နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော် သူနာပြုသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသားများအား နေပြည်တော်ကောင်စီမှ ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သူနာပြုသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသည့် တတိယနှစ်သင်တန်းသား၊ သင်တန်းသူများအား နေပြည်တော်ကောင်စီမှ ရိက္ခာများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် သူနာပြု သင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကမ္ဘာတွင် ကိုဗစ်- ၁၉ ကပ်ရောဂါကို တွန်းလှန်နေသည့်ကာလဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများက ပြည်သူတို့၏ အသက်များစွာ ကယ်တင် စောင့်ရှောက်နိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ သူနာပြုတစ်ယောက်အနေဖြင့် တတ်သိနားလည်ရမည့် ပညာရပ်များအားလုံးကို လေ့လာသင်ယူပြီး မိမိတာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ တတ်သိပညာဖြင့် နိုင်ငံနှင့်လူမျိုး၏ ကျန်းမာရေးကဏ္ဍကို တစ်ထောင့်တစ်နေရာမှ ကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော် သူနာပြုသင်တန်းကျောင်း တတိယနှစ်သင်တန်းသား (၆၇)ဦးနှင့် သင်တန်းကြီးကြပ်ဆရာ(၄)ဦး အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ရာ  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

(သတင်းစဉ်)