နေပြည်တော်အဝင်ဂိတ်မှ ဖြတ်သန်းသွားကြသည့် အပန်းဖြေသူအချို့၏ စကားသံ

နေပြည်တော် ၄ မတ်

 

ရုံးပိတ်ရက် လေးရက်ဆက်တိုက် ရရှိသည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများ မိသားစုအလိုက်၊ မိတ်ဆွေအပေါင်းအသင်း အုပ်စုအလိုက် ပျော်ရွှင်စွာ အပန်းဖြေ သွားလာနေကြရာ နေပြည်တော်အဝင်ဂိတ်မှ ဖြတ်သန်းသွားသူ အချို့အား သွားရောက်တွေ့ဆုံ မေးမြန်းထားသည်များကို တင်ပြအပ်ပါသည်။

 

 

ဒေါ်ခင်စန်း (ပဲခူးမြို့)

အားလပ်ရက်ရှည်မှာ မိသားစုလိုက် ခရီးထွက်လာတာပါ။ နေပြည်တော်ထဲမှာတော့ လည်ပတ်ပြီးပါပြီ။ နေပြည်တော်တိုးဂိတ်မှာ တစ်ထောက်နားပြီး မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယကို ဆက်ပြီး ဘုရားဖူးသွားမှာပါ။ အခုလို ပိတ်ရက်မှာ မိသားစု စုံစုံလင်လင်နဲ့ အပန်းဖြေခရီး ထွက်ရတဲ့အတွက် ဝမ်းသာမိတာတော့ အမှန်ပါပဲ။ ဒီလို လေးရက်ဆက်တိုက် ပိတ်ဖို့ကလည်း လွယ်တာမဟုတ်ဘူးလေ။ ဘုရားတွေဖူးရတာလည်း ကုသိုလ်ရလို့ ကျေနပ်မိပါ တယ်။

 

 

 

ဒေါ်ရင်ရင်မြင့် (ရန်ကုန်မြို့)

ကျွန်မတို့က ရန်ကုန်ကနေ နေပြည်တော်ကို လာရောက်လည်ပတ်တာပါ။ နေပြည်တော်ကို ရောက်ဖူးတာ အခုနဲ့ဆို သုံးခါမြောက်ရှိပါပြီ။ တိုးဂိတ်မှာ ထမင်းစားနားပြီး နေပြည်တော်က ဗုဒ္ဓဂယာ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ကို ဖူးပါမယ်။ ရေပန်းဥယျာဉ်နဲ့ အခြားထင်ရှားတဲ့ နေရာတွေကို သွားလည်ပါမယ်။ နေပူပေမယ့် ပိတ်ရက်မှာ မိတ်ဆွေတွေနဲ့ အခုလိုလည်ပတ်ရတာ ပျော်ဖို့ ကောင်းပါတယ်။ နောက်ထပ် ပိတ်ရက်ရှည်ရှိရင်လည်း လာဖြစ်ဦးမှာပါ။

 

 

 

မောင်ကျော်မင်းခန့် (ရန်ကုန်မြို့)

ကျွန်တော်က ရန်ကုန်ကပါ သူငယ်ချင်းတွေနဲ့ နေပြည်တော်ကို လာရောက် လည်ပတ်ခြင်း ဖြစ်ပါတယ်။ နေပြည်တော်ကို လာချင်နေတာ ကြာပါပြီ။ အခုက ပိတ်ရက်ရှည်တာရယ်၊ သူငယ်ချင်းတွေကလည်း စုံနေတာရယ်ကြောင့် လာရောက်လည်ပတ်ဖြစ်တာပါ။ ရေပန်းဥယျာဉ်ကို တီဗွီထဲမှာပဲ ကြည့်ဖူးခဲ့တာ။ အခုကိုယ်တိုင်သွားရတော့မှာဆိုတော့ ပျော်ပါတယ်။ ပိတ်ရက် ရက်ရှည်ကြုံတိုင်း မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ် ခရီးအမြဲထွက်ဖြစ်ပါတယ်။

 

 

 

ဦးသန့်ဇော်ထွန်း (ရန်ကုန်မြို့)

နေပြည်တော်တော့ အမြဲတမ်းလာဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော် အတွင်းမှာရှိတဲ့ ဘုရားတွေနဲ့ လည်ပတ်စရာ နေရာတွေကိုတော့ စုံအောင် မရောက်သေးပါဘူး။ ဒါကြောင့် နေပြည်တော်မှာလည်း အမျိုးတွေရှိတာရယ်၊ လေးရက်ဆက်တိုက် ပိတ်ရက်နဲ့လည်း ကြုံလာတဲ့အတွက် မိသားစုနဲ့ အတူတူ လာရောက်လည်ပတ်ခြင်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ဗုဒ္ဓဂယာဘုရားဖူးပါမယ်။ တိရစ္ဆာန်ရုံ၊ တိုင်းရင်းသားကျေးရွာတွေကို လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ အရင်တစ်ခေါက်က မန္တလေး၊ စစ်ကိုင်း၊ မုံရွာဘက်ကို ဘုရားဖူးသွားဖြစ်ပါတယ်။

 

 

 

မကြူကြူခိုင် (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

အလုပ်ပိတ်ရက်မှာ မိသားစုနဲ့အတူ လွတ်လွတ်လပ်လပ် ထွက်ရတော့ ပျော်စရာလည်း ကောင်းပါတယ်။ ဝန်ထမ်းဆိုတော့ ဒီလိုရက်ရှည် ပိတ်ရက်မှာပဲ ခရီးသွားဖြစ်တာပါ။ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန်းရွှေစက်တော်၊ မကွေးမြို့အနှံ့ ဘုရားဖူးပြီး ပြန်လာတာပါ။ နောက်ဆုံးအနေနဲ့ နေပြည်တော်ကို ဝင်တာပါ။ နေပြည်တော်မှာ ထင်ရှားတဲ့ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ မဟာသကျရံသီ၊ ဗုဒ္ဓဂယာဘုရားဖူးပြီး မိသားစုဝင်တွေက ပြန်ကြမှာပါ။ ကျွန်မကတော့ နေပြည်တော်မှာ တာဝန်ကျတာဆိုတော့ ဒီမှာပဲ နေခဲ့မှာပါ။

 

 

 

မလင်းထက်ဇော် (ဆရာမ)

နွေရာသီပိတ်ရက်ရောက်မှပဲ ခရီးသွားဖြစ်ပါတယ်။ အခုလို အလုပ်နားရတဲ့ အချိန်လေးမှာ ခရီးထွက်ရတော့ ပျော်ပါတယ်။ အတွေ့အကြုံအသစ်တွေ၊ နေရာအသစ်တွေကို ရောက်ပါတယ်။ အလောင်းတော်ကဿပဘုရား သွားဖူးပါတယ်။ မန္တလေး၊ မုံရွာ၊ စစ်ကိုင်းမြို့တွေမှာရှိတဲ့ အထင်ကရ ဘုရားတွေ၊ နေရာတွေ အစုံဖူးခဲ့ပါတယ်။ တိုးဂိတ်မှာ ထမင်းစားနားတာပါ။ နေပြည်တော်က ဗုဒ္ဓဂယာ ဘုရားဖူးပြီးရင် ပြန်တော့မှာပါ။

 

အမေးအရေး-အောင်ရဲသွင်၊ ဓာတ်ပုံ - ကိုအေးသန်း