နေပြည်တော်၌ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(Seed Balls)များ ကြဲချစိုက်ပျိုး

နေပြည်တော် ဇူလိုင် ၁၅

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သစ်တောပြုန်းတီးနေသော နေရာ(၅)နေရာ၌ ရဟတ်ယာဉ်ဖြင့် သစ်စေ့ မြေလုံးများ ကြဲချစိုက်ပျိုးသည်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာ ဆင်သေကြိုးဝိုင်းရှိ နေရာ(၅)နေရာ (၈၂ ဒသမ ၅) ဧက၌ ဒေသနှင့် ကိုက်ညီသော မြန်မာကုက္ကိုလ်၊ သင်္ဘောကုက္ကိုလ်၊ စစ်၊ စိန်ပန်း၊ မယ်ဇလီ၊ ဘောစကိုင်း၊ ဘုံမဲဇာ၊ မန်ဂျန်ရှားနှင့် ရေသကျည်း သစ်စေ့မြေလုံး (၁)သိန်းကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သစ်စေ့ကြဲချစိုက်ပျိုးခြင်း အောင်မြင်ရှင်သန်မှု အခြေအနေများကို ဒီဇင်ဘာလတွင် နမူနာကွက် ပြုလုပ်၍ စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်