နေပြည်တော်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ငွေကျပ် သိန်းနှစ်ထောင်ကျော် ထောက်ပံ့

နေပြည်တော်      စက်တင်ဘာ       ၉

 

နေပြည်တော်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က “နေပြည်တော်အတွင်း တည်ထောင်ခွင့်ပြုမိန့် ရရှိထားသည့် ဘိုးဘွားရိပ်သာ နှစ်ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ငါးခု၊ စေတနာ့ဝန်ထမ်း အမျိုးသမီးဂေဟာ နှစ်ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၅၅ ကျောင်းတို့ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအနေနဲ့ လူမှုဝန်ထမ်း ဦးစီးဌာနက ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာကြပြီး မိမိတို့ အဖွဲ့အစည်း မိမိတို့ စောင့်ရှောက်ထားသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးများရဲ့ ဘဝ အမှန်တကယ် တိုးတက်ကြီးပွား ဖွံ့ဖြိုးစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ထောက်ပံ့ကြေး ပေးအပ်ရခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ရှိ ပရဟိတဂေဟာ ငါးခုအတွက် ထောက်ပံ့ငွေ ကျပ် ၁၁၇၈၇၆၀၀ဝ ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က လည်းကောင်း၊ နေပြည်တော် ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၃၇ ကျောင်းအတွက် ထောက်ပံ့ငွေ ကျပ် ၃၉၂၂၀၀၀၀ ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လည်းကောင်း၊  နေပြည်တော် ပျဉ်းမနားခရိုင်နှင့် လယ်ဝေးခရိုင်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၈ ကျောင်းအတွက် ထောက်ပံ့ငွေ ကျပ် ၁၉၀၈၀၀၀၀ ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လည်းကောင်း၊  နေပြည်တော်ရှိ အမျိုးသမီးဂေဟာ နှစ်ခုအတွက် ထောက်ပံ့ငွေ ကျပ် ၁၅၇၆၈၀၀ဝ ကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင် ဦးမောင်မောင်နှင့် နေပြည်တော်ရှိ ဘိုးဘွားရိပ်သာ နှစ်ခုအတွက် ထောက်ပံ့ငွေ ကျပ် ၁၁၅၃၈၀၀ဝ ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်က လည်းကောင်း စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၀၃၄၈၂၀၀၀ ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာ၊ အမျိုးသမီးဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၏ကိုယ်စား စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဦးနိုင်အောင်ချစ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်ကိုကို(ပြန်/ဆက်)