နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်၃၀ဝ)၏ ဆေးရုံအမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲကျင်းပ

နေပြည်တော်  ၃၀  မေ  


    
နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀ဝ)၏ ဆေးရုံအမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲကို ယနေ့နံနက် (၈) နာရီတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပရာ ပြင်ပလူနာ ဌာနရှေ့တွင် ဆေးရုံအမည်သစ်ဆိုင်းဘုတ်အား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်သူ့ လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုအဆင့် ဆေးရုံများကွပ်ကဲရေးမှူး၊ ဆေးရုံအုပ်ကြီး(ပူးတွဲတာဝန်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယဉ်သန္တာလွင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး ဆေးရုံအမည်သစ်ကမ္ဗည်းမော်ကွန်း ကြေးပြားကို အမွှေးနံသာရည် များဖြင့် ပက်ဖျန်းကြသည်။

 

0kl

    

 


ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယခုအမည် သစ်ပြောင်းလိုက်သည့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင် ၃၀ဝ) အနေဖြင့် ယခင်ကတည်းက အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများသာမက အနယ်နယ်အရပ်ရပ်က ပြည်သူများကိုပါ ကျန်းမာရေး ပြုစုစောင့်ရှောက် မှုပေးနေသည့်အတွက် ပိုမိုပြီးပြုစုစောင့်ရှောက်မှုပေးနိုင်စေရန် ကောင်းသော ရည်ရွယ်ချက်ဖြင့် ပိုမိုသင့်လျော်သော အမည်ကို ပြောင်းလဲခဲ့ခြင်းသာဖြစ်ပါကြောင်း၊

 
    
ပြောင်းလဲလိုက်သော ဆေးရုံအမည်သစ်နှင့်အညီ ပိုမိုတိုးတက်ပြီး ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေးအတွက် လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်နေ သေးကြောင်း၊ ဝန်ထမ်းအင်အား၊ စက်ပစ္စည်းအင်အားနှင့် ဆေးဝါးပစ္စည်းတို့ကိုလည်း ထပ်မံဖြည့် ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊


    
ဤဆေးရုံကြီးအနေဖြင့်လည်း ပုံမှန်ဆေးကုသမှုလုပ်ငန်းများအပြင် မိမိတို့ဝန်ထမ်းများက စေတနာရှေ့ထားပြီး သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု၊ ဆီးချိုသွေးချိုရောဂါကုဆေးခန်း၊ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေသည်ကို တွေ့ရသည့် အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊


    
ဆေးရုံအကျယ်အဝန်းမှာ (၅၂) ဧက ရှိသည့်အတွက် ဆေးရုံအဆင့်မြှင့်တင်ရန် အခြေခံ အဆောက်အဦများ၊  ဝန်ထမ်းနေအိမ်လိုင်းခန်းများကိုလည်း တိုးချဲ့ဆောက်လုပ်ရန် အလားအလာ ကောင်းမွန်သည့် ဆေးရုံကြီးတစ်ရုံဖြစ်ပါကြောင်း၊ လူနာများပြုစုစောင့်ရှောက်မှုသာမက လူနာစောင့် များ နားနေရန် အဆောက်အဦကိုလည်း ဆောက်လုပ်ပေးထားပြီးဖြစ်သည့်အတွက် ရေရှည်တည်တံ့ ခိုင်မြဲစေရန် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ဗဟိုအဆင့်ဆေးရုံများကွပ်ကဲရေးမှူး၊ ဆေးရုံအုပ်ကြီး(ပူးတွဲတာဝန်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်သန္တာလွင်က နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်၃၀ဝ)၏ ဆေးရုံအမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွာများ ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။

 

(သတင်းစဉ်)