နေပြည်တော်ရေပန်းဥယျာဉ် ပန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

articles_advs

နေပြည်တော် ၁၄ ဖေဖော်ဝါရီ

 

နေပြည်တော်တွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် နေပြည်တော်ရေပန်းဥယျာဉ် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီတွင် နေပြည်တော်ရေပန်း ဥယျာဉ်အတွင်း ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဦးအေးမောင်စိန်နှင့် ဦးညီထွန်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်းမြတ်ထွန်း ကုမ္ပဏီတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာ စကားပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီဝင် ဦးမင်းသူနှင့်  ရေပန်းဥယျာဉ်ကို နှစ်ရှည်ငှားရမ်းလုပ်ကိုင် ဆောင်ရွက်ခွင့် တင်ဒါအောင်မြင်ထားသည့် ဆန်းမြတ်ထွန်းကုမ္ပဏီ ဥက္ကဋ္ဌဒေါက်တာ နေလင်းထွန်းတို့က ပန်းပွဲတော်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြသည့် တာဝန်ရှိသူများသည် ရေပန်းဥယျာဉ်အတွင်း ပန်းများဆင်ယင် ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

mdn

 

နေပြည်တော်တွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၃၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ရာ ပန်းမျိုးစိတ်ပေါင်း သုံးဆယ်ခန့်နှင့် ပန်းပင်ပေါင်း နှစ်သိန်းကျော်ကို ခင်းကျင်း ပြသထားရှိကြောင်း သိရသည်။

 

ထို့ပြင် ပန်းပွဲတော်အတွင်း နိုင်ငံကျော်အဆိုတော်များက မတ်လ ၃၁ ရက်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် အခမဲ့သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟိန်းမင်းစိုး