းသတ်နိုင်ရန် အလွန်ခက်ခဲ နေသည့်အတွက် အပျက်အစီး အဆုံးအရှုံး ပိုမိုများပြားသွားလေ့ရှိသည်။ သူခိုး ခိုးလျှင် ကျန်သေးသည်၊ မီးခိုးလျှင် အားလုံးကုန်ဆိုသော စကားကဲ့သို့ မီးလောင်ကျွမ်းမှုဖြစ်လျှင် ဘာဆိုဘာမှ မကျန်အောင် ဖြစ်တတ်သည်ကို သတိပြုရန် လိုအပ်ပါမည်။ ဤသို့သော ဆုံးရှုံးမှုသည် ပုဂ္ဂလိကတစ်ဦးချင်း ဆုံးရှုံးမှုအဖြစ်သာမက နိုင်ငံ၏ ထိခိုက်ဆုံးရှုံးမှု လည်းဖြစ်ပါသည်။

ယနေ့ကာလတွင် စနစ်တကျဆောက်လုပ်သည့် အဆောက်အအုံ များတွင် မီးဘေးအန္တရာယ်က သက်သာလွတ်မြောက်နိုင်စေရေး၊ လူတို့ အတွက် အကူအညီ အထောက်အပံ့ဖြစ်စေမည့် အရေးပေါ် ထွက်ပေါက်၊ မီးခိုးငွေ့သတိပေးခေါင်းလောင်း၊ မီးအချက်ပေးနှင့် ရေဖျန်းစနစ် အစရှိ သည်တို့ကို အဆောက်အအုံ၏ အရွယ်အစား၊ အထပ်အရေအတွက်နှင့် အသုံးပြုပုံ စသည်တို့ပေါ်မူတည်၍ ဆောက်လုပ်ခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ရှိပါသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ကြရန် လိုအပ်လှပါသည်။

စည်ပင်သာယာ၏ စည်းမျဉ်းစည်းကမ်းများကဲ့သို့ မီးသတ်ဦးစီး ဌာနက သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်လည်း လိုအပ်မည် ဖြစ်ပါသည်။

ယနေ့ မီးသတ်ဦးစီးဌာနသည် ယခင်ကာလများကကဲ့သို့ မဟုတ်ဘဲ အထူးဂရုတစိုက် အလုပ်လုပ်ကြသည်ကို တွေ့ မြင်နေရပြီး ပြည်သူလူထု ကလည်း အားကိုးကြ၊ ကျေနပ်အားပေးနေကြသည့် အဖွဲ့အစည်းဖြစ်လာ နေပါသည်။ မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်သည်နှင့် ချက်ချင်းဆိုသလို အများပြည်သူကို သတင်းပေးလိုက်ပြီး အမြန်ဆုံးရောက်အောင်သွားကာ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြသည့်အတွက် တစ်ခေတ် တစ်ခါက ပြည်သူတို့ လှောင်ပြောင်သရော်လေ့ရှိသည့် အဖွဲ့အစည်းတစ်ခု အဖြစ်မှသည် ပြည်သူတို့ ချီးကျူးအားပေးခြင်းနှင့် အားကိုးယုံကြည်ခြင်း ကို ရသည့် အဖွဲ့ အစည်းတစ်ခုအဖြစ်သို့ ပြောင်းလဲလာနေပြီဖြစ်ပါသည်။

ထို့ပြင် အချို့သော မြို့ ပြစီမံကိန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း များသည် ပြင်ဆင်ဆဲ၊ အသစ်ဖြည့်စွက်ရေးဆွဲဆဲဖြစ်သည့်အတွက် လက်ရှိ စည်းမျဉ်းစည်းကမ်းနှင့် ကင်းလွတ်သည့်တိုင် မိမိတို့၏ အဆောက် အအုံအတွက် လိုအပ်သည်ဟုယူဆလျှင် ဥာဏ်ဖြင့်ချင့်ချိန်ဆောင်ရွက် ကြရန်လည်း လိုအပ်ပါမည်။အချုပ်ကိုဆိုရပါမူ မီးဘေးအန္တရာယ်ဟူသည် မလောင်ခင်က တားရမည့် ပြဿနာဖြစ်ပါသောကြောင့် ယခုလို ရာသီဥတုပူလွန်း သည့်ကာလများတွင် သတိဝီရိယ ပိုမိုထားရှိကြရေး နှိုးဆော်လိုက် ရပါကြောင်း။ မြန်မာ့အလင်း