နေပြည်တော် ရေပန်းဥယျာဉ်တွင် ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သဖြင့် အထူးစည်ကား

နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ မြန်မာနိုင်ငံအနှံ့ အပြားမှ ခရီးသွားပြည်သူများသာမက နိုင်ငံခြားခရီးသွားဧည့်သည်များပါ ပန်းပွဲတော်အတွင်း စိုက်ပျိုးထားရှိသည့်ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံတို့၏ အလှကို ခံစားအပန်း ဖြေရင်း လာရောက်လည်ပတ်ကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
 
အဆိုပါပန်းပွဲတော်တွင် ဒီဇိုင်းပညာရှင်များက ပန်းအမျိုးအစားပေါင်း သုံးဆယ်ကျော်ဖြင့် ပန်းပြကွက်မျိုးစုံကို ပန်းပင်ပေါင်း ၂ သိန်းခွဲခန့်ဖြင့် စိုက်ပျိုးခင်းကျင်းပြသထားပြီး ပန်းပွဲတော် အတွင်း ခင်ကျင်းပြသထားသော ပန်းများတွင် ပန်းအစစ် (၉၀) ရာခိုင်နှုန်းနှင့် ပန်းအတု (၁၀) ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။

ပန်းပွဲတော်အတွင်း ဖျော်ဖြေရေး အစီအစဉ်အဖြစ် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများကိုလည်း မတ် ၃၁ ရက်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွနေ့များတွင် ကျင်းပသွားမည့်အပြင် ကလေးကစားကွင်း၊ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်သည့်နေရာများ၊ ပြဇာတ်၊ အငြိမ့်၊ ယဉ်ကျေးမှုပြပွဲနှင့် ပြည်သူများကိုယ်တိုင်ပါဝင် ဆင်နွှဲနိုင်မည့် အစီအစဉ်များကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပန်းပွဲတော်သို့ တောင်ကြီးမြို့မှ လာရောက်လည်ပတ်သူ မဝင်းသန္တာအေး က “ကျွန်မတို့အဖွဲ့က တောင်ကြီးကနေ လာတာပါ။ ပန်းပွဲတော်ရှိတာကို လူမှုကွန်ရက်စာမျက်နှာကနေသိလို့ သင်တန်း လာတက်ရင်း သူငယ်ချင်းတွေနဲ့စုပြီး လာရောက်လည်ပတ်တာဖြစ်ပါတယ်။  အခု ပထမဆုံးအကြိမ် ပန်းပွဲတော်ကို ရောက်ဖူးတာပါ။ ပန်းပြကွက်မျိုးစုံနဲ့ ခင်းကျင်းပြသထားတာကိုမြင်ရတော့ တစ်နှစ်ပတ်လုံးအလုပ်မှာ ပင်ပန်းသမျှတွေ ပြေပျောက်လန်းဆန်း သွားသလိုခံစားရတယ်။ ပန်းအစစ်တွေနဲ့ သုံးထားတာကိုတော့ သဘောကျမိပါတယ်။ အထူးသဖြင့် သစ်ခွကို အခုလို ဒီဇိုင်းလုပ်ထားတာ ပိုသဘောကျပါတယ်။ ဝင်ကြေးသတ်မှတ်ထားတာလည်း ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ အကြံပေးချင်တာကတော့ ပန်းတွေကိုပိုစုံပြီး ပိုလှစေချင်တယ်၊ လာလည်တဲ့သူ တွေကိုလည်း အမှိုက်တွေ သေချာစွန့်ပစ်စေချင်တယ်၊ ဒါ့ကြောင့် အမှိုက်ပုံးတွေကို နေရာတိုင်းမှာ ထားပေးစေချင်ပါတယ်” ဟု ပြောသည်။

လာရောက်လည်ပတ်သူများသည် နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ ကနဦးလာရောက်လည်ပတ်ကြပြီး နေပြည်တော်၏ အထင်ကရနေရာများဖြစ်သည့် ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော်ဗုဒ္ဓဂယာ (ဖွား၊ပွင့်၊ဟော၊စံ)၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ ဆာဖာရီဥယျာဉ်နှင့် တိရစ္ဆာန်ဥယျာဉ်တိုကိုလည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။ 

သတင်းနှင့်ဓါတ်ပုံ- ဟိန်းမင်းစိုး