နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိ

နေပြည်တော် ဇူလိုင် ၁၉

 

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ အတည်ပြု လူနာများထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိပြီး ခန်းမအပေါ်ထပ်တွင် ခုတင် ၁၇၅ လုံး၊ မြေညီထပ်တွင် ခုတင် ၂၉၇ လုံး၊ မြေအောက်အထပ်တွင် ခုတင် ၁၄၄ လုံးနှင့် ခန်းမဘေးရှိ ကျောက်စိမ်းပြခန်းဆောင် ၉ ခုတွင် ခုတင် ၈၈၄လုံး ပြင်ဆင် လျက်ရှိကြောင်း သိရှိရသည်။

 

“အခုနောက်ပိုင်းမှာ နေ့စဉ် လူနာက ၂၀၀ ကျော်ကနေ ၃၀ကျော် များပြားလာတဲ့အတွက် Positive Center ထပ်မံ ရှာဖွေ ဖော်ထုတ်တဲ့အခါမှာ မဏိရတနာ ကျောက်စိမ်းခန်းမကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုခွင့်ရခဲ့ပါတယ်။ ကုသရေး ဆေးအဖွဲ့အနေနဲ့ တပ်မတော်ဆေးအဖွဲ့က ဆောင်ရွက်မှာဖြစ်ပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်တဲ့ ပစ္စည်း၊ စက်ပစ္စည်း ကိရိယာတွေ၊ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု နေပြည်တော် ပြည်သူ့ ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က ပြောကြားသည်။

 

ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် မဏိရတနာ ကျောက်စိမ်းခန်းမကို Positive Center အဖြစ် အသုံးပြုရန် စီစဉ်နေမှုနှင့် စပ်လျဉ်း၍ “ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ပထမတော့ ဆေးရုံတွေမှာ ကုသပေးတယ်။ နောက်ပိုင်း များပြားလာတဲ့အခါမှာ ဆေးရုံတွေအပြင် Center တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာ (၂) မှာ လက်ခံပေးတယ်၊ ဝင်ဆံ့အင်အား (၈၀၀) ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ထပ်မံများပြားလာတဲ့အတွက် စည်ပင်ဧည့်ရိပ်သာ (၁)ကို Positive Center အဖြစ်သုံးစွဲတယ်၊ ဝင်ဆံ့ အင်အား (၉၀၀) ဖြစ်ပါတယ်။ အခုလူနာများ ပြားလာတဲ့အတွက် နေပြည်တော်ကောင်စီကြီးကြပ်မှုနဲ့ ပြင်ဆင်နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

အဆိုပါ ကျောက်စိမ်းခန်းမတွင် တပ်မတော်မှ အထူးကုသမားတော်ကြီးများ ဦးဆောင်၍ တပ်မတော်ဆရာဝန်၊ သူနာပြု ၂၄ ဦးက အဖွဲ့ ၂ ဖွဲ့ခွဲကာ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ကိုဗစ်-၁၉ လူနာများကို စောင့်ရှောက် ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမင်းအောင်(သတင်းစဉ်)