နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၆

 

နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအ စည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။  

 

အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌများ၊ Pioneer Airodrome Services Co., Ltd နှင့် လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ခရီးသွား ကုမ္ပဏီများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး  ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ကားလမ်းခရီး၊ ရထားလမ်း ခရီးသာမက လေကြောင်းခရီးဖြင့်ပါ လွယ်ကူစွာသွားလာလည်ပတ်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများ၊ ညီလာခံများနှင့် ကုန်စည်ပြပွဲများကျင်းပရန် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာများ၊ နိုင်ငံတကာအဆင့်မီဟိုတယ်ကြီးများနှင့် တည်းခိုရိပ်သာများရှိ သော နေပြည်တော်ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဉ် ဒေသတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အပါအဝင် ဘုရားပုထိုးစေတီများ၊ သဘာဝရှုမျှော်ခင်းများ၊ အပန်းဖြေဥယျာဉ်များနှင့် ပြတိုက်များ စသဖြင့် ခရီးသွားဆွဲဆောင်ရာ နေရာ (၃၈) ခုရှိပါကြောင်း။

 

ထိုကဲ့သို့ အခြေခံကောင်းများစွာရှိသည့် နေပြည်တော်ကို ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်စေရန် ဈေးကွက်ရှာဖွေမြှင့်တင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆွဲဆောင်မှု ပိုမိုကောင်းမွန်သော ဦးစားပေးနေရာ များရွေးချယ်၍ ခရီးစဉ်လမ်းကြောင်းများရေးဆွဲခြင်း၊ Promotion Campaign အစီအ စဉ်များ ရေးဆွဲခြင်းတို့ကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ စနစ်တကျအကောင်အထည် ဖော်နိုင်ရန် ယနေ့အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် နေပြည်တော်၏ခရီးသွား မြှင့်တင်ရေး အစီအစဉ်နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေ လိုကြောင်းပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်များ၊ ခရီးသွားဆွဲဆောင်ရာနေရာများ၊ Promotion Campaign အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသူများက နေပြည်တော်၏ ခရီးသွားမြှင့်တင်ရေး အစီအစဉ်နှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)