နေပြည်တော်တွင် အခွံဝါသီးမွှေးငှက်ပျော စိုက်ပျိုးသူများ စီးပွားရေးအဆင်ပြေ

နေပြည်တော်  ဒီဇင်ဘာ ၉ ရက်

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ဒေသမျိုးရင်းဖြစ်သည့် အခွံဝါသီးမွှေးငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးကြသူများ ဝင်ငွေအကျိုးအမြတ် ရရှိကြသဖြင့် ယခုအခါ ဧက ၁၀၀၀ ကျော်ခန့် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဒေသနေ တောင်သူများထံမှ သိရသည်။

အဆိုပါ အခွံဝါသီးမွှေးငှက်ပျောသည် အပင်သက်တမ်း (၈)လရောက်လျှင် အသီးစတင်သီးပြီး တစ်နှစ်သားခန့် အရွယ်ရောက်လျှင် ဈေးကွက်သို့ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကာ ငှက်ပျောတစ်ခိုင်လျှင်  (၈)ဖီးမှ (၁၀) ဖီးအထိ အထွက်နှုန်းကောင်းသည့် မျိုးဖြစ်ကြောင်းနှင့် တစ်ဖီးလျှင် ကျပ်တစ်ထောင်နှုန်းရောင်းချရကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ငှက်ပျောပင်မှ သားတက်အပင်ပေါက်မျိုး ရောင်းစားမည်ဆိုပါကလည်း တစ်ပင်လျှင် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှုန်းအထိ ဝင်ငွေထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။

"အခွံဝါသီးမွှေးငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးကြစေချင်တယ်၊ ကျွန်မတို့နိုင်ငံက စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကထားပြီး ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်တယ်။ ကျွန်မလိုပဲ တောင်သူတွေကို ဝင်ငွေကောင်းစေချင်လို့ မီဒီယာအပိုင်းကနေ ဖြန့်ဝေပေးတာပါ၊ ကျွန်မစိုက်တာ နှစ်ဧက စိုက်တယ်၊ တစ်ဧကကို အပင် ၄၀၀ စိုက်ပျိုးနိုင်တယ်၊ တစ်ပင်စိုက်ရင် ၂ နှစ်အတွင်း လေးကြိမ် ခူးဆွတ်ရောင်းချရတယ်။ တစ်ဧကကို တစ်ကြိမ်ခူးဆွတ်တိုင်း ၃၅ သိန်းကနေ သိန်း ၄၀ အထိ အကျိုးအမြတ်ရရှိပါတယ်။ ဒါ့အပြင် ပျိုးပင်ရောင်းစားတဲ့  ဝင်ငွေပါပေါင်းလိုက်ရင်  အင်မတန်တွက်ခြေကိုက်တဲ့သီးနှံဖြစ်ပါတယ်" ဟု ရွာသစ်ကျေးရွာ ငှက်ပျောစိုက်တောင်သူ ဒေါ်တင်ရီကပြောပြသည်။

အဆိုပါ အခွံဝါသီးမွှေးငှက်ပျောသည် အခွံဝါ၍ အညှာခိုင်သည့်မျိုးဖြစ်ပြီး အရသာအားဖြင့် မွှေးပျံ့၍ ချိုမြကာ ဈေးကွက်အတွင်း လူအများကြိုက်နှစ်သက်သော သီးနှံလည်းဖြစ်နေသည်။

အဆိုပါ ငှက်ပျောအား တောင်သူများစီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက သတိထားလုပ်ဆောင်ရမည့် ပိုးမွှားရောဂါ အနေဖြင့် ခေါင်းပိုး(ခေါ်)ဆင်ပိုးနှင့် ပင်စည်ကွဲရောဂါ၊ အရွက်ဖျားခြောက်ရောဂါနှင့် ထိပ်စုရောဂါတို့ ကျရောက်တတ်၍ ရှေးဦးစွာ ငှက်ပျောစိုက်ကျင်းအတွင်း ဖျူရာဒါန် 3G နှင့်မြေတွင်းအောင်း ပိုးသတ်ဆေးများ ထည့်သွင်းစိုက်ပျိုးရမည်ဖြစ်ပြီး ရေသွင်းခြင်း၊ အစာကျွေးခြင်းများကိုလည်း စနစ်တကျပြုလုပ်သင့်ကြောင်း တောင်သူဒေါ်တင်ရီက ဆက်လက်အကြံပြုပြောကြားထားသည်။

ကိုပေါက်(ဥက္ကာမြေ)