နွေရာသီ အခြေခံ အားကစားသင်တန်း ၂၅ မျိုး မတ် ၉ ရက်မှ ဧပြီ ၈ ရက်အထိ အခမဲ့ ဖွင့်လှစ်မည်

မန္တလေး ၇ မတ် 

 

မန္တလေးတိုင်းဒေသကြီးအားကစား နှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် နွေရာသီ အခြေခံ အားကစားသင်တန်း အားကစားနည်း ၂၅ မျိုးကို မတ်လ ၉ ရက်၌ ဗထူးအားကစားကွင်းတွင် အခမဲ့ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းဆင်းပွဲကို ဧပြီ ၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

ဘောလုံးသင်တန်း၊ တင်းနစ် သင်တန်းနှင့် ပြေးခုန်ပစ်သင်တန်း တို့ကို ရွှေမန်းတောင်ကွင်းတွင် နံနက် ၇ နာရီမှ ၉နာရီအထိ၊ သေနတ်ပစ်သင်တန်းကို ချမ်းမြသာစည်မြို့နယ် အားကစားကွင်း သေနတ်ပစ်ကွင်း၌ နံနက် ၉ နာရီမှ ၁၀ နာရီအထိ အား/ ကာသိပ္ပံတွင် ဂျူဒိုသင်တန်းကို ညနေ ၄ နာရီမှ ၆ နာရီအထိနှင့် ဖူဆယ်  သင်တန်းနှင့် ကျွမ်းဘားသင်တန်းကို နံနက် ၇ နာရီမှ ၉ နာရီအထိ၊ ဗထူးကွင်း၊ ဗထူးကလပ်နှင့် ဗထူးအားကစားခန်းမတို့တွင် ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ အေရိုးဗစ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုသင်တန်း၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော သင်တန်းတို့ကို နံနက်ပိုင်း ကြက်တောင်သင်တန်းကို ဗထူးအားကစားခန်းမ၊ အောင်မြေမန္တလာ အားကစားခန်းမ၊ ညနေ ၄ နာရီမှ ၆ နာရီအထိ၊ ကရာဒေးဒိုသင်တန်းကို ဗထူးအားကစားခန်းမ၊ မန္တလာသီရိကွင်းနှင့် စိန်ပန်းခန်းမတို့၌ နံနက် ၇ နာရီမှ ၈ နာရီခွဲအထိ ရိုးရာလက်ဝှေ့သင်တန်းကို မဟာအောင်မြေကွင်းတွင် ညနေ ၄ နာရီမှ ၆ နာရီအထိ သင်ကြားပေးမည် ဖြစ်သည်။

 

ထို့ပြင် ပိုက်ကျော်ခြင်းသင်တန်းကို ခေတ်ကျောင်းသားကလပ်၌ ညနေ ၄ နာရီမှ ၆ နာရီအထိလက်ဝှေ့သင်တန်းကို လူငယ်သင်တန်းကျောင်း၌ ညနေ ၄ နာရီမှ ၅ နာရီအထိ ရိုးရာခြင်းလုံးသင်တန်းကို တော်ဝင်ဌေးရတနာ ကလပ်တွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ခရစ်ကက်သင်တန်းကို အထက( ၆၊ ၉၊ ၁၃၊ ၂၆၊ ၂၇၊ ၃၀)တို့တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ရေကူးသင်တန်းကို မန္တလာသီရိရေကူးကန်တွင် မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄ နာရီ အထိ ဘိလိယက်စနူကာသင်တန်းကို မဟာအောင်မြေကွင်း ဘိလိယက် ကလပ်တွင် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။ အဆိုပါသင်တန်းများ ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် အားကစားမှူးရုံးများ၊ ဗထူးကွင်းတို့တွင် အခမဲ့ ထုတ်ယူနိုင်ပြီး အသေးစိတ် သိလိုသည်များကို သိရှိ လိုပါက ဖုန်း ၀၂- ၄၀၃၃၆၁၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)