နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ရေးနှင့် ဘူးကွဲချောင်း မြေထိန်းနံရံ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော် မေ ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းများပြန်လည်ဖွစ်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ခန်းပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်တွင် ဘင်ခရာသင်တန်း ဖွင့်လှစ်သင်ကြားနေမှု၊ ကျောင်းသား၊ ကျောင်းသူများလေ့လာ သင်ကြားနိုင်ရန်အတွက် ကွန်ပျူတာခန်းနှင့် စာပေဖတ်ရှု လေ့လာနိုင်ရန်အတွက် ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ထားရှိများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာကြည့်တိုက်များတွင် ၃၈ ဖြာမင်္ဂလာကဗျာများ၊ စာကြည့်တိုက်နှင့် ပတ်သက်သည့် ဆောင်ပုဒ်များနှင့် အဆိုအမိန့်များထားရှိရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ အမှိုက်များကို စနစ်တကျစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဆောင်ရွက်ပေးရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး ကျောင်းစာကြည့်တိုက်အတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၃) သို့ရောက်ရှိပြီး ကျောင်းစာကြည့်တိုက်နှင့် ကျောင်းစာသင်ခန်းများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းစာကြည့်တိုက်အတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ခတ္တာလမ်း၊ ဘူးကွဲချောင်း မြေထိန်းနံရံတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက် (နယ်မြေ-၁၀)အတွင်းရှိ သုတဘဏ်စာကြည့်တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက်တွင် ရပ်ကွက်အတွင်းရှိ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်အတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်