နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဒက္ခိဏသီရိမြို့နယ်ရှိ မြေကွက်လွတ် ၁၉၇ ကွက်ကို ပထမအကြိမ် အဖြစ် ဈေးနှုန်းလျော့ရောင်းချ

နေပြည်တော် ၁၈ နိုဝင်ဘာ

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ  ဒက္ခိဏသီရိမြို့နယ်ရှိ ပေ(၈၀x၈၀) မြေကွက်လွတ် ၁၉၇ ကွက်ကို ပထမအကြိမ်အဖြစ် ယခင်သတ်မှတ်ဈေးနှုန်းငွေကျပ် သိန်း ၃၅၀ မှ ငွေကျပ် သိန်း ၂၅၀ သို့ ဈေးနှုန်းလျှော့၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါမြေကွက်များကို တစ်ဦးလျှင် မြေကွက်တစ်ကွက်သာ လျှောက်ထားဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး ဝယ်ယူခွင့်ရရှိပါက  သတ်မှတ်မြေတန်ဖိုးငွေကို တစ်ကြိမ်တည်းဖြင့် အပြေအကျေ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြေကွက်စတင်ချထားသည့်ရက်မှ  ခြောက်လအတွင်း ခြံစည်းရိုးကာရံခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး တစ်နှစ်အတွင်း အိမ်အပြီး ဆောက်လုပ်ရမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ   သိရသည်။

 

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စု လူဦးရေ စာရင်းမိတ္တူ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံချက်၊ ၆ လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့ အရွယ်ရောင်စုံ လိုင်စင်ဓာတ်ပုံ ၂ ပုံတို့ ပူးတွဲလျှောက်ထားရမည်ဖြစ်သည်။

 

အဆိုပါ မြေကွက်များကို မဲစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး လျှောက်လွှာများကို  ဒီဇင်ဘာ ၁ ရက်မှ  ၃၀ ရက်အထိ ရုံးချိန်အတွင်းလျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန ဖုန်း  ဝ၆၇-၃-၄၁၄၂၉၂၊ ဝ၆၇-၃-၄၁၄၂၆၃ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

MDN