နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရ သစ်ပင်များစိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး စိုက်ပျိုးမည့်နေရာများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် မေ ၂၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များ စိုက်ပျိုး နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှ အေလာလေဆိပ်အဝင်လမ်းအထိ မြို့ရှောင်လမ်း လမ်းဘေးဝဲ/ယာတစ်လျှောက် အပင်များစိုက်ပျိုးရာတွင် လမ်းနှင့်ကပ်လျက်အတန်းကို ကုက္ကိုလ်ပင်စိုက်ပျိုးပြီး ဒုတိယတန်းကို စိန်ပန်းကြီးစိုက်ပျိုးရန်နှင့် တတိယတန်းကို ကုက္ကိုလ်ပင် စိုက်ပျိုးနိုင်ရေး တက်ရောက်လာသော တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက်စေလိုကြောင်း၊ မိုးရာသီအမီ သစ်ပင်များစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနများ အနေဖြင့် စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သစ်ပင်စိုက်ရုံဖြင့်မပြီးဘဲ အောင်မြင်ဖြစ်ထွန်းအောင်လည်း စနစ်တကျ ပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်း၊ ပင်ကြားနှင့်တန်းကြားများ စနစ်တကျ သေသေသပ်သပ်နှင့် အမြင်တင့်တယ်စွာ စိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း၊ မြေဆွေးနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီမှ မြေဆွေးများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ရေရှည်အတွက် စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့က လမ်းဘေးဝဲ/ယာ တစ်လျှောက် အရိပ်ရသစ်ပင်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များက  လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များ စိုက်ပျိုးပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှ အေလာလေဆိပ် အဝင်လမ်းအထိ မြို့ရှောင်လမ်း လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာနများ က အရိပ်ရအပင်များစိုက်ပျိုးထားရှိမှုနှင့် မိုးရာသီတွင် စိုက်ပျိုးရန်အသင့်ပြင်ဆင်ထားသည့် နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက စိုက်ပျိုးပြီးစီးမှုနှင့် လစ်လပ်နေရာများတွင် ဆက်လက်စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများ၊ မိုးရာသီတွင်အပင်များ အမြန်ဆုံးရှင်သန်အောင် စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် စီမံချက်ရေးဆွဲထားခြင်း၊ သစ်တောဦးစီးဌာနက လိုအပ်သည့် ပျိုးပင်များ ပံ့ပို့းပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးထားရှိသည့် အပင်များနှင့် ဆက်လက်စိုက်ပျိုးမည့်အပင်များ ရှင်သန်ပြီး အောင်မြင်ဖြစ်ထွန်းစေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကိုမှာကြားခဲ့ပြီး မြို့ရှောင်လမ်းနှင့် လေဆိပ်လမ်းဆုံမှ လေဆိပ်အထိ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ၍ လမ်းဘေး ဝဲ/ယာတစ်လျှောက် နှစ်ရှည်ပင်များ၊ ရာသီပန်းပင်ငယ်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လစ်လပ်သည့်နေရာများတွင် ယခုမိုးရာသီ၌ အပြီးစိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူ များကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)