နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲကျင်းပ

နေပြည်တော်  ၂၉  ဖေဖော်ဝါရီ

                       

လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်တွင် အားကစား လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ဖြင့်ပြည့်စုံသော နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရေး၊  တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့်  နွေရာသီအခြေခံ အားကစား သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားရုံ၌ ကျင်းပသည်။

           

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က နွေရာသီအားလပ်ရက်များတွင် လူငယ်လူရွယ်များအနေဖြင့် အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင် အဆင့်အထိ အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နွေရာသီအားကစား သင်တန်းများကို တက်ရောက်သင်ကြားကြသည့် လူငယ်ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားအဖွဲ့ချုပ်များက ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည့်အတွက် မိမိတို့သင်ကြားသည့် အားကစားနည်းများအလိုက် ထူးချွန်တဲ့ မျိုးဆက်သစ်များဖြစ်လာအောင် ကြိုးစားသင်ကြားကြစေလိုကြောင်း ပြောကြားပြီး သင်တန်းသား သင်တန်းသူများက တိုက်ကွမ်ဒို၊  Fitness Dance နှင့် ဝူရှူးတို့ကို သရုပ်ပြသကြသည်။

 

အဆိုပါ သင်တန်းကို အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်တို့က ပူးပေါင်း၍ အားကစား နည်း(၂၈)မျိုးကို သတ်မှတ်အားကစား လေ့ကျင့်ရေးစခန်းများတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                    

 

ဂျိုင်းလော