နေပြည်တော်ရှိ ပေါင်းလောင်း၊ ချောင်းမငယ်နှင့် ဖောင်းလောင် ရေလှောင်တမံများ၏ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၂၆  ဇူလိုင်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပေါင်းလောင်း၊ ချောင်းမငယ်နှင့် ဖောင်းလောင် ရေလှောင်တမံများ၏ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တည်ဆောက်ရေး (၅) မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ရေလှောင်တမံများ၏ လုံခြုံစိတ်ချမှု၊ ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှု၊ မိုးစပါးရေပေး ဝေမှုအခြေအနေများကို လိုက်လံ ရှင်းလင်းပြသသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တမံများ၏ လုံခြုံစိတ်ချရမှု နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ ရရှိပေးပို့နိုင်ရေး၊ စိုက်ပျိုးရေ ပေးဝေရာတွင် လက်ရှိမိုးစပါးအပြင်၊ နွေစပါးစိုက်ပျိုးရေးအတွက် ဖူလုံနိုင်ရေးအတွက် ဆည်ရေကို အလေအလွင့်နည်းပါးစွာဖြင့် ထိရောက်စွာ အသုံးချနိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ထက်လျှံ)