နေပြည်တော်ကောင်စီဥက္ကဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်  ၂၀ မေ 

၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား အသက် (၂၅) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ လေးယောက်တွဲဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းနှင့် ဇမ္ဗူသီရိမြို့နယ်လက်ရွေးစင် ပိုက်ကျော်ခြင်း အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ် လက်ရွေးစင်ပိုက်ကျော်ခြင်း အသင်းက (၂-၁)ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

11

 

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်ပရာ နေရာအလိုက်အကောင်းဆုံးကစားသမား ဆုများကို ဇမ္ဗူသီရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများမှလည်းကောင်း၊ နှစ်ဦးတွဲ၊ သုံးဦးတွဲနှင့် လေးဦးတွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မြို့နယ်များအား တစ်ဦးချင်း ဆုတံဆိပ်များကို နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများမှလည်းကောင်း ငွေသားဆုများကို နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာန ဦးစီးမှူး ဦးထိန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။    

 

22

 

ထို့နောက် ၂၀၁၉ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား အသက် (၂၅) နှစ်အောက် မြို့နယ် ပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ် (၁) ခုရရှိသည့် ဇမ္ဗူသီရိမြို့နယ် လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

 

33

 

၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား အသက် (၂၅) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေ (၁၄) ရက်နေ့မှ  မေ (၂၀) ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တို့မှ အသင်း(၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ နှစ်ဦးတွဲ၊ သုံးဦးတွဲနှင့် လေးဦးတွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဇမ္ဗူသီရီမြို့နယ် လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းမှ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)၊ တပ်ကုန်းမြို့နယ် လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)နှင့် ဇေယျာသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းများက ကြေးတံဆိပ်တစ်ခုစီအသီးသီး ဆွတ်ခူးရရှိသွားကြောင်းသိရသည်။ 

စိုးမိုး(ပြန်/ဆက်)