နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေထီးတော်ကြံ့ခိုင်မှု စစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ငလိုက်ချောင်းတစ်လျှောက်တွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းနှင့် ကန်တော်မင်္ဂလာ ရှမ်းကန် အဆင့်မြှင

 

နေပြည်တော်၊ ဧပြီ ၂၉

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေထီးတော်ကြံ့ခိုင်မှု စစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဂေါပကအဖွဲ့ရုံးခန်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပ္ပါတန္တိစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် ပညာရှင်များတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရွှေထီးတော် ကြံ့ခိုင်မှုအား စစ်ဆေးရန်အတွက် ရွှေထီးတော်ကြံ့ခိုင်မှုစစ်ဆေးရေး ဆပ်ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး ထီးတော်စစ်ဆေးခြင်း မဆောင်ရွက်ရသည်မှာ (၁၀) နှစ်တာ ကာလခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် ထီးတော်စစ်ဆေးရန် ဖွဲ့စည်းပေးထားသည့် အဖွဲ့အနေဖြင့် ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များအလိုက် သေသေချာချာစစ်ဆေးကြရန် လိုအပ်ကြောင်း၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့စေရေးအတွက် ထပ်မံတိုးမြှင့်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြင်ဆင်ရမည့် လုပ်ငန်းများရှိပါက စနစ်တကျ တင်ပြဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က အလှူငွေ ရရှိမှုကိုလည်းကောင်း၊ ရွှေထီးတော် ကြံ့ခိုင်မှုစစ်ဆေးရန် စစ်ဆေးရေးဆပ်ကော်မတီ အတွင်းရေးမှူး ဥပ္ပါတန္တိစေတီတော်ဂေါပကအဖွဲ့ ဦးထွန်းကြည်နှင့် ဆပ်ကော်မတီအဖွဲ့ဝင်၊ ဦးအောင်မြတ် (ပညာရှင်)၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း (ငြိမ်း) တို့က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အမှတ် (၈၅) တံတားအနီး ငလိုက်ချောင်းတစ်လျှောက်တွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ငလိုက်ချောင်း ချောင်းကမ်းပါးများတွင် မြေယာရှုခင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တ ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်စေလိုကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော မြန်မာမှုလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား အမြဲမပြတ် သန့်ရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ထိထိရောက်ရောက်ဖြင့် အကျိုးသက်ရောက်မှု ရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများကိုမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

mdn