နေပြည်တော်၊ မကွေး၊ ပဲခူး နှင့် ကရင်တို့တွင် နောက်(၂)ရက်အတွင်း နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်

၁၀  မတ်

ယနေ့ နံနက် ၇ နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာပါသည်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် လှိုင်းအမြင့် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

ယနေ့ညနေအထိ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက် အနေဖြင့်  နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။

MDN