နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ တောင်သူ(၄၂)ဦးအားလယ်ယာမြေလျော်ကြေးငွေကျပ် ၁၃ဝဒသမ ၄၈၈ သန်း ပေးအပ်

နေပြည်တော်   ၆    မတ်

 

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရ သီရိမြို့နယ်တို့မှ တောင်သူ(၄၂)ဦးတို့အား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်မြို့တော်ခန်းမ၌  ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က တောင်သူလယ်သမား၏ ဘ၀နှင့်ရင်းထားသည့် လယ်မြေများသည် ငွေကြေးဖြင့် တန်ဖိုးဖြတ်၍မရသည်ကို မိမိတို့ သဘောပေါက်ပါကြောင်း၊ မိမိတို့ အနေဖြင့် ငွေကြေးဖြင့် တိုင်းတာခြင်းမျိုးမဟုတ်ဘဲ သင့်တင့်သည့် ဂရုဏာကြေး ပေးအပ်ခြင်းသာဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ငွေကြေးဖြင့်တန်ဖိုး မဖြတ်ဘဲ မြို့ပြတွင်ရရှိသည့် အကျိုးကျေးဇူးများကိုလည်း ထည့်သွင်းဖြေသိမ့်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင် ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊  နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များက   တောင်သူများအား မြေယာလျော် ကြေးငွေများကို တစ်ဦးချင်းထံ ပေးအပ်ကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ယနေ့ လယ်ယာမြေလျော်ကြေးငွေ ပေးအပ်ပွဲတွင်  တောင်သူ ၄၂ ဦး၏ မြေဧက (၁၂ဝဒသမ၃၈)ဧကအတွက် လျော်ကြေးငွေကျပ် ၁၃ဝ ဒသမ ၄၈၈ သန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်ကောင်စီအနေဖြင့် လက်ရှိအစိုးရ လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်၌ တောင်သူ ၃၁၂ ဦး၏ မြေဧက ၈၄၄ ဒသမ ၀၇၈ အတွက် လျော်ကြေး ငွေကျပ်  ၈၇၅ ဒသမ ၆၈၁၅ သန်းကို လည်းကောင်း၊  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ တောင်သူ ၄၂ ဦး၏ မြေဧက ၉၁ ဒသမ ၁၇ အတွက် လျော်ကြေးငွေကျပ်  ၉၉ ဒသမ ၉၆၅ သန်း ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ တောင်သူ ၅၀ ဦး၏ မြေဧက ၂၂၁ ဒသမ ၇၂၈ အတွက် မြေယာလျော်ကြေး ငွေကျပ်  ၁၂၁ ဒသမ ၉၇၄၄၆၇၄ သန်းကို လည်းကောင်း၊  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ပထမအကြိမ်အဖြစ် တောင်သူ ၂၂ ဦး၏ မြေဧက ၁၁ဝ ဒသမ ၇၆ အတွက်  လျော်ကြေးငွေကျပ်  ၁၁၂ ဒသမ ၆၉၂ သန်းကို လည်းကောင်း ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်