နေပြည်တော်အတွင်းရှိမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပရိတ်တရားတော်၊ ပဌာန်းဒေသနာတော်များ အန္တရာယ်ကင်းဂါထာတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်ပွဲ ကျင်းပ

ပျဉ်းမနား  ၂၈  စက်တင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကင်းစင် ပပျောက်စေရန် ရည်ရွယ်၍  နှစ်ကျိပ်ရှစ်ဆူဘုရားများပင့်ဆောင်ကာ နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ   မဟာရဌဂုရု ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ မဟာထေရ် အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်တို့မှ ပုရိတ်တရားတော်၊ ပဌာန်း ဒေသနာတော်များ အန္တရာယ်ကင်းဂါထာတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီတွင်  မော်တော်ယာဉ်များဖြင့် စတင်ကာလှည့်လည်ပူဇော်ကြောင်း သိရသည်။

 

ထိုသို့ ပရိတ်တရားတော်၊ ပဌာန်းဒေသနာတော်များ အန္တရာယ်ကင်းဂါထာတော်များ လှည့်လည် ရွတ်ဖတ်ပူဇော်ပွဲတွင် နိုင်ငံတော်ဩဝါဒ စရိယ အဘိဓဇ မဟာရဌဂုရု ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ မဟာထေရ်က ငါးပါးသီလတရားတော် များကို ချီးမြှင့်ပေးတော်မူပြီး၊ ဆရာတော်၊ သံဃာတော်များအား “စိုး’’လျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းနှင့် အမှုဆောင်များက လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် နိုင်ငံတော်ဩဝါဒ စရိယ အဘိဓဇ မဟာရဌဂုရု ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ မဟာထေရ် အမှူးပြုကာ တောင်သုံးလုံး ဆရာတော် အရှင်ဝေပုလ္လ၊ ရန်ကင်းတောရ(သပြေပင်)ဆရာတော် အရှင်ခေမာနန္ဒ၊ ထန်းတစ်ပင်တောရ ဆရာတော် အရှင်ကေဝလ၊ ရွှေစေတီတောရ ဆရာတော် အရှင်ဣဿရိယ၊ အုန်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တိဿနှင့် သံဃာတော်အရှင်သူမြတ်တို့မှ  နေပြည်တော် အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများပင့်ဆောင်ကာ ပရိတ်တရားတော်၊ ပဌာန်း ဒေသနာတော်များ အန္တရာယ်ကင်းဂါတာတော်များကို စက်တင်ဘာ ၂၇ ရက်မှ စက်တင်ဘာ ၂၈ ရက်နေ့ အထိ မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)