နေပြည်တော်တွင် အပေးအယူရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများ ဆက်လက်ရိုက်ကူး

နေပြည်တော် ၂၂ မေ

 


ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးလျက်ရှိသော အပေးအယူ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ လမ်းမကြီးပေါ်နှင့် မင်္ဂလာသီရိဟိုတယ်တွင် ဆက်လက်ရိုက်ကူးလျက်ရှိသည်။

 

တန္

 


ယနေ့တွင် နေပြည်တော် အနီးတဝိုက်ရှိ ပြောင်းစိုက်ခင်းများ၊ ဟိုတယ်ဇုန်နှင့် ဂျန်းရှင်း စင်တာတို့တွင် ဆက်လက်ရိုက်ကူးနေခြင်းဖြစ်သည်။ 

 


“ဒီနေ့ မနက်ပိုင်းမှာ ကျွန်တော်လေဆိပ်ဘက်ကိုသွားရင်း လမ်းမှာတွေ့တဲ့ ပြောင်းခင်းနားမှာ သွားရိုက်ခဲ့ပါတယ်။ ပထမ နှင်းဆီခင်းထဲမှာရိုက်မလို့ စီစဉ်ထားပေမယ့် နှင်းဆီခင်းက ဇာတ်ကားတိုင်းလောက်မှာပါတော့ အခု ပြောင်းခင်းထဲမှာ ရိုက်ဖြစ်တယ်၊ မနက်ခင်းနေရောင်ခြည်နဲ့ ပြောင်းခင်းနဲ့ အလွန်အင်မတန်လှပတဲ့ ရှုခင်းတွေကိုရိုက်ခဲ့ပါတယ်။ ရိုက်ကွင်းအနေနဲ့ဆိုရင် နေပြည်တော် တစ်မြို့လုံးကို သဘောကျတယ်။ ဟိုတလောက ဗုဒ္ဓဂယာဘက်ကို သွားတဲ့လမ်းမှာ တောင်တန်းတွေရဲ့ကြားမှာရှိတဲ့ ဘုရားကလည်း အလွန်သပ္ပါယ်ပါတယ်၊ အဲဒီရှုခင်းကိုလည်း တော်တော်သဘောကျပါတယ်။ နောက်ထပ်ရိုက်မယ့် ဇာတ်ကားကိုလည်း နေပြည်တော်မှာပဲ အစအဆုံးရိုက်မှာပါ၊ ဒီနေ့မှာတော့ နေပြည်တော် ဟိုတယ်ဇုန် လမ်းမကြီးပေါ်နဲ့ မင်္ဂလာသီရိ ဟိုတယ်မှာပဲ ရိုက်ဖြစ်မှာပါ”  ဟု ဒါရိုက်တာစတီးလ်က ပြောကြားသည်။

 


ကိုလင်းထွန်းကစီစဉ်ပြီး Life + ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးသော “အပေးအယူ” ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို  နေပြည်တော်တွင် မေ ၂၀ ရက်မှ ၂၅ ရက်အထိ ဆက်လက်ရိုက်ကူးသွားမည်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်၏ ဇာတ်ဝင်ခန်းအချို့ကို မန္တလေး၊ ပြင်ဦးလွင်နှင့် ဗီယက်နမ်နိုင်ငံသို့  ဆက်လက်သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နဲ့ ပရိသတ်က မိသားစုဝင်တွေလို ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကတော့ ပရိသတ်ကို အမြဲတမ်းဦးထိပ်ပန်ဆင်ပါတယ်။ ဒီဇာတ်ကားလေးရိုက်ကူးပြီးတဲ့ အခါကျရင် ပရိသတ်တွေလာကြည့်ပါ။ ဒီမှာ ပေးချင်တဲ့ မက်ဆေ့က လူငယ်တွေဟာ One Way ပဲ မြင်ကြတဲ့အတွက် အမှားတွေနဲ့ရင်ဆိုင်ရမယ်၊ အဲဒါတွေ မဖြစ်ဖို့အတွက် ဒီဇာတ်ကားလေးနဲ့ မက်ဆေ့ပေးချင်တဲ့ သဘောပါပဲ။ ဒါကြောင့် ဒီဇာတ်ကားလေးကို လာကြည့်ဖို့အတွက် ဖိတ်ခေါ်ပါတယ်”ဟု ဒါရိုက်တာစတီးလ်က ပြောကြားသည်။

 


သတင်း - နေဝင်းထွန်း၊ ဝေသူနွယ်
ဓာတ်ပုံ - ဇင်ဦး(မြန်မာ့အလင်း)